အခန်း ၅၃၆
Vol. 36 Ch. 536
အခန်း ( ၅၃၆ ) ကိုယ် မင်းကို ဒီတိုင်းလေး ကုန်းပိုးထားရတာ သဘောကျတယ်။
ခဏကြာအောင် အနားယူပြီးသွားတဲ့အထိ ခွေးလေးဟာ လက်မလျှော့သေးပေ။ တစ်ဖက်ကို ပြန်လှည့်ကာ လှေကားပေါ် နောက်တစ်ခေါက် ထပ်တက်ချင်နေသေးသည်။
သွမ်းသွမ်းကို တိတ်တဆိတ် စောင့်ကြည့်နေသော ရိုလီပိုလီက သူ့ရယ်ရွယ်ချက်ကို နောက်ဆုံးတော့ နားလည်သွား၏။ သူမလေးက လက်ကို ဆန့်ထုတ်ကာ ခွေးလေးကို ကြမ်းပြင်ပေါ်ကနေ ထပ်မံ ကောက်ယူပြီး ပခုံးပေါ် တင်လိုက်သည်။
မျှော်လင့်မထားစွာဖြင့် သွမ်းသွမ်းက လေထဲမှာ ထပ်ပြီး အဖမ်းခံလိုက်ရပြန်သည်။ အဆက်မပြတ် ရုန်းကန်ခါယမ်းနေသော သူ့ခြေတံတိုလေးတွေက နောက် ၁ စက္ကန့်အတွင်းမှာပဲ ရိုလီပိုလီရဲ့ ပခုံးပေါ် တွင် ကျကျနန အနေအထားသို့ ပြောင်းလဲသွားသည်။
သွမ်းသွမ်းသည် ဆွံ့အသွားကာ အောက်က ကြမ်းပြင်ကို ငုံ့ကြည့်လိုက်မိသည်။
အိုး ၊ ငါ့သခင်မနဲ့ ခွေးအဖေ ရှိနေတဲ့ နေရာနဲ့ ငါ့ကြားက အကွာအဝေးကို ဖယ်လိုက်ရင် ဒီကြမ်းပြင်နဲ့ ငါ့ကြားက အကွာအဝေးက အဝေးဆုံးပဲ။
ဒါပေမဲ့ သွမ်းသွမ်းကတော့ ထိုအနေအထားနှင့် ပတ်သက်လို့ စိတ်မကျေနပ်သေးပေ။ သူနှင့် လက်မ အနည်းငယ်သာ ဝေးကွာနေသော ရိုလီပိုလီရဲ့ ခေါင်းဝိုင်းဝိုင်းလေးကို သူ လှည့်ကြည့်လိုက်သည်။ ဘာကိုမှ တွေးမနေဘဲ သူ နောက်တစ်ခေါက် ခုန်အုပ်ပစ်လိုက်သည်။
ရိုလီပိုလီရဲ့ မျက်နှာပြင်က အလွန် ချောမွတ်နေသောကြောင့် သူ ချော်ကျတော့မလို ဖြစ်သွားရသည်။ နောက်ဆုံးမှာတော့ ရိုလီပိုလီသည် သွမ်းသွမ်းကို သူမလေးရဲ့ ခေါင်းပေါ်သို့ တွန်းတင်ကာ သွမ်းသွမ်းရဲ့ တင်ပါးလေးကို လက်ဖြင့် ပုတ်လိုက်၏။
ရန်သူရဲ့ ခေါင်းပေါ်သို့ အောင်မြင်စွာ တွယ်တက်နိုင်ခဲ့သော သွမ်းသွမ်းသည် ဘဝရဲ့ အထွတ်အထိပ်သို့ ရောက်ရှိသွားသလို ခံစားလိုက်ရပြီး အကြိမ် အနည်းငယ် ပျော်ရွှင်စွာ ဟောင်လိုက်သည်။
“ အဟမ်း ၊ မင်းက အရမ်း အမြော်အမြင်ရှိနေတယ် ဆိုတော့ မင်းကို ငါ့လက်အောက်ငယ်အားအဖြစ် လက်မခံချင်ပေမဲ့လည်း လက်ခံလိုက်ပါ့မယ်လေ။ ”
သူလေးက ရိုလီပိုလီရဲ့ ခေါင်းကို ပုတ်ကာ သူ့ကို အပေါ်ထပ် ခေါ်သွားပေးဖို့ အချက်ပြလိုက်သည်။
