အခန်း ၅၃၇
Vol. 36 Ch. 537
အခန်း ( ၅၃၇ ) လူချမ်းသာတွေရဲ့ ပျော်ရွှင်မှု။
စုယန်ယန်သည် ပျော်ရွှင်ကျေနပ်သွားသော ပုံစံလေးဖြင့် ရှက်သွေးဖြာသွားမိသည်။
တည်ငြိမ်သလို ဟန်ဆောင်ရန်အတွက် သူမ အရှေ့ဘက်ကို မကြည့်ရဲတော့ပေ။ ထိုအစား လူသွားလမ်း ဘေးတစ်ဖက်တစ်ချက်ရှိ ခြံစည်းရိုးအောက်က ညရှုခင်းနှင့် တောအုပ်လေးကို လှည့်ကြည့်မိသည်။
တောင်တန်း တစ်ဖက်က ပင်လယ်ကို မျက်နှာမူထားပြီး တခြား တစ်ဖက်ကတော့ A မြို့တော်ကို မျက်နှာမူထားသည်။ သူတို့ ရောက်နေသော နေရာကနေ ကြည့်လျှင် A မြို့တော် တစ်မြို့လုံးနီးပါးကို မြင်နိုင်ပါသည်။
မြို့ရဲ့ မီးရောင်တွေက နဂါးငွေ့တန်းကဲ့သို့ အလင်းရောင်တွေ ဖြာထွက်လျက် နေရာ တစ်နေရာတည်းမှာ လာစုဆုံနေသော်လည်း နဂါးငွေ့တန်းထက် ပိုလို့ ဆူညံပူနွေး၏။
“ ဒီနေရာက ဝေးပေမဲ့ ရှုခင်း အရမ်း လှတယ်နော်။ ဒီကို လာလို့ သိပ်မလွယ်တာ တစ်ခုပဲ။ မဟုတ်ရင် ဒီနေရာကို လူတွေ အများကြီး နေ့တိုင်း လာဆော့ကြလိမ့်မယ်။ ဒါပေမဲ့ အဲ့လိုသာ ဆိုရင် ဒီနေရာရဲ့ ပတ်ဝန်းကျင်ကိုလည်း သေချာ ကာကွယ်လို့ မရလောက်ဘူး။ ”
ဟောက်ချန်ဟွမ်းသည် သူမရဲ့ စကားတွေကို ကြားအပြီးမှာ ခဏလောက် နှုတ်ဆိတ်သွားခဲ့သည်။ သူ အသံအက်အက်ဖြင့် ပြောလိုက်သည်။ “ ဒီနေရာက ပိုင်ရှင် ရှိတဲ့ သီးသန့် နယ်မြေပါ။ ခွင့်ပြုချက်မရှိဘဲနဲ့ ဘယ်သူမှ အလွယ်တကူ ဝင်လာလို့ မရဘူး။ ”
“ ပိုင်ရှင် ရှိတဲ့ သီးသန့် နယ်မြေ .. ဟုတ်လား။ ” စုယန်ယန်သည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း တစ်စုံတစ်ခုကို နားလည်သွားပုံပေါ်သည်။ သူမ ဟောက်ချန်ဟွမ်းကို မေးဖို့ ပါးစပ်ပြင်နေစဉ်မှာပဲ ဟောက်ချန်ဟွမ်းက သူမကို စကားဖြတ်ပြောခဲ့သည်။ “ ကဲ .. ကိုယ်တို့ ရောက်ပြီ။ ”
“ ရောက်ပြီလား။ ” စုယန်ယန် အံ့ဩသွားသည်။ ဟောက်ချန်ဟွမ်းရဲ့ ကျောပေါ်ကနေ ပတ်ဝန်းကျင်ကို သေချာ အကဲခတ်ရင်း သူမ ပါးစပ်အဟောင်းသား ဖြစ်သွားမိလေသည်။
လွင်ပြင်ကျယ်ပေါ်မှာ လှပသော ပန်း မျိုးစုံကို စိုက်ပျိုးထားသည်။ မြက်ခင်းစိမ်းနှင့် ပန်းတွေက နံရံတွေရဲ့ ပတ်ပတ်လည်နှင့် သတ္ထုဖြင့် ပြုလုပ်ထားသော ပေါင်းကူးတံတားတွေကို ရစ်ပတ်နွယ်တက်နေသည်။ အမြင်ရှုပ်ပုံပေါ်သော်လည်း တကယ်တမ်းမှာ ထင်သလောက် အမြင်မရှုပ်ပေ။
သေချာ ရိတ်ထားသော မြက်ခင်းလေးအပြင် ခြံဝန်းအလယ်မှာ ရေကန်လေး တစ်ကန်လည်း ရှိသည်။ ရေကန် အစွန်းတစ်ဖက်မှာ စီတန်းစိုက်ပျိုးထားသော ကျူးလစ်ပန်းတွေလည်း ရှိကာ ထိုကျူးလစ်ပန်းတွေအနီး ရေထဲမှာ ကူးခတ်နေသော ငါးလေးကိုလည်း ဝိုးတိုးဝါးတား မြင်နိုင်သည်။
ရေကန်ထဲမှာ ရှိနေတဲ့ ရေတွေကလည်း တောင်ပေါ်စမ်းချောင်းထဲကနေ စီးဆင်းလာသော နွေဦးစမ်းရေတွေ ဖြစ်လိမ့်မည်။ နွေဦးစမ်းရေတွေက ရေကန်လေးထဲ စီးဝင်သွားကာ ရေကန်ထဲမှာ ရှိနှင့်ပြီးသား ရေတွေနှင့် ပေါင်းစပ်ယှဉ်တွဲ စီးဆင်းနေပါသည်။
