အခန်း ၅၅၀
Vol. 37 Ch. 550
အခန်း ( ၅၅၀ ) ထူးမခြားနား သာမန်ရုပ်ရှည်ပိုင်ရှင် လူငယ်လေး။
တိတိကျကျ ပြောရမည် ဆိုလျှင် တကယ်တော့ သူတို့ဟာ ဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ မဟုတ်ပါ။
ရောက်လာသူ သုံးယောက်ထဲမှ တစ်ယောက်က အရင်တုန်းက အကူအညီလာတောင်းခဲ့ဖူးသော သခင်ကြီးကျန်း ဖြစ်သည်။ သူ့ဘေးမှာတော့ အသက် ( ၂၀ ) ဝန်းကျင်လောက် ရှိမည်ဟု ထင်ရသော မိန်းကလေး တစ်ယောက် ရှိသည်။ ဝှီးချဲပေါ်က မိန်းကလေးကတော့ အဖေ မပီသသော အဖေကြောင့် ထိခိုက်ထားသော သူ့မြေးမ အကြီးဆုံးလေး ဖြစ်ရမည်။
သူမနံဘေးမှာတော့ သူမထက် အသက် အနည်းငယ် ငယ်သော လူငယ်လေး တစ်ယောက် ရှိသည်။ သူ့ခေါင်းပေါ်မှာ မျှော်စင် တစ်ခုလို ဂျယ်လ်ထောင်ထားတဲ့ အစိမ်းရောင် ဆံပင်တွေ ရှိပြီး သူ့မျက်နှာပေါ်မှာ ရှိတဲ့ ပေါင်ဒါတွေဟာ နံရံတွေကိုပင် ဆေးသုတ်လို့ ရလောက်သည်။
အလွန်အကျွံ ပြင်ထားသော ခပ်မှိုင်းမှိုင်း ခပ်ရင့်ရင့် မိတ်ကပ်နှင့် ဘယ်သူ့ကိုမှ အဖတ်မလုပ်သော ပုံစံက သူ့ကို အရူး တစ်ယောက်နှင့် တူသွားစေသည်။
လူငယ်လေးက စုယန်ယန်ကို မြင်တော့ အံ့ဩသွားသော်လည်း ခဏအကြာမှာပဲ သူ့ပုံစံက သူမကို မယုံသင်္ကာဖြစ်နေသလို ဖြစ်သွားသည်။
စုယန်ယန်ကတော့ သူ ဘာတွေးနေလဲ ဆိုတာ ဂရုမစိုက်။ “ ဦးလေးတို့ ဒီကို ဘာလုပ်ဖို့ ရောက်လာကြတာလဲ မသိဘူး။ ”
သူမ သေချာ မှတ်မိသလောက် သခင်ကြီးကျန်းနဲ့ တွေ့ဖို့ ချိန်းဆိုထားတဲ့ အချိန်က ကိုးနာရီမှာ ဖြစ်ရမှာ မဟုတ်လား … ။ အခုမှ ခုနှစ်နာရီပဲ ရှိသေးတယ် ၊ တစ်နာရီမကတောင် စောနေတာလေ … ။
သခင်ကြီးကျန်းသည် အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားမိ၏။ ဟောက်ချန်ဟွမ်း ပြန်မတ်တပ်ရပ်နိုင်တာကို မြင်ခဲ့ရတဲ့ ဟိုတစ်နေ့ကတည်းက သူ အလွန့်အလွန် စိတ်လှုပ်ရှားနေခဲ့ရတာပင်။ ပြီးခဲ့တဲ့ ညတွေမှာ သူ နှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်နိုင်ခဲ့။
စုယန်ယန်က သူမ အားလပ်သည့် နောက်တစ်ပတ်မှာ သူ့မြေးမလေးကို ခေါ်လာခဲ့ဖို့ ပြောထားသည်။ နောက်တစ်ပတ် ဘယ်နေ့ လာခဲ့ရမလဲ ဆိုတာကို တနင်္လာနေ့မှာ သူ ဖုန်းဆက်လှမ်းမေးခဲ့သည်။
ညနေ ကိုးနာရီမှာ တွေ့ဖို့ ချိန်းဆိုထားကြသော်လည်း သူတို့ နောက်ကျလျှင် စုယန်ယန် သဘောမတွေ့မှာကို စိုးရိမ်သောကြောင့် စောစော လာဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်သည်။
အချိန်က ညနေ ရှစ်နာရီတောင် ထိုးတော့မည်။ စုယန်ယန်တို့ မိသားစုဟာ တော်တော်လေး နောက်ကျမှ ညစာ စားလိမ့်မည်ဟု သူတို့ မျှော်လင့်မထားခဲ့။
သူတို့ ရောက်လာတာက တိုက်တိုက်ဆိုင်ဆိုင် ညစာစားချိန်နှင့် တစ်ထပ်တည်း ကျနေခဲ့သည်။ ဘယ်သူပဲ ကြည့်ကြည့် ၊ သူတို့ဟာ ညစာ အလကား စားရဖို့ ဒီအချိန်ကို တမင် ရွေးလာခဲ့သလို ပုံစံ ဖြစ်နေပါသည်။
