အခန်း ၅၅၅
Vol. 37 Ch. 555
အခန်း ( ၅၅၅ ) ကျွန်တော့်အစ်မကို တကယ် ကုသလို့ ရပါ့မလား။
စုယန်ယန်သည် အခန်းထဲမှာ လူနာကို ကုသရင်း အလုပ်ရှုပ်နေကာ သူတို့ သုံးယောက်ကတော့ အခန်းအပြင်မှာ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေခဲ့ကြရသည်။
အထူးသဖြင့် အခန်းထဲကနေ ပြန်ထွက်လာကတည်းက သိချင်စိတ်ပြင်းပြစွာ စိတ်လှုပ်ရှားနေခဲ့သော ကျန်းချန်းဝမ် ဖြစ်သည်။ ဧည့်သည်အခန်းရှေ့မှ ကြမ်းပြင်ဟာ သူ အခေါက်ခေါက် အခါခါ လျှောက်နေ၍ ဆွေးရိပြီး ပြိုကျသွားတော့မည်ဟု ထင်ရသည်။
အစပိုင်းမှာ သခင်ကြီးကျန်းက အတော်လေး စိတ်တည်ငြိမ်နေခဲ့သည်။ သူက အခွင့်အရေးကို မိမိရရ အသုံးချကာ သူ ခုနတုန်းက ပြောခဲ့သော သူ့ရဲ့ သူငယ်ချင်းဟောင်းကိုပင် ဖုန်းဆက်ကာ C မြို့တော်မှာ ရှိတဲ့ အိမ်အကြောင်း မေးနေခဲ့သည်။
ထိုသူငယ်ချင်းဟောင်းကလည်း အလွန် သစ္စာရှိသည်။ အချိန် အတိုင်းအတာ တစ်ခုထိ သူ့မြေးမလေးကို C မြို့တော်မှာ နေခိုင်းရန် ခေါ်လာမည် ဖြစ်ကြောင်း သိသွားသောအခါ ချက်ချင်းပဲ ‘ တခြား အပြင်နေရာကို ငှားဖို့ စိတ်တောင် မကူးနဲ့ ’ ဟု ပြောလာခဲ့သည်။ တခြား နေရာမှာ ငှား,နေရတာက သူ့အိမ်မှာ နေရတာလောက် သက်သောင့်သက်သာရှိမတဲ့လား။
သူတို့ နေထိုင်သော အိမ်ကလည်း သိပ်မကြီးဘဲ အမြဲတမ်း လူလွတ်နေခဲ့တာပင်။ သူတို့ ထိုအိမ်မှာ နေမည် ဆိုလျှင် မြေးအဘိုး နှစ်ယောက်ဟာ အိမ်ကို ကူညီသန့်ရှင်းပေးဖို့သာ လုပ်စရာရှိသည်။ တခြား နေရာကို ငှားနေစရာ မလိုပါ။ နှစ်ရက်အတွင်း သူ အားလပ်ချိန်ရသည်နှင့် လူလွှတ်ကာ သော့တွေ ပေးခိုင်းလိုက်မည်။
ထိုစကားကို ကြားသော သခင်ကြီးကျန်းကလည်း သူ့သူငယ်ချင်းရဲ့ စေတနာကို မငြင်းဆန်ခဲ့။ သူ ထိုနေရာမှာ နေဖို့ အမှန်တကယ် လိုအပ်နေတာပါ။ အခွင့်အခါလည်း ကြုံသောကြောင့် သူ ဘာမှ ငြင်းဆန်နေစရာ မလိုပေ။
စက္ကန့်တွေ ၊ မိနစ်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ တစ်နာရီခန့် ကြာသွားပြီးနောက် သခင်ကြီးကျန်းသည် စတင် စိုးရိမ်လာခဲ့သည်။ ဧည့်သည်အခန်းရဲ့ ပိတ်ထားတဲ့ တံခါးကို သူ ဆက်တိုက် စိုက်ကြည့်နေမိသည်။ ဟောက်ချန်ဟွမ်းနှင့် သူ စကားပြောနေချိန်မှာတောင် စိတ်က ပြောလက်စ စကားထဲမှာ မရှိဘဲ အာရုံပျံ့လွင့်နေသည်။
တကယ်တော့ ဟောက်ချန်ဟွမ်းလည်း နည်းနည်းလေး စိုးရိမ်နေတာ ဖြစ်သည်။ သို့သော် သူ စိုးရိမ်တာက အထဲက မစ်စ်ကျန်းရဲ့ အခြေအနေကို မဟုတ်ဘဲ သူ့ဇနီးလေး ပင်ပန်းနေမှာကို စိုးရိမ်နေတာ ဖြစ်လေသည်။
တစ်နေကုန် အလုပ် လုပ် ၊ ညစာ ချက်ပြီးတဲ့နောက်မှာတောင် သူမက လူ တစ်ယောက်ကို အကြာကြီး ဆေးကုပေးနေရသည်။ ထိုအကြောင်းကို တွေးကြည့်ရုံဖြင့် သူ ပင်ပန်းလာမိသည်။
ဟောက်ချန်ဟွမ်းသည် သူ့ဇနီးလေးဆီသို့ နှလုံးသားလေး ခုန်ပျံထွက်သွားရင်း ဤမိသားစုကို အမြင်မကြည်ဖြစ်သွားမိသည်။
သူနှင့် သူ့မိဘတွေရဲ့ ဆက်ဆံရေးအကြောင်းကို သခင်ကြီးကျန်းအား ပြောပြနေရင်း စုယန်ယန်ရဲ့ အကြောင်းကိုပါ မစဉ်းစား မဆင်ခြင်ဘဲ ပါးစပ်ကနေ လွှတ်ခနဲ ပြောလိုက်မိသည့် ကိုယ့်ကိုယ်ကိုယ် နောင်တရသွားသည်။
