အခန်း ၅၃၉
Vol. 36 Ch. 539
အခန်း ( ၅၃၉ ) အကောင်အထည်ဖော်ရန် နည်းလမ်း။
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ လက်ပေါ် သူမလက်ကို တင်ကာ ဒါန်းကြိုးကို ဆုပ်ကိုင်လိုက်သည်။
“ ရှင့်အဖေက ရှင့်အမေကို သိပ်ချစ်တာပဲနော်။ သူ ကောင်းကင်ဘုံမှာ သူမအတွက် ဒါန်း အသစ် တစ်ခု လုပ်ပေးပြီးပြီ ဆိုတာ သေချာပါတယ်။ ဒီဒါန်း အဟောင်းလေးကို သူတို့ ဆက်မလိုအပ်လောက်တော့ပါဘူး။ ”
ဟောက်ချန်ဟွမ်းသည် သူမကို လေးနက်စွာ ကြည့်နေရာမှ ရယ်ချလိုက်မိသည်။ “ အမှန်ပဲ။ ကိုယ့်အမေ ခဏလောက် အပြင်သွားရင်တောင် ကိုယ့်အဖေက စိတ်ပူလို့ မပြီးဝောာ့ဘူး။ ကောင်းကင်ဘုံ ရောက်သွားရင်တောင် ကိုယ့်အဖေက အမေ့ကို မျက်နှာအညိုးခံမှာ မဟုတ်ဘူး။ ”
“ ရှင် ပြောလိုက်တာလဲဟင်။ ” စုယန်ယန်က သူ ပြောတဲ့ စကားကို မကြားလိုက်ဘဲ တစ်ခုခု လွဲချော်နေသည်ဟု ခံစားလိုက်ရသည်။
“ ဘာမှ မဟုတ်ဘူး။ ” ဟောက်ချန်ဟွမ်းက သူ့လက်ထဲက ဒါန်းလေးကို လှုပ်ယမ်းပြလိုက်သည်။ “ ကိုယ် ဒီကို မရောက်တာ ၁၀ နှစ် ပြည့်တော့မယ်။ ”
“ ကိစ္စမရှိပါဘူး။ ကိုယ်တို့ နောက်ပိုင်း အားရင် အားသလို မကြာခဏ လာလို့ ရတာပဲ။ ဒီတောင်ပေါ်မှာ လေကောင်းလေသန့်လည်း ရတယ် ၊ အရမ်းလည်း လှတယ်။ ဒီကို နှစ်ရက် ၊ သုံးရက်လောက် လာနေတာက ကိုယ့်တို့ရဲ့ ကျန်းမာရေးအတွက်လည်း ကောင်းတယ်။ ”
“ အင်း။ ”
“ ဒီခြံဝင်းထဲက ပန်းတွေ ၊ အပင်တွေကို ကိုယ့်မိဘတွေပဲ ဟိုးတုန်းက စိုက်ထားခဲ့တာလေ။ အခုတော့ ညိုးပြီး ခြောက်ကပ်နေတဲ့ အပင်က ခြောက်ကပ် ၊ အချိန် ခဏလေးနဲ့ ကြီးလာပြီး ဘေးဘက်တွေကိုပါ နွယ်တွေ တက်နေတဲ့ အပင်တွေက တက်နဲ့။ ဒီနှစ်တွေအတွင်း ဒီနေရာကို ပုံမှန် လာပြီး အပင်တွေကို ဂရုစိုက်ပေးဖို့ ငှားထားတဲ့ လူတွေ ရှိပေမဲ့ ပြောရရင် ဒီမှာ နေတဲ့ လူ သိပ်မရှိတော့ ပေါင်းတွေ ၊ မြက်တွေလည်း အများကြီး ကျန်နေသေးတယ်။ မင်း ပန်းတွေကို ကြည့်ရတာ မလှဘူးလို့ ထင်ရင် ကိုယ် ခဏနေ ခြံရှင်းဖို့ လူ တစ်ယောက် ခေါ်ပြီး မင်း သဘောကျတဲ့ ပန်းတွေ ၊ အပင်တွေနဲ့ ပြောင်းလိုက်မယ်။ ”
