← Chapters

အခန်း ၅၄၁

Vol. 37 Ch. 541

အခန်း ၅၄၁

Vol. 37 Ch. 541

အခန်း ( ၅၄၁ ) ကိုယ့်မှာ မင်း တစ်ယောက်တည်းပဲ ရှိတာပါ။

ဟောက်ချန်ဟွမ်းက ထိုပန်းချီကားရှေ့မှာ အကြာကြီး မနေဘဲ စုယန်ယန်နှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။

ဒီအဆောက်အအုံရဲ့ တည်နေရာက အတော်လေး ထူးခြားသည်။

တစ်ဖက်က အရှေ့ဘက် ခြံဝင်းကို မျက်နှာမူထားကာ A မြို့တော်ရဲ့ ညမြင်ကွင်းကို တခြား တစ်ဖက်ကနေ စီးမိုး မြင်နိုင်သည်။ ကျန်တစ်ဖက်ကတော့ ပြတင်းပေါက်တွေရှေ့မှ ရပ်ကြည့်လျှင် ပင်လယ်ကို လှမ်းမြင်နိုင်သည်။ ပင်လယ်လေပြည်လေညှင်းတွေထဲမှာ ပါသော ပင်လယ်ဆားရနံ့ကိုပင် ရနေသည်။

ဟောက်ချန်ဟွမ်းက သူမကို ပင်လယ်ဘက် မျက်နှာမူထားသော နေရာဆီ အရင် ခေါ်သွားပြီးမှ တခြား တစ်ဖက်သို့ ခေါ်သွားလိုက်သည်။

ဒီနေ့ မနက်မှ လဲလှယ်တပ်ဆင်ထားသော ပိုးသား လိုက်ကာကို စုယန်ယန် ဖွင့်လိုက်သည်နှင့် ခုနတုန်းက သူမတို့ ဖြတ်မောင်းလာခဲ့သည့် တောင်တက်လမ်းပေါ်မှာ လင်းဖြာတောက်ပနေသော မီးရောင်တွေကို မြင်လိုက်ရ၏။ သို့သော် ဒီအနေအထားကနေ ကြည့်ရသော မြင်ကွင်းက ကားပေါ်မှာ မြင်ခဲ့ရသော မြင်ကွင်းထက် ပိုလို့ လေးနက်လှပလေသည်။

ဟောက်ချန်ဟွမ်းက သူမဘေးမှာ ရပ်ရင်း ခါးလေးကို သိုင်းဖက်ထွေးပွေ့ကာ သူမကို ရင်ခွင်ထဲ ထည့်ထားခဲ့သည်။

“ ဒါ ကိုယ့်အခန်းလေ။ ကိုယ်တို့ အခုလေးတင် သွားကြည့်ခဲ့တဲ့ ပင်လယ်ဘက်ကို မျက်နှာမူထားတဲ့ အခန်းက ကိုယ့်မိဘတွေ နေတဲ့ အခန်း။ ဒီ အခန်း ( ၂ ) ခန်းကနေ တစ်အိမ်လုံးရဲ့ အကောင်းဆုံး ရှုခင်းကို ကြည့်လို့ ရတယ်။ ကိုယ့်အဖေနဲ့ အမေက လူငယ်တွေ ဆိုတာ စိတ်လှုပ်ရှားစရာတွေကို သဘောကျတယ်လို့ ထင်လို့ ဒီအခန်းကို ကိုယ့်အတွက် ချန်ထားခဲ့တာလေ။ အနှောက်ယှက်ခံရတာကို မကြိုက်လို့ သူတို့ ဒီအခန်းကို မရွေးခဲ့တာလို့ ကိုယ် ထင်တာပဲ။ နှောက်ယှက်တဲ့ လူက ကိုယ် ဆိုရင်တောင်ပေါ့။ ”

ဟောက်ချန်ဟွမ်း ထိုစကားကို ပြောနေရင်း အတိတ်ကို လွမ်းဆွတ် သတိရခြင်းနှင့်အတူ မတရားခံရသလို နည်းနည်းလေး ခံစားလိုက်ရ၏။