“ ညီလေးရေ ၊ ချီတက်ကြမယ်ဟေ့။ ”
မရေမတွက်နိုင်သော အခက်အခဲပေါင်းမြောက်များစွာကို ဖြတ်ကျော်ခဲ့ပြီးနောက် စက်ရုပ် တစ်ရုပ်နှင့် ခွေး တစ်ကောင်သည် ဒုတိယထပ်ကို အောင်အောင်မြင်မြင် ရောက်ရှိသွားပြီး သူတို့ရဲ့ စူးစမ်းရှာဖွေမှုကို စတင်ပါတော့သည်။
သူတို့လေး နှစ်ယောက်ကြားက အပြန်အလှန် ဆက်ဆံမှုကို မလှမ်းမကမ်းကနေ မှတ်တမ်းတင် ရိုက်ကူးနေသော ဦးလေးကျန်းသည် သူ့အောင်မြင်မှုနှင့် ကျော်ကြားမှုကို ဖုံးကွယ်ထားသော အပြုံးလေးဖြင့် ပြုံးလျက် ရိုက်ကူးခြင်းကို လက်စသတ်လိုက်၏။
အိမ်မှာ ရှိတဲ့ ကောင်ကလေးမှာ ဖျော်ဖြေရေး တန်ဖိုးတွေ အများကြီး ရှိနေတာက တကယ့်ကို အောင်ပွဲခံလောက်ပါသည်။
သို့သော်လည်း ဒီ သေးသေးလေး နှစ်ယောက်က ပျင်းစရာကောင်းလွန်းသည်။ သခင်လေးနှင့် သခင်မလေးတို့ အတူ ကြိုးစားပြီး ကလေး တစ်ယောက် ၊ နှစ်ယောက်လောက် မြန်နိုင်သမျှ အမြန်ဆုံး မွေးလာပါစေလို့ သူ မျှော်လင့်မိသည်။ အချိန်တန်လာသောအခါ သွမ်းသွမ်းနှင့် ရိုလီပိုလီ အပါအဝင် ကလေး သေးသေးလေး နှစ်ယောက်လောက်ဟာ အတူတကွ ဆော့ကစားနေကြလိမ့်မည်။ ထို့သို့ တွေးကြည့်ရုံဖြင့် သူ့နှလုံးသား လှုပ်ခါလာ၏။
“ ဟပ်ချိုး။ ” စုယန်ယန်သည် ဦးလေးကျန်းရဲ့ နှလုံးသားထဲမှ လာသော ဆုတောင်းကို အာရုံခံမိသကဲ့သို့ မထိန်းနိုင်ဘဲ နှာချေလိုက်မိသည်။
ဟောက်ချန်ဟွမ်းက ချက်ချင်းလက်ငင်း စိတ်ပူသွားသည်။ “ မင်း အအေးမိတာလား။ ”
“ ဟင့်အင်း။ တစ်ယောက်ယောက်က ကျွန်မအကြောင်း တွေးနေလို့ ကျွန်မ နှာချေတာ ထင်တယ်။ ”
“ မင်း ချမ်းလာရင် ကိုယ့်ကို မပြောဘဲ မနေနဲ့နော်။ ”
စုယန်ယန်သည် လောလောဆယ် ချမ်းမနေသော်လည်း အကယ်၍ သူမသာ ချမ်းနေလျှင် ဟောက်ချန်ဟွမ်း ဘာလုပ်မှာလဲ ဆိုတာ သိချင်မိသည်။
“ ကျွန်မ ချမ်းနေရင် ရှင်က တီဗီ ဒရာမာတွေထဲက အမျိုးသား ဇာတ်လိုက်တွေလို ရှင် ဝတ်ထားတဲ့ အင်္ကျီ ကို ချွတ်ပြီး ခြုံပေးမှာလား။ ”
ဟောက်ချန်ဟွမ်းက စက္ကန့်ပိုင်းလောက် တုံ့ခနဲ ခြေလှမ်းရပ်သွားသည်။ “ မင်း အဲ့ဒါကို သဘောကျတယ် ဆိုရင် ကိုယ် အဲ့လိုလည်း လုပ်ပေးနိုင်ပါတယ်။ ”
