အခန်း ၅၄၃
Vol. 37 Ch. 543
အခန်း ( ၅၄၃ ) တစ်ကိုယ်တည်းသမား ဖြစ်ရတာက ငါ့အတွက် ပျော်စရာကောင်းတယ်။
လင်းရှောင်ချီက စုယန်ယန်ကို စိတ်ကျေနပ်အောင် မလုပ်နိုင်တာကို နားလည်သွားသောအခါ သူမရဲ့ မျက်နှာ ဖောင်းဖောင်းလေးကို လက် နှစ်ဖက်ဖြင့် ပွတ်ရင်း နှာခေါင်းက လေထွက်ရုံ ဟွန့်ခနဲ အေးစက်စက် ရယ်ကာ လှည့်ထွက်လာခဲ့လိုက်သည်။
စုယန်ယန်က အမြန် ရှေ့တိုးလျက် သူမရဲ့ လက်ကို ဆွဲပြီး ပြုံးပြလိုက်၏။ “ နင် တကယ် စိတ်ဆိုးသွားတာလား။ ”
“ ငါ ဘာကို စိတ်ဆိုးနေလဲ နင် သိလို့လား။ ”
“ … နင့်မျက်နှာကို အရမ်း ဖျစ်လိုက်မိလို့လား။ ”
လင်းရှောင်ချီ : “ … ”
လင်းရှောင်ချီက သူမကို နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “ ငါ ပြောတာ ဘာမှားလို့လဲ။ နင် အခုနလော ကောင်းကောင်း နေ,နေတယ် မဟုတ်ဘူးလား။ ”
“ … ဟင့်အင်း ၊ နင် ပြောတာ မှန်ပါတယ်။ ” သူမ အခုတလော တကယ့်ကို ကောင်းကောင်း နေ,နေတာ ဖြစ်သည်။ အဟမ်း … ပြောရရင် အရမ်းကို အစိုဓာတ် ပြည့်ဝနေတာပါ။
“ နင် အဲ့စကားကို ပြောနေရင်းနဲ့တောင် ငါ့မျက်နှာကို လာဖျစ်ညှစ်နေတုန်းပဲနော်။ ”
စုယန်ယန် : “ … ” ဟုတ်ပါပြီ ၊ ဒါ ငါ့အမှားပဲ။
“ ဟို … အရမ်း သိသာနေတာလားဟင်။ ” စုယန်ယန် အနည်းငယ် ရှက်ရွံ့နေမိသည်။
လင်းရှောင်ချီက မျက်လုံးလှိမ့်ကာ စုယန်ယန်ရဲ့ နဖူးလေးကို လက်နှင့် တွန်းလိုက်၏။ “ နင့်မျက်နှာပေါ်မှာ အကုန်လုံး ရေးထားတာတောင် သိသာနေလားလို့ မေးနိုင်သေးတယ်နော်။ ”
စုယန်ယန်က အတွန်းခံလိုက်ရသော နဖူး နေရာကို ထိကိုင်ကြည့်ကာ တဟဲဟဲ ရယ်နေမိသည်။
လည်ချောင်နင်သွားသလို ခံစားလိုက်ရသော စုယန်ယန်သည် ခြေလှမ်းရပ်၍ စုယန်ယန်ကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်၏။ “ နင် ငါ့ဆီက အနံ့ တစ်မျိုးမျိုးကို အနံ့မခံမိဘူးလား။ ”
“ ဘာအနံ့လဲ။ ” စုယန်ယန်က ချက်ချင်းပဲ ခန္ဓာကိုယ်ကို ငုံ့ကိုင်းကာ အနံ့ခံနေခဲ့သည်။ “ ဘာအနံ့မှ မရပါဘူး။ ”
“ သနားစရာ တစ်ကိုယ်တည်းသမားလေးရဲ့ ကိုယ်သင်းနံ့က နင်နဲ့ ချစ်ကြည်နူး တစ်တီတူးနေတဲ့ အမြင်ကတ်စရာ နင့်လူကြီးနဲ့ လုံးဝ မတူလို့လေ။ ဟမ့်။ ” လင်းရှောင်ချီက လက်ကို ဝှေ့ရမ်းကာ ရှေ့ဆက် လျှောက်လိုက်သည်။