မှိန်ဖျော့ဖျော့ မီးရောင်နှင့် လရောင်အောက်က ခြံဝင်းလေးကို မှုန်ဝါးဝါး အလင်းရောင်က ဖုံးလွှမ်းထားပုံမှာ နတ်သမီးပုံပြင်ထဲက လျို့ဝှက်ဥယျာဉ်လေးနှင့်ပင် တူနေသေးရဲ့။
ကျွန်းပေါ်မှာ သူမ မြင်ဖူးခဲ့သော စံအိမ်ကြီးကို လုံလုံလောက်လောက် လှပြီဟု စုယန်ယန် ထင်ထားခဲ့သော်လည်း အခု ဒီနေရာကို မြင်တော့မှ ‘ တစ်စုံတစ်ခုထက် ပိုကောင်းတဲ့ တစ်စုံတစ်ခု အမြဲ ရှိတယ် ’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို နောက်ဆုံးမှာ နားလည်သွားလေသည်။
“ ဒီနေရာ ဘယ်လိုနေလဲ။ ”
“ လှတယ်။ အရမ်း လှတာပဲ။ ရှင် ဒီနေရာကို ဘယ်လို ရှာတွေ့ထားတာလဲဟင်။ ဒီနေရာက အရမ်း … ”
ဟောက်ချန်ဟွမ်းသည် သူမမျက်နှာပေါ်က အံ့ဩသွားသော အပြုံးလေးကို ကြည့်ကာ သူပါ လိုက်မပြုံးမိဘဲ မနေနိုင်ပေ။ “ ဒီနေရာက ကိုယ့်အဖေ ကိုယ့်အမေကို ချစ်ရေးဆိုခဲ့တဲ့ နေရာလေ။ ”
“ ရှင့်အဖေနဲ့ အမေ ….. ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လိုက်သည်။ “ ဒါဆို ဒီတောင်က … ရှင် ပြောထားသလို ပုဂ္ဂလိက ပိုင်ဆိုင်မှု ဆိုရင် … ”
“ ဒါ ပုဂ္ဂလိက ပိုင်ဆိုင်မှုပဲလေ။ ကိုယ့်အဖေက ကိုယ့်အမေကို အောင်အောင်မြင်မြင် ချစ်ရေးဆိုပြီးတဲ့နောက်ပိုင်း ဒီတောင်ကို သူတို့ရဲ့ အမှတ်တရ နယ်မြေအဖြစ် ဝယ်ခဲ့တာ။ နောက်ပိုင်း ကိုယ့်အမေရဲ့ ဆန္ဒကြောင့် ကိုယ့်အဖေက တောင်ပေါ်မှာ ဒီနေရာလေးကို ဆောက်ပေးခဲ့တယ်။ ”
စုယန်ယန် ဘာပြောလို့ ပြောရမှန်း မသိတော့။ သူ့အဖေက ဒီတောင်ကို ဘာမှ မထူးဆန်းသလို ဝယ်ယူခဲ့တာ ဖြစ်သည်။ လူချမ်းသာတွေရဲ့ ပျော်ရွှင်မှု ဆိုတာ သာမန်လူတွေ စိတ်ကူးယဉ်ကြည့်လို့ရသော အရာမျိုး မဟုတ်ပေ။
စု မိသားစုမှာ ပိုင်ဆိုင်မှု တချို့ ရှိသည် ဆိုလျှင်တောင် သူတို့နှင့် ဟောက်မိသားစုကြား ကွာဟမှု ရှိနေပါသေးသည်။
အနည်းဆုံးတော့ သူမအစ်ကို သို့မဟုတ် အဖေက ဒီတောင်ကို ဘယ်လောက်ပဲ သဘောကျပါစေဦး ၊ အမှတ်တရ ပစ္စည်း တစ်ခုအဖြစ် ဝယ်ယူရန် အတွက် ပိုက်ဆံတွေ အများကြီး သုံးဖို့ ဆိုတာ မဖြစ်နိုင်ပေ။
“ ဒီနေရာကို တည်ဆောက်ပြီးစီးသွားလို့ သိပ်မကြာခင်မှာပဲ ကိုယ့်အဖေက ဒီခြံဝင်းကို လက်ထပ်ခန်းဝင်ပစ္စည်းအဖြစ် ကိုယ့်အမေရဲ့ နာမည်အောက်ကို လွှဲပြောင်းပေးခဲ့တာ။ ”
သူမဆီ လွှဲပြောင်းပေးထားသော ကျွန်းနှင့် စံအိမ်ကြီးကို စုယန်ယန် ပြန်သတိရသွားသည်။
စုယန်ယန် ဆွံအသွားမိသည်။ ဒါဆို လက်ထပ်ပြီးတဲ့နောက်ပိုင်း ဇနီးဖြစ်သူကို ပိုင်ဆိုင်မှုတွေ အများကြီး လွှဲပြောင်းပေးတာ ရှင်တို့မိသားစုရဲ့ ဓလေ့ထုံးတမ်းပေါ့ … ။
အနာဂတ်မှာ သူမလည်း သားလေး တစ်ယောက် မွေးလာရင် သူ့ဇနီးလောင်းလေးအတွက် ကျွန်း တစ်ကျွန်း ၊ ဒါမှမဟုတ် တောင် တစ်လုံးကို ကူညီပြင်ဆင်ပေးရမှာ မဟုတ်လား။