အခန်း ၅၅၆
Vol. 38 Ch. 556
အခန်း ( ၅၅၆ ) မင်းကတော့ အထိုးခံချင်နေတာပဲ။
အခန်းအတွင်းရှိလေထုက တင်းမာသွားသည်။
“ ချန်းဝမ်။ ” သခင်ကြီးကျန်းက စုယန်ယန်ကို ကျန်းချန်းဝမ် စော်ကားပြောဆိုမှာကို စိုးရိမ်၍ အော်ပြောလိုက်သည်။
ဟောက်ချန်ဟွမ်းက ကျန်းချန်းဝမ် ပြောသော စကားတွေကို သူ့ဇနီးအား မယုံသင်္ကာဖြစ်နေခြင်းဟု ယူဆကာ မျက်နှာ မည်းခနဲ ဖြစ်သွားသည်။
စုယန်ယန်ကတော့ ထိုစကားကို စိတ်ထဲ ထည့်ပုံ မရ။ “ အခုလို အနေအထားအတိုင်း မှန်မှန်လေး ဆက်သွားမယ် ဆိုရင် ကျွန်မ သူ့ကို ကုသပေးနိုင်ပါတယ်။ ”
ကျန်းချန်းဝမ်သည် အံကြိတ်ကာ သူ့အစ်မနောက်တွင် ကွယ်နေရာမှ လျှောက်ထွက်လိုက်လာလိုက်၏။ သူ စုယန်ယန်ကို ဖြောင့်မတ်တည်ကြည်စွာ ဦးညွှတ်လိုက်သည်။
သူက “ ခင်ဗျား ကျွန်တော့်အစ်မကို ကုသပေးနိုင်မယ် ဆိုရင် ကျွန်တော့်ဘဝကို ခင်ဗျား ပိုင်ပါပြီ။ ” ဟူ၍ပင် ပြောလိုက်သေးရဲ့။
စုယန်ယန် ဆွံ့အသွားမိသည်။ ကောင်လေး ၊ နင့်ကိုယ်နင် လေးစားစရာကောင်းတဲ့ သူရဲကောင်း ဒရာမာ ရိုက်နေတယ်လို့ ထင်နေတာလား … ။
ဟောက်ချန်ဟွမ်းရဲ့ မျက်နှာက အိုး တစ်လုံး၏ အောက်ခြေကဲ့သို့ မည်းမှောင်သွားသည်။ ‘ ကျွန်တော့်ဘဝက ခင်ဗျားအပိုင်ပါ ’ ဆိုတဲ့ စကားက ဘာအဓိပ္ပာယ်လဲ။ သူ့အစ်မကို ကုသပေးတဲ့ အဖိုးအခအဖြစ် သူ့ကိုယ်သူ ပြန်ပေးပြီး ကျေးဇူးဆပ်မယ်လို့ ပြောနေတာ မဟုတ်လား … ။
ဒီကောင်ဟာ သူ့အရှေ့မှာတောင် သူ့ဇနီးလေးကို ခိုးယူရဲသည်။ သူ့ကို အသက်မရှိတော့ဘူးလို့ ထင်နေတာလား … ။
“ ချန်းဝမ် … ” သခင်ကြီးကျန်းနှင့် ကျန်းချင်းရို့တို့က တစ်ချိန်တည်းမှာ ထိတ်လန့်အံ့ဩစွာ ရေရွတ်လိုက်ကြသည်။
သို့သော် ခုနတုန်းက ဒေါသအသံလို မဟုတ်ဘဲ ဒီတစ်ခေါက် အသံမှာတော့ စိုးရိမ်ပူပန်မှုတွေသာ ပြည့်နှက်နေပါသည်။
ဒီကလေးကတော့ ကိုယ့်အသက်ကိုယ် ဘယ်လိုလုပ် အလေးအနက် မထားနိုင်ရတာလဲ။
သူသာ ကိုယ့်အသက်ကိုယ် တန်ဖိုးထားရင် အဲ့လို စကားမျိုး ပြောမှာ မဟုတ်ဘူးလေ … ။
စုယန်ယန်သည် စက္ကန့် အနည်းငယ်လောက် နှုတ်ဆိတ်နေပြီးမှ ရယ်ချင်စိတ်ကို ထိန်းမရဝောာ့ဘဲ ရယ်ချလိုက်မိသည်။ “ ဒီလို တရားဥပဒေစိုးမိုးတဲ့ လူ့အသိုင်းအဝိုင်းမှာ ငါ ခိုးလည်း မခိုးဘူး ၊ လုလည်း မလုဘူး ၊ ပိုက်ဆံအတွက်လည်း လူမသတ်ဘူး။ ငါက ဘာလို့ မင်းအသက်ကို လိုချင်ရမှာလဲ။ ”