လင်းရှောင်ချီ ပြောချင်သော အဓိပွာယ်ကို သဘောပေါက်သွားသော စုယမ်ယန်က အလျင်အမြန် ရှေ့တိုးပြီး သူမကို အပြုံးလေးဖြင့် တားဆီးလိုက်သည်။ “ မနာလိုနေတာလား။ ”
“ ဝေးသေး။ တစ်ယောက်တည်း နေရတာက ငါ့အတွက် ပျော်စရာကောင်းတယ်။ ”
“ ငါ နင့်ကို အရင်တုန်းကလည်း ပြောပြီးပြီ ၊ ငါ နင့်ကို ငါ့အစ်ကိုနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်ဆို။ သူ့လို လူကောင်းမျိုးက အခုခေတ်မှာ အရမ်း ရှားသွားပြီနော်။ နင် အခု ရက်ချိန်း ယူမထားရင် ဒီ ၁ နှစ် ၊ ၂ နှစ် အတွင်း မိန်းမလှလေး တစ်ယောက်ယောက်က ငါ့အစ်ကို,ကို လာအပိုင်သိမ်းသွားလိမ့်မယ်။ နင် အခွင့်အရေးကို အခုကတည်းက အမိအရ ယူထားသင့်တယ်နော်။ ”
“ … ငါ့ကို တော်တော် နင့်ယောင်းမ ဖြစ်စေချင်နေတာလား။ ”
စုယန်ယန်က လက်ဟန်ခြေဟန်လေး လုပ်ပြလိုက်သည်။ “ နည်းနည်းပါပဲ။ ဒါပေမဲ့ နင်သာ ဆန္ဒရှိတယ် ဆိုရင် အဲ့ဒီ နည်းနည်းလေးကနေ သမုဒ္ဒရာ အကျယ်ကြီးလည်း ဖြစ်သွားနိုင်တယ်။ ရေကောင်းရေသန့် ဆိုတာ သူစိမ်းတွေရဲ့ ခြံထဲ မစီးဘူးတဲ့ ၊ ဒါမျိုးက ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲ ဖိတ်ရတယ်။ ”
လင်းရှောင်ချီ : “ … ” အဲ့တော့ ရေကောင်းရေသန့် ဆိုတာ စုယန်ယန်ရဲ့ အစ်ကို ၊ ဒါမှမဟုတ် တခြား တစ်ယောက်ယောက်ရဲ့ အစ်ကို,ကို ပြောချင်တာလား။
လင်းရှောင်ချီနှင့် စုယန်ယန်သည် ဂိတ်ပေါက်ဝကို ဖြတ်ဝင်လာပြီးမှ လူစုခွဲခဲ့ကြသည်။ သူတို့ နှစ်ယောက်က မတူညီတဲ့ ငှာန အသီးသီးမှာ အလုပ်,လုပ်ကြတာမို့ သွားရမည့် နေရာတွေကလည်း မတူကြ။
ထိုင်ခုံမှာ စုယန်ယန် ထိုင်လိုက်ချိန်မှာပဲ တံခါးနားကို ရှားကျွင်းရှန် ရောက်လာသည်။
“ ယန်ယန်ရေ ၊ လွေ့ယွီနဲ့ ပတ်သက်လို့ ပြောစရာ တစ်ခု ရှိ … ရှိ ….. ” ရှားကျွင်းရှန်က သူမအား တစ္ဆေသရဲ တစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ မျက်လုံး အပြူးသားဖြင့် အံ့ဩစွာ ကြည့်ကာ ပြောလက်စ စကားတွေက လည်ချောင်းထဲမှာ ဆို့တစ်သွားသည်။