စုယန်ယန် မထိန်းနိုင်ဘဲ ရယ်မိသွားတော့သည်။ သူမရဲ့ ခေါင်းထဲမှာ ဖျတ်ခနဲ ပေါ်လာသော အတွေးလေးကို ထုတ်သုံးလျက် အပြုံးဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ “ ကျွန်မလည်း ကျွန်မတို့ကို နှောက်ယှက်တဲ့ လူတွေကို မကြိုက်ဘူး။ စဉ်းစားကြည့်လေ ၊ ကျွန်မတို့တွေ အိမ်မှာ ရှိနေတုန်း သွမ်းသွမ်း ၊ ဒါမှမဟုတ် ယွမ်ယွမ် ၊ မဟုတ်ရင်လည်း သူတို့ နှစ်ယောက်လုံး ရုတ်တရက်ကြီး အတူတူ ဝင်ချလာမယ် ဆိုရင် …… ”

ဟောက်ချန်ဟွမ်း : “ … ” ဖုန်တွေ တက်ပြီး မည်းတူးနေတဲ့ ဒီပန်းချီကားလိုပဲ သူ့မျက်နှာလည်း မည်းမှောင်ကျသွားလောက်တယ်။

စုယန်ယန်က အလျော့မပေးချင်သော သူ့ပုံစံကို သဘာဝကျစွာပင် သတိထားမိသွားကာ သဘောတကျ ပြုံးလိုက်မိသည်။

သို့သော်လည်း ရယ်ချင်စိတ်ကို ထိန်းလို့ ရပေမဲ့ ခန္ဓာကိုယ် တစ်ခုလုံး လှုပ်ခါနေတာကိုတော့ ထိန်းလို့ မရဘူး ဆိုတာ သူမ မေ့သွားသည်။

ဟောက်ချန်ဟွမ်းက သူမကို ကူကယ်ရာမဲ့ ကြည့်လိုက်ပေမဲ့ သူ့မျက်နှာက တဖြည်းဖြည်း ကြည်လင်လာပြီး စကားဆက်ပြောသည်။ “ ကိုယ့်မိဘတွေ မရှိတော့တဲ့နောက်ပိုင်း ကိုယ် ဒီနေရာကို လာဖို့ အရမ်း ကြောက်သွားတာ။ မသိစိတ်ထဲကနေတောင် ဒီနေရာကို မေ့ပစ်ချင်မိတဲ့အထိပဲ။ ”

ထို့ကြောင့်သာ အရင်တုန်းက သူ ဒီနေရာကို စုယန်ယန်အား ချက်ချင်း လွှဲပြောင်းမပေးခဲ့တာ ဖြစ်သည်။

အိမ်တော်ကြီးနှင့် ယှဉ်လိုက်ပါက ဒီနေရာက သူရယ် ၊ သူ့မိဘတွေရယ်နှင့်သာ သက်ဆိုင်သော သူ့အိမ်နှင့် ပိုတူသည်။

သူ မှတ်မိသလောက် သူ့မိဘတွေဟာ နှစ်စဉ်နှစ်တိုင်း ဒီမှာ အချိန် အတိုင်းအတာ တစ်ခုအထိ နေဖို့ သူ့ကို အမြဲ ခေါ်လာလေ့ရှိသည်။

ပထမတော့ သူက ဟောက်ရှောက်ဖုန်းကို ခေါ်လာတတ်သော်လည်း နောက်ပိုင်းမှာ ဟောက်ချီဟန်နှင့် သူ့မိန်းမက သူတို့သားကို ဘာပြောလိုက်သလဲ မသိ ၊ ထိုကောင်လေးက ဘယ်တော့မှ ထပ်မလာဝောာ့။

