အခန်း ၅၃၄
Vol. 36 Ch. 534
အခန်း ( ၅၃၄ ) မင်းနဲ့ ချိန်းတွေ့မယ်။
အရေးကြီး အခမ်းအနား တစ်ခုကို လုပ်နေသလို တည်ငြိမ်နေသော ဟောက်ချန်ဟွမ်းရဲ့ အမူအရာကို မြင်ချိန်မှာ စုယန်ယန် တစ်ယောက် ရယ်ရမလား ၊ ငိုရမလား မသိတော့ပါ။
သူတို့ နှစ်ယောက်ရဲ့ နောက်မှာ သူတို့ကို လက်ညိုးထိုး ညွှန်ပြရင်း တီးတိုပြောနေကြသော လူတွေ ရှိနေတာမို့ သူတို့ နှစ်ယောက်လုံး အလွန် စိတ်ကသိကအောက် ဖြစ်လာကြသည်။
ရှက်ရွံ့နေသည့် စုယန်ယန်က အရှေ့တိုးကာ ဟောက်ချန်ဟွမ်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။ သူမ တစ်ချက် ခုန်လိုက်ကာ ဟောက်ချန်ဟွမ်းကလည်း သူမရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်သည်။
သေစမ်း … ။ မလှမ်းမကမ်းကနေ တိတ်တိတ်ကလေး စောင့်ကြည့်နေကြသော လူများသည် လူမြင်ကွင်းမှာ သည်းသည်းလှုပ် ချစ်ပြနေသည့် နည်းလမ်း အသစ်ကြောင့် ကြက်သေ,သေသွားခဲ့ကြလေသည်။
ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ကားထဲသို့ ပွေ့ချီခေါ်သွားစဉ်မှာ စုယန်ယန်ရဲ့ ပုံစံက ချက်ပြုတ်ထားသော ပုဇွန်လေး တစ်ကောင်လို ဖြစ်နေခဲ့သည်။ သေချင်ယောင်ဆောင်နိုင်ပါစေဟု ဆုတောင်းကာ မျက်လုံးတွေကို အုပ်ထားလျက် ဟောက်ချန်ဟွမ်းရဲ့ ရင်ခွင်ထဲမှာ ပုဇွန်ဆိတ်လေး တစ်ကောင်လို ကွေးနေမိသည်။
ဟောက်ချန်ဟွမ်းက သူမကို ကြည့်ပြီး စနောက်ချင်စိတ်ကို ထိန်းမရပေ။ သူ ခပ်တိုးတိုး ရယ်လိုက်သည်။ “ မင်းပဲ ကိုယ် ဒီလို လုပ်ပေးမှာကို မျှော်လင့်နေတာ မဟုတ်ဘူးလား။ အဲ့ဒါကို အခု ဘာလို့ ရှက်နေတာလဲ။ ”
ဘယ်လိုလုပ် တူမှာလဲ။ အဲ့ဒီတုန်းက ဂိမ်းထဲမှာ သူတို့ နှစ်ယောက်တည်း ရှိတာလေ။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ မြင်နိုင်မှာ မဟုတ်သောကြောင့် သူမ လုပ်ချင်တာ မှန်သမျှ လုပ်လို့ ရသည်။
အခုက သူစိမ်းတွေ အများကြီး ရှိတဲ့ လူမြင်ကွင်းကြီးထဲမှာပါ။
အရေးအကြီးဆုံးကတော့ လူစိမ်း အများစုဟာ သူမရဲ့ လောလောလတ်လတ် ‘ ကျောင်းသားတွေ ’ ဖြစ်နေတာပင်။
သူမက ကျောင်းမှာ ကျောင်းသားတွေကို အထင်မှားအောင် ၊ အတုယူမှားအောင် ရှေ့ဆောင်လမ်းပြ လုပ်ရမှာလား။
စုယန်ယန်ရဲ့ စိတ်ထဲမှာ မကျေမနပ် စကားတွေ ပြည့်နှက်နေသည်။ သူမ စိတ်နှင့်ကိုယ် ပြန်ကပ်လျှင် ကားက လုံးဝ မရင်းနှီးသော လမ်း တစ်လမ်းပေါ်မှာ ရောက်နေကြောင်း သဘောပေါက်သွားသည်။
“ ဒါ အိမ်ပြန်တဲ့ လမ်း မဟုတ်ဘူးမို့လား။ ကျွန်မတို့ အိမ်ပြန်နေတာ မဟုတ်ဘူးလား။ ”
“ ကိုယ် အိမ်မပြန်ဘူး။ ” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ လက်ကို နူးနူးညံ့ညံ့ ဆုပ်ကိုင်ပြီး ပြုံးပြလိုက်သည်။ “ ကိုယ် မင်းနဲ့ ချိန်းတွေ့ဖို့ တစ်နေရာကို ခေါ်သွားနေတာလေ။ ”
“ ကျွန်မနဲ့ ချိန်းတွေ့ဖို့ တစ်နေရာကို ခေါ်သွားနေတာ … ” စုယန်ယန် ဆက်လက် ရှက်ရွံ့မနေတော့ပါ။ “ ကျွန်မတို့ ဘယ်ကို သွားနေတာလဲ။ ”
“ ကိုယ်တို့ ရောက်ရင် မင်း သိမှာပေါ့။ ” ဟု ဟောက်ချန်ဟွမ်းက ပြန်ပြောသည်။
