အခန်း ၅၄၇
Vol. 37 Ch. 547
အခန်း ( ၅၄၇ ) ရှင် ကားမောင်းနေတာလို့ ကျွန်မ သံသယရှိတယ်။
စုယန်ယန်သည် သူမ ဟောက်ချန်ဟွမ်းကို ဘာကြောင့် ဖုန်းဆက်လိုက်တာလဲ ဆိုတဲ့ အကြောင်းပြချက်ကို နောက်ဆုံးမှာ သတိရသွားသော်လည်း ချက်ချင်းပဲ ငြင်းဆန်လိုက်၏။ “ ဘယ်ကသာ။ ”
“ မင်း ကိုယ့်ကို မလွမ်းဘူးပေါ့ … ”
“ ကျွန်မ … ” စုယန်ယန် တစ်ယောက် ပြောစရာပင် မရှိတော့။
“ ဒါဆို မင်း ကိုယ့်ကို လွမ်းနေတာပဲ။ သေချာတယ်။ ”
စုယန်ယန် ဆွံ့အသွားမိသည်။ သူ ပြောတာ မှန်ပေမဲ့လည်း သူ ပြောတဲ့ စကားထဲမှာ ဘာလို့ သူမက အရမ်း အရှက်မဲ့တဲ့ ပုံစံ ပေါက်နေရတာလဲ။
“ ရှင် … ”
“ ကိုယ်လည်း မင်းကို လွမ်းတယ်။ ”
စုယန်ယန်သည် ပြန်လည်ချေပဖို့ ပါးစပ်ပြင်နေရာမှ တစ်ယောက်သောသူရဲ့ ချစ်စရာကောင်းသော ဖွင့်ဟဝန်ခံချက်ကြောင့် နှလုံးသားလေး လှုပ်ခါသွားရလေသည်။ ဘာပြောလို့ ပြောရမှန်း မသိဘဲ ရှက်သွေးဖြာသွားမိသော်လည်း တစ်ချိန်တည်းမှာပဲ ရင်ခုန် ချိုမြိန်မှုကို ခံစားနေရသည်။
ဆက်တိုက် အစနောက်ခံနေရသော စုယန်ယန်လည်း အရှုံးပေးလိုက်ပါတော့သည်။ ဟောက်ချန်ဟွမ်း မေးသော မေးခွန်းကို သူမ မသိချင်ယောင်ဆောင်၍ ပြောစရာရှိသော စကားကိုသာ ပြောလိုက်သည်။ “ အင်း။ ကျွန်မ ရှင့်ကို ပြောစရာ ရှိလို့ ဖုန်းဆက်လိုက်တာရယ်။ ”
“ ဘာပြောမလို့လဲ ယန်ယန်။ ”
“ မနေ့ညတုန်းက ကျွန်မကို နေရာ လှလှလေးကို ခေါ်သွားခဲ့တဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ။ ပြီးတော့ ကျွန်မကို အဲ့ဒီလို လှပတဲ့ ပိုင်ဆိုင်မှု တစ်ခုကိုလည်း ပေးခဲ့သေးတယ်။ ဒီနေ့ည ညစာအတွက် ရှင် စားချင်တဲ့ ဟင်းလျာကို ရှင့်စိတ်ကြိုက် ရွေးချယ်ခွင့်ပြုပါ့မယ်။ ရှင် ဒီအခွင့်အရေးကို လက်လွတ်ခံလို့ မရဘူးနော်။ ရှင် လက်လွတ်ခံလိုက်ရင် နောက်တစ်ခေါက် ဒီအခွင့်အရေးမျိုး ပြန်ရမှာ မဟုတ်ဘူး။ ရှင် စားချင်တာကို အခု ကျွန်မကို ပြောပါ။ ကြာနေရင်တော့ ကျွန်မ စိတ်ပြောင်းလိုက်မှာနော်။ ”
“ ကိုယ် စားချင်တာကို ရွေးရမှာလား။ ” ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေ အရောင်တောက်သွား၏။ “ ဘာဖြစ်ဖြစ် ရလား။ ”