ထိုကိစ္စကို သေချာ စဉ်းစားကြည့်ပါက သူ့အတွက် ဘာအရှုံးမှ မရှိတာမို့ သူကဝောာ့ နည်းနည်းလေးဝောာင် စိတ်ချမ်းသာမိပါသေးသည်။ ဟောက်ချီဟန်တို့ မိသားစုကို သူ မကြိုက် ၊ အထူးသဖြင့် ဟောက်ရှောက်ဖုန်းနှင့် သူ့ရဲ့ အမည်ခံ ယောင်းမကို သူ သဘောမကျ။

အကယ်၍ သူသာ မလာခဲ့လျှင် ဒီနေရာက သူတို့မိသားစုပိုင် မြေနေရာအဖြစ် လုံးလုံးလျားလျား ပြောင်းလဲသွားဝောာ့မှာပင်။

ဒီနေရာမှာ သူ့ရဲ့ အကောင်းဆုံး ငယ်ဘဝ အပိုင်းအခြားကာလ ရှိသည်။

ဒါပေမဲ့ နောက်ပိုင်းမှာ အရာအားလုံး ပျက်စီးသွားခဲ့သည်။

စုယန်ယန်က သူ့စကားတွေကို နားထောင်ရင်း အလိုလို လက်သီး ခပ်တင်းတင်း ဆုပ်လိုက်မိသည်။ သူမမျက်လုံးထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်သွားသည်။

အစတုန်းက သူမရဲ့ ခင်ပွန်းမှာ သာယာပျော်ရွှင်စရာ အိမ်လေး ရှိခဲ့သည် ၊ ချမ်းသာတဲ့ မိသားစုလည်း ရှိခဲ့သည် ၊ သူ့ကို ချစ်တဲ့ မိဘတွေလည်း ရှိခဲ့သည်။

အဲ့ဒီလို မိသားစု အခြေအနေမှာ ကြီးပြင်းလာသော ကလေးတွေမှာ အနာဂတ် အတွက် ယုံကြည်ချက်တွေ ၊ မျှော်လင့်ချက်တွေ ရှိသင့်သည်။

သို့သော် အရင်ဘဝမှာတော့ သူက သေခါနီး လူအိုကြီး တစ်ယောက်လို ဆိုးဝါးရှုပ်ထွေးသော ဘဝမှာ နေထိုင်ခဲ့ရကာ ရူးသွပ်သွားတဲ့အထိပါပဲ။

စုယန်ယန်က မျက်လွှာချကာ သူမရဲ့ မျက်လုံးထဲမှ ဝမ်းနည်းမှုနှင့် နာကျင်မှုတို့ကို ဖုံးကွယ်ထားလိုက်သည်။ ထို့နောက် ဟောက်ချန်ဟွမ်းကို တိုးလျသော အသံဖြင့် ပြောလိုက်သည်။ “ အဲ့ဒါတွေ အကုန်လုံး ပြီးသွားပြီ။ အခု ရှင့်မှာ ကျွန်မ ရှိနေပြီပဲ။ အနာဂတ်မှာ လူသားလေးတွေလည်း ထပ်တိုးလာဦးမှာ။ ”

“ အင်း။ ” ဟောက်ချန်ဟွမ်းက တိုးလျစွာ ပြန်ဖြေသည်။ “ ကိုယ် နားလည်ပါတယ်။ ”

“ ကျွန်မ ပြောတာကို သေချာ မှတ်ထားနော်။ ”

“ ကိုယ့်မှာ မင်း တစ်ယောက်တည်းပဲ ရှိတာ။ ကိုယ့်ကို ဘယ်တော့မှ မထားခဲ့ပါနဲ့။ ”

စုယန်ယန်ရဲ့ နှလုံးသားက ရုတ်တရက် လှုပ်ခါသွားပြီး ပြန်ပြောလိုက်ပါသည်။ “ ရှင် ကျွန်မကို လိုအပ်နေသေးသရွေ့ ကျွန်မ ဘယ်တော့မှ မထားခဲ့ပါဘူး။ ”

All Chapters