← Chapters

အခန်း ၅၃၈

Vol. 36 Ch. 538

အခန်း ၅၃၈

Vol. 36 Ch. 538

အခန်း ( ၅၃၈ ) အဖိုးတန် အမှတ်တရများ။

သူမ ဟောက်မိသားစုနှင့် လက်ထပ်ပြီးကတည်းက လူချမ်းသာ မိသားစု တစ်စုရဲ့ ကြီးကျယ်ခမ်းနားမှုကို မျက်မြင် တွေ့ဖူးတာ ဒါ ပထမဆုံး အကြိမ် ဖြစ်သည်။

‘ အာ ၊ ဒါဆို ငါ ချမ်းသာတဲ့ မိသားစုနဲ့ တကယ် လက်ထပ်မိခဲ့တာပဲ ’ ဟူသော ခံစားချက် တစ်မျိုးကို ပထမဆုံးအကြိမ်အဖြစ် ခံစားလိုက်ရသည်။

“ ကိုယ့်မိဘတွေ ဆုံးသွားတော့ ဒီတောင်က ကိုယ့်အပိုင် ဖြစ်လာခဲ့တယ်။ အခု … ” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို စနောက်ချင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ “ အခု ဒီတောင်က မင်းအပိုင် ဖြစ်သွားပြီ။ ”

စုယန်ယန်သည် အိပ်မက်မှ လန့်နိုးလာသကဲ့သို့ ခန္ဓာကိုယ်လေး ဆတ်ခနဲ တုန်သွား၏။ “ ဟင့်အင်း ဟင့်အင်း ၊ မဟုတ်တာ။ မလိုပါဘူး။ ကျွန်မမှာ ရှင် ပေးထားတဲ့ ကျွန်း ရှိနေပြီပဲ။ ရှင့်မိဘတွေက ဒီနေရာကို ရှင့်အတွက် ချန်ထားခဲ့တာပါ။ ကျွန်မ လက်မခံနိုင်ဘူး။ ”

ထိုသို့ ပြောနေသော စုယန်ယန်ကြောင့် ဟောက်ချန်ဟွမ်း သူမကို မစနောက်ဘဲ မနေနိုင်တော့ပေ။ “ ယောက်ျားတွေက ပိုက်ဆံလေး ရှိလာတာနဲ့ အကျင့်ပျက်ဖို့ လွယ်တယ်လို့ မနေ့တုန်းက ပြောခဲ့တာ ဘယ်သူလဲ။ အဲ့ဒါဆို မင်းက ကိုယ့်ပိုက်ဆံတွေကို စီမံခန့်ခွဲပေးသင့်တယ်လေ။ အခု ကိုယ်က မင်းကို ဒီတောင်လေးကိုပဲ ပေးနေတာကို မင်းက ဘာလို့ လက်မခံရဲရတာလဲ။ ”

“ ကျွန်မ လက်မခံရဲတာ မဟုတ်ပါဘူး။ ဒီတိုင်း … ”

“ ဒီတိုင်း ဘာဖြစ်တာလဲ။ ”

“ ဒီနေရာက ရှင့်အတွက် အရမ်းကို ထူးခြားပြီး အဓိပ္ပာယ်ရှိတဲ့ နေရာ ဖြစ်နေလို့ပေါ့။ ပြီးတော့ အရမ်းလည်း တန်ဖိုးကြီးတယ်။ ကျွန်မ ဒါကို လက်မခံနိုင်ဘူး။ ”

“ ဒီနေရာက ကိုယ့်အတွက် အဓိပ္ပာယ်ရှိလို့ပဲ ကိုယ် မင်းကို ဒီကို ခေါ်လာခဲ့တာ။ မင်းကို ပေးတဲ့ ကိစ္စကတော့ … ” ဟောက်ချန်ဟွမ်း ခဏ စကားရပ်လိုက်သည်။ “ အဲ့ဒါ ကိုယ့်အမေရဲ့ စိတ်ကူးပါ။ ”

“ ရှင့်အမေရဲ့ စိတ်ကူး ….. ”