စုယန်ယန်က သခင်ကြီးကျန်းရဲ့ ရှက်ရွံ့သွားသော မျက်နှာကို သတိပြုမိသွားကာ တိတ်တဆိတ် စူးစမ်းနေသော မစ်စ်ကျန်းကို တစ်ချက် ကြည့်လိုက်သည်။ စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက်ကို မှုတ်ထုတ်ရင်း သူ့ခံစားချက်တွေကို သူမ နားလည်သွားသည်။ အတိတ်တုန်းက ဟောက်ချန်ဟွမ်း အမြန်ဆုံး ပြန်မတ်တပ်နိုင်စေရန် အတွက် သူမလည်း နှစ်လိုမှုရမှတ်တွေကို အမြဲ ပို,လိုချင်ခဲ့ဖူးသည်။
မျှော်လင့်ချက်မဲ့နေသော သူမဘဝထဲမှာ မျှော်လင့်ချက် လင်းရောင်ခြည်လေး ရုတ်တရက် ယှက်သန်းသွားသည်။ သူမ ဝမ်းလျားမှောက် တွားသွားရမည် ဆိုလျှင်တောင် ထိုမျှော်လင့်ချက်ကို အမြန်ဆုံး ဖမ်းဆုပ်နိုင်ဖို့ မျှော်လင့်မိသည်။
စုယန်ယန်ရဲ့ နှလုံးသားလေးက နူးညံ့ပျော့ပျောင်းသွားသည်။ “ ဦးလေးတို့ အစောကြီး ရောက်လာကြတာပဲ။ ဘာမှ မစားရသေးဘူး မဟုတ်လားဟင်။ ကျွန်မတို့နဲ့ လာစားပါလား။ ”
သခင်ကြီးကျန်းက အနည်းငယ် အံ့ဩသွားပြီးမှ ပြန်ပြောသည်။ “ နေပါစေ ၊ ငါတို့ … ”
“ ဂွီ — ”
ဂွီခနဲ အသံက အခန်းထဲမှာ ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ အခန်းထဲမှာ ချက်ချင်း တိတ်ဆိတ်သွားကာ လူ အနည်းငယ်ကြားမှ လေထုကလည်း သိမ်မွေ့လာခဲ့သည်။
အဆုံးသတ်မှာ တိတ်ဆိတ်မှုကို စတင် ချိုးဖျက်လိုက်သူက စုယန်ယန် ဖြစ်ပါသည်။ သူမ ခပ်တိုးတိုး ရယ်မောလိုက်သည်။ “ ဦးလေးတို့ ဒီကို ရောက်နေပြီးမှတော့ အရမ်း ယဉ်ကျေးနေစရာ မလိုပါဘူးနော်။ ကျွန်မ ဒီည ဟင်းတွေ ပိုချက်ထားတယ်။ ကုန်အောင် မစားနိုင်ရင် အကုန်လုံး အလဟဿဖြစ်ကုန်မှာလေ။ ဦးလေးတို့ အဆင်ပြေတယ် ဆိုရင် အတူတူ စားကြရအောင်ပါ။ ”
သခင်ကြီးကျန်းက သူမကို အားတုံ့အားနာ ပြန်ပြုံးပြသည်။ “ ဒါဆိုလည်း ငါ လက်ခံပါ့မယ်။ ”
သခင်ကြီးကျန်းနောက်မှာ ရပ်နေတဲ့ ခုနတုန်းက ဂွီခနဲ မြည်သံရဲ့ တရားခံ သခင်လေးကျန်းသည် သူ့ရဲ့ နာခံမှုမရှိသော ဗိုက်ကို စိတ်ပျက်လက်ပျက် ရိုက်လိုက်မိသည်။ တွင်း ခပ်ကြီးကြီး တစ်တွင်း တူးပြီး သူ့ရဲ့ အစိမ်းရောင်ကိုသာ ဖော်ထားကာ တစ်ကိုယ်လုံး မြုပ်ထားနိုင်ဖို့ သူ ဆုတောင်းမိသည်။
ရှက်စရာကောင်းလိုက်တာ။ သူ ဒီကို မလာခင် လောလောလတ်လတ်တုန်းကမှ အာဟာရဖြည့်စွက်စာ ဖျော်ရည် တစ်ခွက် သောက်ခဲ့တာမို့ အကျိုးသင့် အကြောင်းသင့် ပြောရရင် ဒီအချိန်မှာ သူ ဗိုက်မဆာသင့်သေးဘူး။
မီးဖိုချောင်ထဲက အစားအသောက်တွေရဲ့ မွှေးရနံ့တွေပို အနံ့ခံလိုက်မိသောကြောင့်သာ သူ့အစာအိမ်ထဲက အသံထွက်လာတာပင်။ အရှက်တွေတော့ ကွဲပါပြီကွာ … ။
ထိုသခင်လေးက သူ့အဘိုးကို တစ်ယောက်ယောက် သစ္စာဖောက်မှာကို စိုးရိမ်သဖြင့် သူတို့နှင့် လိုက်ရန် ငြင်းဆန်နေခဲ့သည်။ သူ ဆေးရုံမသွားဘဲ တစ်ယောက်ယောက်ရဲ့ အိမ်ကို ကုသမှုခံယူဖို့ မလာဘူး ဆိုလျှင် သူများအိမ်မှာ ညစာကို စိတ်ချလက်ချ စားနိုင်မှာ မဟုတ်။
ထမင်းစားခန်းသို့ သွားရာလမ်းတွင် သခင်လေးရဲ့ မျက်နှာပေါ်မှာ အကြောတွေ တင်းမာနေခဲ့သည်။ အဏုကြည့်မှန်ပြောင်း တစ်ခုအဖြစ် သူ အသွင်ပြောင်းသွားပြီး လူလိမ်ရဲ့ သရုပ်မှန်ကို ထုတ်ဖော်နိုင်လိမ့်မည်ဟု ထင်မိသည်။ ထိုအတွေးက အထက်တန်း ဒုတိယနှစ်သာ ရှိသေးသော သခင်လေးကို လေအလျှော့ခံလိုက်ရသော ဘောလုံး တစ်လုံးကဲ့သို့ စိတ်ပျက်လက်ပျက် ဖြစ်သွားစေ၏။