စုယန်ယန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မျှော်လင့်စောင့်စားနေမိသည်။ သူမတို့ လက်ထပ်ပြီးပြီ ဆိုပေမဲ့ ချိန်းတွေ့တာ အတော် ရှားပါးသည်။
အရင်တုန်းက ဟောက်ချန်ဟွမ်းက ခြေထောက် ပြဿနာတွေကြောင့် လူထူထပ်တဲ့ နေရာတွေကို သွားရတာ မကြိုက်ပေ။
ဟောက်ချန်ဟွမ်း ပြန်သက်သာလာပြီးနောက်ပိုင်း ဒါက သူတို့ရဲ့ ပထမဆုံး ဒိတ် ဖြစ်သည်။
သူမမှာ မျှော်လင့်ချက် တချို့ ရှိနေတယ် ဆိုတာကိုတော့ စုယန်ယန် မငြင်းဆန်နိုင်ပါ။
ကားက ဝေးလံသော တောင် တစ်လုံးကို ကွေ့ပတ်သွားနေသည်။ တောင်က သိပ်မကြီးသော်လည်း ကောင်းစွာ ကာကွယ်ထားသော ပတ်ဝန်းကျင်က စိမ်းလန်းစိုပြည်နေကာ ညဘက်ဆို တိရစ္ဆာန်ငယ်လေးတွေရဲ့ ကျီကျီကျာကျာ အော်မြည်သံတွေကို ခပ်သဲ့သဲ့ ကြားနိုင်သည်။
ဒီလို နေရာမျိုးက A မြို့တော်မှာ ရှားသည်။
တောင်တက်လမ်း တစ်ဝက်ကနေ ကားကို ချိုးကွေ့လိုက်လျှင် ကျောက်သားများဖြင့် ထွင်းဆစ်ပြုလုပ်ထားသော လှေကား တစ်စင်းကို ဘွားခနဲ မြင်လိုက်ရသည်။ သူတို့ ရှေ့ဆက် ကားမောင်းသွားလို့ မရတော့။
စုယန်ယန်သည် ကားပေါ်ကနေ ဆင်းကာ ရှည်လျားသော ကျောက်သား လှေကားထစ်တွေနှင့် ဘေးတစ်ဖက်တစ်ချက်ရှိ မီးရောင်မှိန်မှိန်ကို ကြည့်လိုက်မိသည်။ သူမ အံ့ဩသွားသလို စူးစမ်းချင်စိတ်လည်း ပြင်းပြသွားသည်။ “ ရှင် ဆက်သွားဦးမှာလား။ ”
“ အင်း။ ” ဟောက်ချန်ဟွမ်းက သူ ဆယ်နှစ်နီးပါး မရောက်ခဲ့ရသော နေရာကို ကြည့်လိုက်သည်။
“ သွားကြမယ်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်း အမူအရာပြောင်းလဲသွားတာကို သတိပြုမိလိုက်ကာ သူမရဲ့ ပင်ကိုယ်အသိစိတ်က သူ့စိတ်ထဲမှာ တစ်စုံတစ်ခု ရှိနေကြောင်း လာပြောပြသည်။
ညဘက် တောင်တန်း တစ်လျှောက် ဖြတ်တိုက်နေသော လေပြည်က အနည်းငယ် အေးစိမ့်စိမ့်နိုင်သည်။ သူတို့ နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ် ပွတ်တိုက်ဖြတ်ပြေးသွားသော ညလေ တစ်သုတ်က မောပန်းနွမ်းနယ်မှုနှင့် အပူဓာတ်တွေ အများကြီးကိုပါ ဖယ်ရှားသွားသည်။
အဲ့လို ဆိုရင်တောင် စုယန်ယန်ကတော့ ခံနိုင်ရည် မရှိတော့ပေ။
တစ်နေ့ခင်းလုံး အတန်းထဲမှာ မတ်တပ်ရပ်ခဲ့ရပြီး အခုလည်း အကြာကြီး လမ်းလျှောက်နေရတာမို့ သူမရဲ့ ခြေသလုံး ကြွက်သားတွေက စတင် ကိုက်ခဲလာသည်။
ဟောက်ချန်ဟွမ်းကလည်း ထိုအရာကို သတိထားမိပုံပေါ်ကာ စုယန်ယန်ရှေ့မှာ ခြေလှမ်းရပ်လိုက်၏။ နောက်ကျောကို သူမဘက် ပေးထားရင်း “ ကိုယ် ကုန်းပိုးပေးမယ် ” ဟု ပြောလိုက်သည်။
စုယန်ယန် အံ့အားသင့်သွားသည်။ “ ရတယ် ၊ ရတယ်။ ကျွန်မ လမ်းလျှောက်နိုင်ပါသေးတယ်။ ”
ဟောက်ချန်ဟွမ်းက သူမကို လှည့်ကြည့်ကာ အပြုံးယဲ့ယဲ့ဖြင့် ပြန်ပြောခဲ့သည်။ “ ကိုယ် မင်းကို ကုန်းမပိုးနိုင်ဘူးလို့ မင်း ထင်နေတာလား။ ”
စုယန်ယန် ပြောစရာစကားမရှိ ဖြစ်သွားသည်။ အဲ့ဒါက အမှန်တရား ဆိုပေမဲ့ သူမကို ဝတယ်လို့ မကျေမနပ် ပြောနေသလို ခံစားရလေသည်။