“ ကျွန်မ ချက်ပေးနိုင်တဲ့ ဟင်းလျာ ဖြစ်နေသရွေ့ ဘာမဆို အဆင်ပြေပါတယ်။ ”
ခဏလောက် တိတ်ဆိတ်သွားပြီးမှ ဟောက်ချန်ဟွမ်းက တိုးလျစွာ ပြောလိုက်သည်။ “ ကိုယ် ဒီည ဘာမှ မစားချင်ဘူး။ ”
“ အမ်။ ” ထိုအဖြေဟာ စုယန်ယန် မျှော်လင့်ထားသော အဖြေမျိုး မဟုတ်။
“ ရှင် ဘာလို့ ရုတ်တရက်ကြီး ဘာမှ မစားချင်တော့တာလဲ။ ရှင် နေမကောင်းဘူးလားဟင်။ ရှင့်မှာ အစာစားချင်စိတ် မရှိဘူးလား။ ”
စုယန်ယန်ရဲ့ မေးခွန်းတွေ မဆုံးခင်မှာပဲ ဖုန်း တစ်ဖက်က အသံ ထွက်ပေါ်လာခဲ့သည်။ “ ကိုယ် မင်းကို စားချင်တယ်။ ”
ပြောစရာ စကား မရှိတော့သော စုယန်ယန် : “ … ”
ဟောက်ချန်ဟွမ်းနံဘေးရှိ လူများ : “ !!! ” ငါ ဘယ်သူလဲ။ ငါတို့ ဘယ်ရောက်နေတာလဲ။ ဒီတစ်နေ့ ပြီးသွားရင် ငါတို့ အသက်ရော ရှင်နိုင်ပါ့မလား။
စုယန်ယန်ရဲ့ မျက်နှာက စတော်ဘယ်ရီသီးလေးလို နီရဲသွားပြီး စတင် ပေါက်ကွဲဝောာ့သည်။ “ ရှင် ကားမောင်းနေတာလို့ ကျွန်မ သံသယရှိတယ်။ ပြီးတော့ ကျွန်မမှာ သက်သေလည်း ရှိတယ်။ ”
“ အိုး … ” ဟောက်ချန်ဟွမ်းရဲ့ ပုံစံကတော့ တစ်ချက်လေးတောင် တွန့်မသွား။ သူ့အသံက လူတွေ သူ့ကို ထရိုက်ချင်စိတ်ပေါက်လောက်အောင် တည်ငြိမ်နေခဲ့ပါသည်။ “ မင်း ကားထဲကို ဝင်ချင်လား။ ကိုယ် မင်းကို ကား တစ်ပတ်လောက် ပတ်မောင်းပေးနိုင်ပါတယ်။ ”
ဟောက်ချန်ဟွမ်းအောက်မှာ ထိုင်နေကြသော လူတွေ အကုန်လုံး ဆွံ့အငြိမ်သက်သွားကြသည်။ ကား .. ဟုတ်လား။ ဘာကားလဲ။ သူတို့ ဘာအကြောင်း ပြောနေကြတာလဲ။ ပြောနေတဲ့ စကားတွေက နက်နဲလွန်းလို့ သူတို့တောင် နားမလည်နိုင်တော့။ ဟုတ်တယ် ၊ သူတို့ နားကို မလည်နိုင်တော့ဘူး။
စုယန်ယန်ကတော့ မျက်နှာတင် မဟုတ်ဘဲ နားရွက်ဖျားတွေပါ ရဲတက်လာသည်။ ဖုန်းချပစ်ချင်စိတ်ကို တွန်းလှန်ကာ သူမ မကျေမနပ် ပြောလိုက်သည်။ “ ကျွန်မ အတည် ပြောနေတာနော်။ ရှင် ဘာစားချင်လဲ။ ရှင် မပြောရင် ကျွန်မဘာသာပဲ ချက်ချင်တာ ချက်လိုက်တော့မယ်။ ”