“ အဲ့ဒါ ဘာအဓိပ္ပာယ်လဲ။ တခြား စကားနဲ့ ပြောရရင် ရှင် အစကတည်းက အဲ့လိုမျိူး လုပ်ဖို့ အစီအစဉ် မရှိဘူး မဟုတ်လား။ ဒါဆို ရှင် ဘာလုပ်ချင်တာလဲ။ ”
“ အိမ်ပြန်မယ်လေ။ မင်း ချမ်းလာရင် ကိုယ်တို့ အိမ်ပြန်ကြမယ်။ ”
စုယန်ယန် ဆွံ့အသွားသည်။ ဒါ ဘယ်လောက်တောင် တည့်တိုးဆန်လိုက်တဲ့ အဖြေကြီးလဲ … ။ သူမ တကယ် ချမ်းနေလျှင် အိမ်ပြန်သင့်သော်လည်း သူမ အဲ့လို ဖြေလိုက်ပါက သူမ တစ်ယောက်တည်း အထီးကျန်ဖို့ လွယ်သွားလိမ့်မည်ပင်။
စုယန်ယန်မှာ ပြောစရာ စကားတွေ ပျောက်ရှသွားသော်လည်း ဟောက်ချန်ဟွမ်းက ဆက်မေးနေသည်။ “ မင်း ချမ်းနေလား။ ”
“ ကျွန်မ လုံးဝ မချမ်းဘူး။ အခု အရမ်းကို ပူအိုက်နေတာ။ သေလောက်အောင်ကို ပူနေတာ။ ” သူမအတွက် ဒီနေရာထိ ရောက်အောင် တက်ဖို့ လွယ်ကူခဲ့တာ မဟုတ်။ သူမ အခုထိ ဘာရှုခင်းကိုမှ မကြည့်ရသေးဘူးလေ … ။ သူမ ရှုခင်းတောင် မကြည့်ရသေးတဲ့ဟာကို သူက သူမကို အခု အိမ်ပြန်စေချင်နေတာလား။ စဉ်းတောင် မစဉ်းစားနဲ့ … ။
ဟောက်ချန်ဟွမ်းကတော့ သူမအဖြေကြောင့် အံ့ဩသွားပုံမပေါ်ဘဲ ခပ်တိုးတိုး ရယ်ရင်း ပြန်ပြောသည်။ “ ခဏလောက် တောင့်ထားဦး။ ကိုယ်တို့ အဲ့ဒီကို ရောက်ခါနီးပြီ။ ”
စုယန်ယန် တစ်ယောက် ပြောစရာစကားပင် မရှိတော့ပေ။ သူမ ဘာလို့ ငြင်းခုံနေရမှာလဲ။ သူမကိုယ်တိုင် ဘာမှ အားစိုက်ထုတ်စရာမလိုဘဲနဲ့ သူများကျောပေါ်မှာ သက်သောင့်သက်သာလေး ကုန်းပိုးခံနေရတာ ဖြစ်သည်။
စုယန်ယန်သည် ထိုအတွေးကြောင့် ဘာကိုမှ ညည်းညူမနေဖို့ ဆုံးဖြတ်လိုက်သည်။ သူမ တိုးတိုးလေး ပြောလိုက်၏။ “ ရှင် ပင်ပန်းနေပြီလား။ ရှင် ကျွန်မကို အောက်ချလိုက်ပါလားဟင်။ ကျွန်မဘာသာ လမ်းလျှောက်လို့ အဆင်ပြေပါတယ်။ ”
“ ကိုယ် မပင်ပန်းပါဘူး။ ကိုယ် မင်းကို ဒီတိုင်းလေး ကုန်းပိုးထားရတာ သဘောကျတယ်။ ” အတိတ်တုန်းက သူ့မှာ သူမကို ကုန်းပိုးဖို့ အခွင့်အရေးမရခဲ့ပေမဲ့ အခုတော့ အခွင့်အရေးရလာခဲ့ပြီ ဖြစ်သည်။ သူမကို အကြာကြီး ကုန်းပိုးနိုင်စေရန် အတွက် ဒီခရီးဟာလည်း ပိုလို့ ရှည်ကြာစေဖို့ သူ မျှော်လင့်သည်။