အခန်း ၅၄၆
Vol. 37 Ch. 546
အခန်း ( ၅၄၆ ) မင်း ကိုယ့်ကို လွမ်းနေတာလား။
“ ကောင်းပါပြီ။ ” ရှားကျွင်းရှန်က စုယန်ယန် ပြောသော စကားတွေကို စာရွက်ပေါ်မှာ ချမှတ်ကာ သက်ပြင်းမော တစ်ချက် မှုတ်ထုတ်လိုက်မိသည်။ “ ဒါဆို အဆင်ပြေသွားပြီ ဆိုရင် အစ်ကို အရင် သွားနှင့်တော့မယ်နော်။ ”
“ ညီမ ပြောစရာတွေ အများကြီး ကျန်သေးတယ်။ ”
ရှားကျွင်းရှန် အူကြောင်ကြောင် ဖြစ်သွားရသည်။ “ ဘာများ ကျန်သေးလို့လဲ။ ”
“ ‘ ပဉ္စလက် ပွဲတော် ’ ရဲ့ ပထမ မူကြမ်း ထွက်လာပြီလား အစ်ကို။ ”
“ အဲ့ဒါက မူရင်း ဇာတ်ညွှန်း ဆိုတော့ အခုထိ ထွက်မလာသေးဘူး။ ဂိမ်းနဲ့ ဆက်စပ်နေတယ် ဆိုပေမဲ့ ဂိမ်းထဲက နောက်ခံဇာတ်လမ်းကို တစ်ခုမကျန် ပြန်ကူးချလို့တော့ မရဘူးလေ။ ဇာတ်ညွှန်းဆရာက ဂိမ်းစီစဉ်သူနဲ့ ဆွေးနွေးနေတုန်းပဲ။ အစောပိုင်း မူကြမ်းကို ပြီးစီးအောင် လုပ်နိုင်ဖို့ အတွက် ပထမ မူကြမ်းကို တစ်လလောက် အချိန်ယူရလိမ့်မယ်။ ”
“ အစ်ကို ဘာမှ စိတ်မပူပါနဲ့။ သူတို့ ဇာတ်ညွှန်းရေးလို့ ပြီးသွားပြီ ဆိုရင်သာ ညီမကို ပထမ မူကြမ်း ပြခိုင်းလိုက်ပါ။ ”
ရှားကျွင်းရှန်သည် ထိုဇာတ်ညွှန်းကို စုယန်ယန် ဘာ့ကြောင့် စိတ်ဝင်စားနေမှန်း သိပ်နားမလည်သော်လည်း နာခံစွာ ပြန်ပြောလိုက်၏။ “ ကောင်းပါပြီ ညီမ။ ”
စုယန်ယန်က ကုမ္ပဏီရဲ့ အတွင်းရေး ကိစ္စတွေကို ရှားကျွင်းရှန်နှင့် ခဏကြာအောင် ဆွေးနွေးအပြီး အားလပ်ချိန်လေး ရတုန်းရခိုက် ဟောက်ချန်ဟွမ်းအကြောင်းကို မတွေးဘဲ မနေနိုင်ပေ။
သူ ဒီအချိန် ဘာလုပ်နေလောက်မလဲ။ အိမ်မှာလား ၊ အပြင်မှာလား။ အပြင်မှာ ဆိုရင်ရော သူ ဘယ်သွားနေလောက်မလဲ။
စုယန်ယန်သည် စာချုပ်စာတမ်းတွေကို နာရီဝက်လောက် စိတ်မပါလက်မပါ ကြည့်ရှုစစ်ဆေးနေပြီးနောက် ဆက်လက် သည်းမခံနိုင်တော့ဘဲ ဟောက်ချန်ဟွမ်းကို သူမဘက်က အရင် ဖုန်းဆက်လိုက်တော့သည်။
“ တစ်ခုခု ပြောစရာ ရှိလို့လား ယန်ယန်။
ဟောက်ချန်ဟွမ်းရဲ့ စကားသံကို ကြားသည်နှင့် စုယန်ယန်ရဲ့ နှုတ်ခမ်းသည်လည်း အလိုအလျောက် ပွင့်ဟသွားလေသည်။ “ အင်း ၊ ရှင် အခု ဘယ်မှာလဲ။ ”