သခင်ကြီးကျန်းကတော့ တစ်ယောက်သောသူဟာ ဇနီးဖြစ်သူကို သနား၍ သူနှင့် ပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ် စတင် နောင်တရနေပြီ ဖြစ်ကြောင်း မသိရှာ။ အကယ်၍ သူသာ သိခဲ့လျှင် ရင်ထုမနာ ဖြစ်သွားလောက်သည်။
“ အထဲမှာ ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိတာလဲ အဘိုး။ အစ်မ … ”
“ မင်းအစ်မရဲ့ အခြေအနေက အရမ်း ပြင်းထန်တော့ ကုသဖို့ အချိန် တော်တော် ယူရလိမ့်မယ်။ စိတ်ရှည်လက်ရှည် စောင့်ပါကွယ်။ ”
ပါးစပ်က ထိုစကားကို ပြောလိုက်သော်လည်း သခင်ကြီးကျန်းရဲ့ မျက်လုံးတွေကတော့ တံခါးဆီကနေ ခွာလို့ မရပေ။ သူ့နှလုံးသားထဲမှာလည်း စိုးရိမ်စိတ်တွေ ပြည့်နှက်နေတာ သိသာပါသည်။
ထိုအချိန်မှာပဲ တံခါးပွင့်သွားကာ စုယန်ယန်သည် သမ်းဝေလျက် အခန်းထဲမှ ထွက်လာသည်။
“ ကဲ ၊ အထဲဝင်ပြီး သူမကို ခေါ်လိုက်ကြပါ။ သူမ အခုလောက်ဆို အိပ်ချင်နေလောက်ပြီ။ ”
ကျန်းချန်းဝမ်က ချက်ချင်း ပြေးဝင်သွားသည်။ “ နင် အဆင်ပြေရဲ့လား အစ်မ။ ”
သို့သော်လည်း သူ့မျက်လုံးတွေက သူ့အစ်မရဲ့ တောက်ပနေသော မျက်လုံးများနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။ “ အစ်မ … ”
“ အစ်မ အဆင်ပြေပါတယ်။ အစ်မကို ဒီအခန်းထဲကနေ ခေါ်ထုတ်သွားပေးနော်။ ”
“ ဟုတ် ဟုတ်။ ” ကျန်းချန်းဝမ်သည် စက္ကန့် အနည်းငယ်လောက် ကြာအောင် အံ့ဩဆွံ့အနေပြီးမှ သတိပြန်ဝင်လာကာ သူ့အစ်မကို အမြန် ပွေ့ချီပြီး ဝှီးချဲပေါ် တင်ပေးလိုက်သည်။ သူ့အစ်မဟာ ခါတိုင်း ပုံစံနှင့် မတူတော့သလိုပဲဟု သူ ခံစားရသည်။
သခင်ကြီးကျန်းက စုယန်ယန်ကို မြင်တော့ မတ်တပ်ရပ်လိုက်သည်။ သခင်ကြီးကျန်းသည် ဧည့်သည်အခန်းထဲဝင်ပြီး သူ့မြေးမလေးကို တွေ့ချင်စိတ်အား ထိန်းချုပ်ကာ စုယန်ယန်ကို မေးလိုက်သည်။ “ မစ်စ်စု ၊ ရို့ရို့ ဘယ်လိုနေလဲဟင် … ”
“ ကျွန်မ သူမကို ကုသပေးပြီးပါပြီ။ သူမရဲ့ အခြေအနေက ချန်ဟွမ်းထက် နည်းနည်းလေး ပိုဆိုးတယ်။ ”
ထိုစကားကို ကြားချိန်မှာ သခင်ကြီးကျန်းရဲ့ နှလုံးသားခုန်သံဟာ စည်းချက် တစ်ချက် လွတ်သွားသည်။ သူမရဲ့ အခြေအနေက ဟောက်ချန်ဟွမ်းထက် ဆိုးတယ်တဲ့လား ၊ ဒါဆို …
“ ကံကောင်းစွာနဲ့ သူမက ကုသမှု ခံယူရမယ့် အချိန်ကို ဟောက်ချန်ဟွမ်းလောက် အချိန်မဆွဲခဲ့တော့ ပြန်ကောင်းနိုင်တဲ့ အခွင့်အရေးတွေက တော်တော်လေး မြင့်နေသေးပါတယ်။ နှစ်နှစ် ၊ သုံးနှစ်လောက်သာ ကြာသွားရင် သိပ်လွယ်မှာ မဟုတ်ဘူး။ ”
သခင်ကြီးကျန်းရဲ့ စိတ်က ရိုလာကိုစတာ စီးနေရသလို နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ ကျန်းမာသော နှလုံးကြောင့်သာ မဟုတ်လျှင် သူ သတိလစ် မေ့လဲနေပြီးပြီပင်။
“ ကောင်းတယ် ၊ ကောင်းတယ်။ ”
သူ့အစ်မ ထိုင်နေသော ဝှီးချဲကို တွန်း၍ ထုတ်လာသော ကျန်းချန်းဝမ်သည် သူတို့ ပြောနေသော စကားကို ကြားသွားတော့ မျက်မှောင်ကြုတ်လိုက်ကာ ဆုံးဖြတ်ချက်ချလိုက်ပုံပေါ်သည်။ သူ ရုတ်တရက် မေးလိုက်၏။ “ ခင်ဗျား ကျွန်တော့်အစ်မကို ကုသပေးနိုင်တာ သေချာရဲ့လား။ ”