စုယန်ယန် ဒေါသပေါက်ကွဲတော့မယ် ဆိုတာ ဟောက်ချန်ဟွမ်း သိသည်။ သူ ခပ်တိုးတိုး ရယ်ရင်း ပြောလိုက်၏။ “ ကိုယ် ချိုချိုချဉ်ချဉ် ယန်ယန်လေးကို စားချင်တယ် ၊ နှပ်ပြီး ချက်ထားတဲ့ ယန်ယန်လေးကို စားချင်တယ် ၊ ကြော်ထားတဲ့ ယန်ယန်လေးကိုလည်း စားချင်တယ်။ အိုး ၊ ထားလိုက်တော့ … ယန်ယန်လေးကို ပေါင်းပဲ ပေါင်းကြရအောင်။ ပင်ကို အရသာက အကောင်းဆုံးပဲ။ ”
စုယန်ယန် တစ်ယောက် ပြောစရာ စကားတွေ ပျောက်ရှသွားသည်။
နေရာတွင် ရှိနေသော လူများ : “ … ” သောက်ကျိုးနည်း။ ဘော့စ်နဲ့ သခင်မလေးတို့တွေ အိမ်မှာ တကယ့်ကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြတာလား … ။
စုယန်ယန် ကြက်သေ သေသွားပေမဲ့ ဒေါသတော့ ပေါက်ကွဲလိုက်ပါသေးသည်။ “ စား ၊ စား ၊ စား။ ရှင် ဗိုက်ပေါက်ထွက်အောင် စားနိုင်တယ် ဆိုရင် ဒီည ဘာမှ စားစရာ မလိုဘူး။ ”
ဟောက်ချန်ဟွမ်းရဲ့ တုံ့ပြန်စကားကို မစောင့်ဘဲ သူမ ဖုန်းချလိုက်သည်။
ဟောက်ချန်ဟွမ်းသည် သူ့ဇနီးလေးဆီမှာ အအော်ခံရတာတောင်မှ စိတ်ဆိုးရမည့်အစား သူ့ပုံစံက အနည်းငယ် ပျော်ရွှင်သလို ဖြစ်သွားသည်။ သူ့အပြုံးက လူတိုင်းကို ခေါင်းနားပန်းကြီးသွားစေခဲ့သည်။
ဇနီးလေးကို စနောက်နေရာမှ သတိပြန်ဝင်လာသော ဟောက်ချန်ဟွမ်းက သနားစဖွယ် ပရိသတ်ကို သူ မေ့လျော့သွားမှန်း နောက်ဆုံးမှ သတိရတော့သည်။
ထို့နောက် လူတိုင်းသည် သူတို့ဘော့စ်ရဲ့ ရုတ်ချည်း ပြောင်းလဲသွားတဲ့ မျက်နှာကို ကံကောင်းစွာ မြင်ခဲ့ကြရသည်။
လွန်ခဲ့တဲ့ မိနစ် အနည်းငယ်တုန်းကမှ ဇနီးလေးကို နူးနူးညံ့ညံ့ စနောက်ကာ သူ့အချစ်ကို ရင်ခုန်ချင်စဖွယ် ဝန်ခံနေသူဟာ သူတို့ဘက်ကို မျက်နှာမူလိုက်ချိန်မှာတော့ ရွက်ကြွေတွေကို ဝှေ့ရမ်းသယ်ဆောင်သွားသော ဆောင်းဦးလေကဲ့သို့ ခံစားချက်မဲ့ အေးစက်နေခဲ့လေသည်။
ဟောက်ချန်ဟွမ်းရဲ့ စူးရှသော အကြည့်က အခန်းထဲတွင် ရှိနေသော လူတိုင်းဆီ ဖြန့်ကျက်သွားကာ အပြုံးယဲ့ယဲ့ဖြင့် ပြောလိုက်သည်။ “ ခင်ဗျားတို့ အခု ဘာတွေ မြင် ၊ ဘာတွေ ကြားလိုက်ရတာလဲ။ ”
အခန်းထဲတွင် ရှိနေတဲ့ လူများ : “ … ” သေစမ်း။ ဒါက သေစေနိုင်လောက်တဲ့ မေးခွန်းကြီးဟ … ။