“ အင်း။ ” ဟောက်ချန်ဟွမ်းက အပြုံးယဲ့ယဲ့ဖြင့် စုယန်ယန်ရဲ့နား,နားကပ်၍ တီးတိုး ပြောလိုက်သည်။ “ ဒီတောင်နဲ့ တောင်ပေါ်က ခြံဝင်းက အနာဂတ် ချွေးမလောင်းလေးအတွက် ရည်ရွယ်ထားတဲ့ ကိုယ့်အမေရဲ့ လက်ဆောင်တွေလေ။ ကံမကောင်းစွာနဲ့ သူမကိုယ်တိုင် မပေးရသေးခင်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ”

“ မင်းက ကိုယ့်အမေရဲ့ ချွေးမလေ။ မင်း ဒါကို လက်မခံဘူး ဆိုရင် ကိုယ့်ကို တခြား တစ်ယောက်ကို ပေးစေချင်နေတာလား။ ”

“ ရှင် လုပ်ရဲရင် လုပ်ကြည့်လေ။ ” တကယ်လို့ သူသာ တခြား မိန်းကလေး တစ်ယောက်ကို ပေးလိုက်ရင် သူက အဲ့ဒီ မိန်းကလေးကို အငယ်အနှောင်း ဖြစ်အောင် လုပ်လိုက်တာ မဟုတ်လား။

“ ကိုယ် မလုပ်ရဲပါဘူး ၊ ကိုယ် မလုပ်ရဲဘူး။ ဒါဆိုရင် မင်း လက်ခံပေးမှာလား။ ”

စုယန်ယန် ဆွံ့အသွားမိသည်။

“ ရှင် အမှန်အတိုင်း ပြောနေတာလား။ ရှင် ကျွန်မကို လိမ်နေတာတော့ မဟုတ်ပါဘူးနော်။ ” စုယန်ယန်ကဝောာ့ မယုံသင်္ကာဖြစ်နေဆဲပင်။ သူ ဘယ်လိုလုပ် ဒီလို ကြီးမားတဲ့ ပိုင်ဆိုင်မှုကြီးကို ပေါ့ပေါ့လေး ပေးနိုင်ရတာလဲ။

ပြီးတော့ သူက သူ့အမေ မြင်တောင် မမြင်လိုက်ရတဲ့ ၊ ချွေးမဖြစ်တဲ့ သူမကို ပေးဖို့ လုပ်နေတာပါ။

တကယ်လို့ သူ့အမေက ဒီချွေးမကို သဘောမကျရင် ဘယ်လိုလုပ်မလဲ ၊ ဒါမှမဟုတ် ဒီနေရာကို သူမကို မပေးချင်ရင်ရော ဘယ်လိုလုပ်မလဲ။

“ ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ပြီး ကိုယ် မင်းကို လိမ်ပါ့မလား။ ” ဟောက်ချန်ဟွမ်းက သူမရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။ “ မင်း … အထဲဝင်ပြီး တစ်ချက်လောက် ကြည့်ချင်လား။ ”

စုယန်ယန်က လှပသော ခြံဝင်းကြီးကို တစ်ချက် ကြည့်ကာ စူးစမ်းချင်စိတ်ကို ထိန်းမရပေ။ သူမ ခေါင်းညိတ်ပြလိုက်၏။ “ အင်း။ ”

“ ကိုယ့်အဖေက ဒီရေကန်လေးကို တူးဖို့ လူ တစ်ယောက်ကို သေချာ ရှာထားခဲ့တာလေ။ သူက ငါးမျှားရတာ ကြိုက်တယ် ၊ ကိုယ့်အမေကတော့ ကျူးလစ်ပန်းတွေကို ကြိုက်တယ်။ သူက လူ တစ်ယောက်ကို ရေကန် တူးဖို့နဲ့ ရေကန်ရဲ့ ဘေးမှာ ကျူးလစ်ပန်းတွေကို အတန်းလိုက် စိုက်ထားဖို့ တာဝန်ပေးခဲ့တယ်။ နွေရာသီတိုင်း ကိုယ့်အဖေက ဒီမှာ ငါးလာမျှားရင် ကိုယ့်အမေကတော့ အအေးမိတဲ့အထိ သူ့ဘေးမှာ ထိုင်နေတတ်တယ်။ ”