ဇနီးဖြစ်သူ၏ နူးညံ့သော အသံလေးကြောင့် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာ အမူအရာက သူ့ကိုယ်သူတောင် သတိမထားမိခင်မှာပဲ နူးညံ့ချိုမြိန်သွား၏။ ကုမ္ပဏီရဲ့ စီနီယာ အမှုဆောင်တွေ အားလုံးက သူ့ဘေးပတ်လည်မှာ ထိုင်ရင်း အစည်းအဝေး လုပ်ဖို့ အတွက် သရဲ တစ်ကောင်လို စောင့်ဆိုင်းနေကြသည်။
လူ တချို့က ဟောက်ချန်ဟွမ်းအနီးမှာ ထိုင်နေသော ကုရှောက်ယန်ကို ချက်ချင်း လှမ်းကြည့်ကာ ပွင့်ပွင့်လင်းလင်း မေးလိုက်ကြသည်။
ကုရှောက်ယန်နှင့် ကျန်လူတွေက သူတို့ ဘာတွေးနေကြမှန်း သိသည်။ ဒီမြင်ကွင်းကို ကုရှောက်ယန်တို့ ပထမဆုံးအကြိမ် မြင်တုန်းကလည်း ဒီလူတွေလိုပဲ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြတာ ဖြစ်သည်။
လူများစွာရဲ့ မေးခွန်းမေးချင်သော အကြည့်များကြောင့် ကုရှောက်ယန်က သူ့သူငယ်ချင်းတွေအား ‘ သခင်မလေး ’ ဆိုသည့် စကားလုံးကို နှုတ်ခမ်းလှုပ်ရှားမှုသက်သက်ဖြင့် အသံတိတ် ပြောပြလိုက်၏။
သူ့ပါးစပ်ကို ကြည့်နေကြသူများကလည်း သူ ပြောချင်တဲ့ စကားကို စက္ကန့်ပိုင်းအတွင်း နားလည်သွားကြသည်။
သခင်မလေး ဖြစ်နေမှတော့ သူတို့ရဲ့ ဘော့စ် မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွားတာ အံ့ဩစရာမရှိပါဘူး။ ဒါပေမဲ့ သူတို့လည်း …
အဟမ်း ၊ ထားလိုက်တော့။ သူများပစ္စည်းကို စိတ်ဝင်စားလွန်းတာ မကောင်းဘူး။
ဟောက်ချန်ဟွမ်းကတော့ သူ့အောက်က လူတွေ တိုးတိုးကျိတ်ကျိတ် လှုပ်ရှားနေကြတာကို သတိမထားမိဘဲ အပြုံးဖျော့ဖျော့ဖြင့် စုယန်ယန်ကို ပြန်ပြောလိုက်၏။ “ ကိုယ် အခု ကုမ္ပဏီမှာ။ ”
“ အမ် … ကုမ္ပဏီမှာ … ။ ရှင်က ကုမ္ပဏီကို သွားတယ်တဲ့လား။ ဘယ်ကုမ္ပဏီလဲ။ ”
“ ဆန်းကြယ် ငှာနချုပ်မှာ။ ”
ဆန်းကြယ် ငှာနချုပ် ….. ။ စုယန်ယန်က ကုမ္ပဏီ နာမည်ကို သံယောင်လောက် ရေရွတ်ကြည့်ရင်း ထိုကုမ္ပဏီကို မှတ်မိဖို့ ခဏလောက် အချိန်ယူလိုက်ရသည်။
ဒီကုမ္ပဏီက ဟောက်ချန်ဟွမ်းရဲ့ နာမည်အောက်မှာ ရှိနေတဲ့ ကုမ္ပဏီ ငှာနချုပ် တစ်ခု ဖြစ်လိမ့်မည် ထင်သည်။ ပြီးတော့ ယုကျစ်ယန် ၊ ကျိုးယန်ပိုင်နှင့် ကုရှောက်ယန်တို့ တာဝန်ယူထားသော လုပ်ငန်းတွေကလည်း ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီ အခွဲလေးတွေနှင့် သက်ဆိုင်ပါသည်။