“ အဲ့လို လုပ်ဖို့ မလိုပါဘူး။ ” စုယန်ယန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်း ပြန်ပြောလိုက်သည်။ “ ဒီတိုင်းလေးပဲ လှတယ်။ ပန်းတွေက လှနေပါပြီ ၊ ဘာမှ ပြောင်းနေစရာ မလိုပါဘူး။ ညိုးပြီး ခြောက်နေတဲ့ ပန်းပင်တွေကိုပဲ ရှင်းခိုင်းပြီး အပင် အသစ်တွေနဲ့ အစားထိုးလို့ ရတယ်လေ။ ”
သူ့မိဘတွေလည်း မရှိတော့ပြီမို့ ဒီအရာတွေကို ဆက်ထိန်းသိမ်းထားလည်း ဘာမှ မထူးဘူးလို့ ဟောက်ချန်ဟွမ်း ခံစားနေရသောကြောင့် ထိုစကားကို ပြောလိုက်မှန်း စုယန်ယန် သိသည်။
သို့သော်လည်း သူမကတော့ ဒီအရာတွေ အကုန်လုံးဟာ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ အသက်ရှင်စဉ်မှာ ချန်ထားခဲ့တဲ့ အမှတ်တရ ကျန်ရစ်ပစ္စည်းလေးတွေလို့ ခံစားရသည်။ ရှင်းလင်းပစ်လိုက်ရမှာ နှမြောစရာကောင်းပါသည်။
သေနေပြီးသား ခြောက်ကပ်ကပ် အပင်တွေကို ဘာမှ လုပ်လို့ မရတော့ပေမဲ့ အသက်ရှင်နေတဲ့ အပင်တွေကိုဝောာ့ ဆက်လက် ဂရုစိုက်ပေးလို့ ရသည်။
ခြံဝင်းထဲက လေထုကို အရင်အတိုင်း ဆက်ထိန်းထားလို့ ရသည်။ လွင်တီးခေါင်ပြင်ပေါ်မှာ မျိုးစေ့ အသစ်တွေကို စိုက်ပျိုးလိုက်သည်နှင့် တစ်ပြိုင်နက် ရှင်သန်မှု အင်အားသစ် တစ်မျိုးက ဒီခြံဝင်းဟောင်းကြီးကို ဟောက်ချန်ဟွမ်း ခံစားခဲ့ဖူးသည့် ‘ အိမ် ’ ဟူသော နွေးထွေးဖွယ် ခံစားချက်မျိုး ပြန်ရအောင် လုပ်ပေးလိမ့်မည်။
“ ကိုယ်က မင်းဆုံးဖြတ်ချက်အတိုင်းပဲ သွားမှာ။ ”
“ ဟုတ်ပါပြီရှင်။ ” စုယန်ယန်က ခြံဝင်းထဲရှိ အပြင်အဆင်တွေကို တစ်ချက် ကြည့်လိုက်သည်။
ဒီခြံဝင်းကျယ်ကြီးကို သူမ နှံ့နှံ့စပ်စပ် လှည့်ပတ်ကြည့်ရှုချင်သော်လည်း ညအချိန် ဖြစ်နေပါပြီ။ နှစ်ပေါင်းများစွာကြာအောင် မပြင်မဆင်ဘဲ ဒီအတိုင်း ပစ်ထားသော နေရာမှာ ပိန်းပိတ်သော အမှောင်ထုက ကြီးစိုးနေသည်။ မြက်ပင်တွေအောက်မှာ အန္တရာယ်ပေးနိုင်တဲ့ အကောင် တစ်ကောင် ပုန်းနေလား ဆိုတာ ဘယ်သူ သိမှာလဲ … ။
ခဏလောက် စဉ်းစားပြီးနောက် စုယန်ယန် အိမ်ထဲ အရင် ဝင်ဖို့ ဆုံးဖြတ်လိုက်သည်။ “ ကျွန်မတို့ အထဲဝင်ကြည့်လို့ ရလား။ ”