“ ဒီပေါင်းကူးတံတားလေးက အိမ်တော်ကြီးမှာ ရှိတဲ့ ပေါင်းကူးတံတားနဲ့ နှစ်ခု စုံတွဲလေ။ တံတား တစ်ခုက အမည်းရောင် ၊ တခြား တံတား တစ်ခုကတော့ အဖြူရောင်။ အရင်တုန်းက ကိုယ့်အဖေက ဒီမှာ ရှိတဲ့ ပေါင်းကူးတံတားကို အိမ်မှာ ရှိတဲ့ တံတားနဲ့ တစ်ပုံစံတည်း တူအောင် သေသေချာချာ ဒီဇိုင်းဆွဲခိုင်းထားတာ။ ”

“ ကိုယ့်အဖေက ဒီဒါန်းလေးကို ကိုယ့်အမေအတွက် သူ ကိုယ်တိုင် လုပ်ပေးထားတာလေ။ ကိုယ့်အမေ ပြောတာတော့ အစတုန်းက အဖေ လုပ်ထားတဲ့ ဒါန်းက တော်တော် အရုပ်ဆိုးတယ်တဲ့။ နေရာတိုင်းမှာ အပေါက်တွေ ရှိနေရုံတင် မဟုတ်ဘူး ၊ ဘေးဘက်တွေကလည်း တစ်ဖက်နဲ့ တစ်ဖက် မညီဘူးတဲ့။ ဒါန်းကို လွှဲနေရင် ဘယ်လိုမှ စိတ်ချလက်ချ ထိုင်လို့ မရဘူး။ အဲ့တော့ ကိုယ့်အမေကလည်း သဘောမကျဘူးပေါ့။ နောက်ပိုင်းမှာ ကိုယ့်အဖေက လက်မှုပညာရှင် တစ်ယောက်ကို ရှာပြီး သူ့ဆီမှာ အကြာကြီး ပညာသင်ခဲ့ရတယ် ၊ အဲ့လိုနဲ့ အခုလို ပုံစံ ဖြစ်လာခဲ့တာပေါ့။ စိတ်မကောင်းစရာကတော့ ဒီဒါန်းလေးက ဘယ်လောက်ပဲ လှခဲ့ပါစေ ၊ နှစ်တွေ အများကြီး ကြာတော့ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီ။ ”

မျက်လုံးထဲမှာ အတိတ်ကို သတိရ လွမ်းဆွတ်မှုနှင့် ဝမ်းနည်းမှုတွေ ပြည့်နှက်နေသော ဟောက်ချန်ဟွမ်းသည် သံချေးတက်နေသော ဒါန်းလေးကို ထိကိုင်လိုက်၏။

စုယန်ယန်က သူ့ဘေးကနေ လိုက်ကာ အပင်တွေအကြောင်း သူ ရှင်းပြနေတာကို တိတ်တိတ်လေး နားထောင်နေခဲ့သည်။ ဟောက်ချန်ဟွမ်းမှာ သူ ပြောသမျှ စကားတွေကို နားထောင်ပေးမယ့် လူ တစ်ယောက် လိုအပ်နေတယ် ဆိုတာကို သူမ နားလည်သည်။

တခြား လူတွေရဲ့ မျက်လုံးထဲတွင် ဒီမှာ ရှိနေတဲ့ အရာရာတိုင်းက လှပ တန်ဖိုးကြီးတဲ့ သဘာဝရှုခင်းတွေ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူ့မျက်လုံးထဲမှာတော့ ဒီနေရာမှာ ရှိနေတဲ့ ပစ္စည်း တစ်ခုချင်းစီတိုင်း ၊ ထောင့်ချိုးတိုင်းမှာ သူနှင့် သူ့မိသားစုရဲ့ လှပသော အမှတ်တရတွေကို သိုဝှက်ထားလေသည်။ အဲ့ဒါက ပိုက်ဆံနှင့် ဝယ်လို့ မရသော အရာ တစ်ခု ဖြစ်ပါသည်။

All Chapters