စုယန်ယန်က သူ့ကို သတိရှိသော အကြည့်ဖြင့် မော့ကြည့်လိုက်သည်။ “ လွေ့ယွီ ဘာဖြစ်လို့လဲ။ ”
“ ယန်ယန် ၊ နင် … ” ရှားကျွင်းရှန်က သူ့လည်ပင်းပေါ်က တစ်နေရာကို လက်ညိုးဖြင့် ထောက်ပြနေသည်။
စုယန်ယန်သည် မသိုးမသန့် ခံစားချက် တစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ မှန်ကို ထုတ်ကာ ဘေးတစောင်း မျက်နှာ အနေအထားကို ကြည့်လိုက်၏။ အမှန်တကယ်ပဲ သူမလည်ပင်းပေါ်မှာ မာကင်ရာလေး ရှိနေပါသည်။
အစုတ်ပလုတ်မ လင်းရှောင်းချီ ပြောသွားတဲ့ ‘ နင့်မျက်နှာပေါ်မှာ အကုန် ရေးထားတယ် ’ ဆိုတဲ့ စကားကို အခုမှ သေချာ တွေးကြည့်မိသည်။ ဒီမာကင်ရာကို အဲ့ဒီကောင်မလေး မြင်ရက်သားနှင့် တမင် ပြောမသွားတာ သိသာသည်။
ရှားကျွင်းရှန်က အချိန်မရွေး မိုးပြိုတော့မလို ဖြစ်နေသော သူ့ဘော့စ်ရဲ့ မျက်နှာအုံ့မှိုင်းကို ကြည့်ကာ လူချင်း မမြင်ဖူးသော ဥက္ကဌဟောက် အတွက် သူ့နှလုံးသားထဲကနေ ဖယောင်းတိုင်လေး တိတ်တဆိတ် ထွန်းပေးလိုက်၏။
“ အာ … အစ်ကို ဘာမှ မမြင်လိုက်ဘူးနော်။ လွေ့ယွီနဲ့ ပတ်သက်လို့ ပြောစရာ ရှိတယ် ဆိုတာက ပိုင်ဆိုင်မှု လွှဲပြောင်းပြီးစီးသွားပြီ ဆိုတဲ့ အကြောင်းပါ။ ညီမ လွေ့ယွီကို စီမံခန့်ခွဲဖို့ လူလွှတ်သင့်တယ်လို့ ထင်လား ၊ ဒါမှမဟုတ် လွေ့ယွီနဲ့ တုန်ချမ်းကို ပေါင်းစပ်ပြီး တုန်ချမ်းရဲ့ ကုမ္ပဏီခွဲ တစ်ခု အဖြစ် ထားမလား။ ”
“ တုန်ချမ်းနဲ့ ပေါင်းစပ်လိုက်တာ ပိုကောင်းတယ်။ အဲ့ဒီက ထိပ်တန်း အမှုဆောင်တွေမှာ အနုပညာရှင်တွေ ရှိသေးတယ် မဟုတ်လား ၊ အေးဂျင့်တွေကရော ဘယ်လိုလဲ အစ်ကို။ ”
“ အသေးစိတ် စာရင်းစစ်ပြီးသွားတော့ တရားမဝင် အခွန်ပျက်ကွက်ထားတဲ့ ကိစ္စကြောင့် လွေ့ယွီရဲ့ ထိပ်တန်း အမှုဆောင်တွေ အကုန်လုံး ထောင်ထဲ ရောက်ကုန်ကြပါပြီ။ ကျန်တဲ့ လူတွေကလည်း တစ်ခုခုတော့ မှားနေပြီ ဆိုတာ သဘောပေါက်သွားလို့ သူတို့ရဲ့ ရှယ်ယာ အများစုကို ထုတ်ရောင်းလိုက်ပါပြီ။ ကျန်တဲ့ အမှုဆောင်တွေက စစ်မှန်တဲ့ လုပ်ပိုင်ခွင့် နည်းနည်းပါးပါး ရှိပြီး တကယ့်ကို စိတ်ချရတဲ့ အမှုဆောင်တွေပါ။ ”
“ အင်း။ ” စုယန်ယန် ခေါင်းညိတ်လိုက်သည်။ “ လော့ဝေပင်းရဲ့ အေးဂျင့်ဟောင်းကရော ဘယ်မှာလဲ။ ”