“ ရတာပေါ့။ ကိုယ် ဒီနေ့မနက်တုန်းက အိမ်ရှင်းဖို့ လူလွှတ်ထားဘူး။ အရမ်းကြီး ညစ်ပတ်မနေလောက်ဘူး။ ”
“ ဒီနေ့မနက်တုန်းက … ဟုတ်လား။ ” စုယန်ယန်က သူ ပြောသွားသော စကားထဲမှ အဓိက အကြောင်းအရာကို ဖမ်းဆုပ်မိသွားသည်။ “ ရှင် ဒီနေ့မှ သန့်ရှင်းရေး လုပ်ဖို့ လူလွှတ်ထားတာလား။ ”
စုယန်ယန်ရဲ့ စကားကို ကြားချိန်မှာ ဟောက်ချန်ဟွမ်းရဲ့ ပုံစံက နည်းနည်းလေး ရှက်ရွံ့သလို ဖြစ်သွားသည်။ မနက်တုန်းက စုယန်ယန် ကျောင်းကို ထွက်သွားသည်နှင့် သူ အကူအညီတောင်းသည့် Post တစ်ခုကို အွန်လိုင်းပေါ်မှာ တင်ခဲ့သည်။
အိပ်ရာထဲမှာ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်နိုင်ဘဲ လက်လွန်ကြက်သွန် ဖြစ်သွားရင်း ဇနီးလေးကို စိတ်ဆိုးအောင် လုပ်မိရင် ဘာလုပ်သင့်လဲ ဟူ၍ အင်တာနက်အသုံးပြုသူတွေကို သူ မေးကြည့်မိသည်။ သူမကို စိတ်ဆိုးပြေအောင် သူ ဘာလုပ်ရမလဲ။
ထို Post ကို တင်အပြီး ခဏအကြာမှာပဲ လူများစွာ ရောက်လာပြီး သူ့ကို အကြံဉာဏ်တွေ အများကြီး ပေးခဲ့ကြသည်။
အကြံဉာဏ် အများစုကတော့ ကားနှင့် ခရီးတိုလေး တစ်ခု သွားကြည့်ဖို့ ဖြစ်သည်။
ဝေါခနဲ အမြန်ဆုံး မောင်းနိုင်တဲ့ ကားတွေက ကျော်ကြားနေပါသေးသည်။ Like တွေပဲဖြစ်ဖြစ် ၊ Reply တွေပဲဖြစ်ဖြစ် ထိုအကြံဉာဏ်ဟာ အကောင်းဆုံး ဖြစ်ကာ တခြား အကြံဉာဏ်တွေကို နောက်ကောက်ကျကျန်စေခဲ့သည်။
ဟောက်ချန်ဟွမ်းကို ထိုအကြံကို မရွေးဘဲ ပိုနူးညံ့သိမ်မွေ့သော အကြံဉာဏ်တွေကိုသာ ရွေးချယ်ခဲ့တာ နှမြောစရာတော့ကောင်း၏။
ဥပမာအားဖြင့် …
“ ကြည်နူးစရာ ဒိတ်လေး ဖန်တီးဖို့ နေရာ လှလှလေး တစ်နေရာကို ရှာကြည့်။ ”
“ သူမနဲ့ ရုပ်ရှင် အတူတူ ကြည့်ပြီး စိတ်ဆိုးပြေအောင် လုပ်ပေါ့။ ပြီးရင် သူမကို ဖက်နမ်းပြီး လေပေါ် မြှောက်နေအောင် ပွေ့ချီထားလိုက်။ ”
“ မင်းရဲ့ ဇနီးလေးအတွက် လက်ဆောင်တွေ ဝယ်ပေးလိုက်လေ။ ကိုယ့်ဇနီးအတွက် လက်ဆောင်တွေ ဝယ်ပေးဖို့ ပိုက်ဆံအကုန်ခံချင်စိတ် ရှိနေသရွေ့ မင်းကို သူမ အကြာကြီး စိတ်ဆိုးမှာ မဟုတ်ဘူး။ ”