ဟောက်ချန်ဟွမ်းကလည်း ဒီတစ်နှစ်လုံး ကုမ္ပဏီမှာ ပေါ်မလာခဲ့တာမို့ ဒီကုမ္ပဏီရဲ့ စနစ်ကို ပြောင်းလဲထားသည်။ အခြေခံအားဖြင့် လူ တစ်ယောက်က ကုမ္ပဏီရဲ့ အရေးကိစ္စတွေကို တစ်လ တာဝန်ယူရမည် ဖြစ်ပြီး အလှည့်ကျ တာဝန်ယူရမည့် အချိန်ကာလကလည်း သုံးလ အတိအကျ ဖြစ်သည်။
ဒီလို တွေးကြည့်တော့မှ ‘ အဲ့ဒီ သုံးယောက်စလုံးက တကယ့်ကို အားကိုးလို့ မရဘူးပဲ ’ ဟု စုယန်ယန် ခံစားလိုက်ရသည်။ အဘက်ဘက်ကနေ အမျိုးမျိုး ဖိအားပေးထားတာတောင်မှ သူတို့ဟာ နေ့စဉ်နေ့တိုင်း ဆိုတဲ့ အနေအထားကနေ တစ်နှစ်မှာ ရက်ပေါင်း ( ၃၆၀ ) ထက် ပိုများတဲ့ အနေအထားအထိ တိုးတက်ပြောင်းလဲအောင် မလုပ်နိုင်ကြပေ။
ယုကျစ်ယန် ၊ ကျိုးယန်ပိုင်နဲ့ ကုရှောက်ယန်တို့ သုံးယောက် : “ … ” ငါတို့ကို မတရားသဖြင့် အစွပ်စွဲခံရလည်း ငြိမ်ပဲ နေလိုက်ပါတော့မယ် … ။
“ ရှင် တစ်ယောက်တည်းလား။ ကုမ္ပဏီ ပတ်ဝန်းကျင်ကရော ကောင်းရဲ့လား။ ရှင် ကုမ္ပဏီကို ပထမဆုံးအကြိမ် သွားတာ ဆိုတော့ စိတ်ထဲမှာ သက်သောင့်သက်သာမရှိတာမျိုး ဖြစ်နေလားဟင်။ ကုမ္ပဏီရဲ့ ဝန်ထမ်းတွေနဲ့ရော အဆင်ပြေလား။ ”
စုယန်ယန်ရဲ့ စိုးရိမ်ပူပန်မှု ၊ ဂရုစိုက်မှုတွေ ပြည့်နှက်နေသော အသံကို ကြားသောအခါ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အပြုံးရိပ်လေးတွေ ပိုလို့ ယှက်သန်းသွားလေသည်။
သူမ စကားပြောလို့ ပြီးသွားတော့မှ ဟောက်ချန်ဟွမ်းက သူမကို အသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။ “ ကိုယ်က ဒီကုမ္ပဏီရဲ့ ဘော့စ်ပါ ယန်ယန်ရယ်။ ”
သူက ကုမ္ပဏီ တစ်ခုလုံးမှာ ရာထူး အကြီးဆုံး ဖြစ်သည်။ အရင်တုန်းက သူ ကုမ္ပဏီကို သိပ်မလာခဲ့ချိန်မှာတောင် ဘယ်သူမှ သူ့ကို အလွယ်တကူ မထီလေးစား မလုပ်ရဲကြ။ သူကိုယ်တိုင် ကုမ္ပဏီမှာ လာအလုပ်,လုပ်နေတဲ့ အခုလို အချိန်မျိုးမှာ ဆိုရင် ထည့်ပြောနေစရာပင် မလိုတော့။
စုယန်ယန်သည်လည်း ပြောချင်တာတွေ ပြောပြီးသွားတော့မှ သူမ အူကြောင်ကြောင် မေးခွန်းတွေကို မေးခဲ့မိမှန်း နားလည်ကာ မျက်နှာလေး ရဲသွားပြီး ဘာမှ ထပ်မပြောတော့။
သူမဘက်က တိတ်ဆိတ်သွားတာကို သတိထားမိသော ဟောက်ချန်ဟွမ်းက သူမအတွေးတွေကို အတိအကျ ခန့်မှန်းကာ သူ့ဘက်က အရင် စကားလမ်းကြောင်းလွှဲလိုက်သည်။ “ မင်း ဒီအချိန် ကိုယ့်ကို ဖုန်းဆက်တယ် ဆိုတော့ ကိုယ့်ကို လွမ်းနေတာလား။ ”