“ ကျွန်တော် … ” ကျန်းချန်းဝမ် အံ့ဩသွားသည်။ သူ ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ဘဲ မျက်လုံးပြူးသွား၏။
အဆုံးသတ်မှာတော့ သူက မရင့်ကျက်သော ကလေး တစ်ယောက်သာ ဖြစ်ပါသေးသည်။ စုယန်ယန်ရဲ့ မျက်လုံးထဲမှာ သူက ကလေး တစ်ယောက်ပါပဲ။
“ မင်း တကယ်ပဲ တစ်ခုခု လုပ်ပေးချင်တယ် ဆိုရင် ပထမဆုံးအနေနဲ့ … ” စုယန်ယန်က သူ့ရဲ့ အစိမ်းရောင် ဆံပင်ကို လက်ညိုးထိုးပြကာ တစ်လုံးချင်း အေးအေးဆေးဆေး ပြောလိုက်သည်။ “ ဒီ အစိမ်းရောင် ဆံပင်ကြီးကို အရောင်ပြောင်းလိုက်ပါ။ မျက်စိထဲ အရမ်း ကန့်လန့်ကြီး ဖြစ်နေတယ်။ ”
ဆံပင်ကို အစိမ်းရောင် ဆိုးတာက ဘာအဓိပ္ပာယ်မှန်း အခုခေတ် ကလေးတွေ နားမလည်ကြဘူးလား။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အဲ့ဒါက ထူးခြားဆန်းသစ်သော အသစ်အဆန်း ကိစ္စကို စမ်းသပ်ကြည့်လိုသည့် ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ စုယန်ယန်က ထိုအကြောင်း တွေးကြည့်ပြီး သူမရဲ့ မျက်လုံးတွေကို ဒုက္ခမခံခိုင်းဖို့ ဆုံးဖြတ်လိုက်သည်။
ကျန်းချင်းရို့ အပြည့်အဝ မသက်သာသေးခင်မှာ သူမဟာ ဒီမြေးအဘိုး နှစ်ယောက်နှင့် သေချာပေါက် အကြိမ် အနည်းငယ် တွေ့ဆုံရပါလိမ့်ဦးမည်။
သူ့အစ်မကို ဒီကလေး ဘယ်လောက် ဂရုစိုက်တယ် ဆိုတာကို ကြည့်လျှင် သူမ ကျန်းချင်းရို့ကို ကုသပေးနေတုန်း သူလည်း ရှိနေချင်လောက်သည်။
စုယန်ယန်သည် သူ့ဆံပင် အစိမ်းရောင်ကို အကြိမ် အနည်းငယ်လောက် ထပ်ကြည့်ပြီးနောက် ထိုဆံပင်ကြောင့် သူမ မျက်စိကန်းသွားနိုင်သည်ဟု ခံစားလိုက်ရ၏။
ဟောက်ချန်ဟွမ်းက သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်သည်။ လူ တစ်ယောက်ရဲ့ ခေါင်းပေါ်က အစိမ်းရောင် ဆံပင်တွေဟာ သူ့ရဲ့ လက်ရှိ စိတ်နေစိတ်ထားကို ကိုယ်စားပြုသည်ဟု သူ ခံစားရသည်။
ကျန်းချန်းဝမ်ကတော့ သူ့ဆီ တရွေ့ရွေ့ ကပ်လာသော အန္တရာယ်ကို သတိမပြုမိ။ သူ စုယန်ယန်ရဲ့ စကားတွေကို ကြာချိန်မှာ လက်ကို ဆန့်ထုတ်ရင်း ကိုယ့်ဘာသာ အရမ်း မိုက်တယ်လို့ ထင်နေသော အစိမ်းရောင်တောက်တောက် ဆံပင်ကို ထိကိုင်ကြည့်မိသည်။ သူ မျက်နှာငယ်လေးဖြင့် ပြောလိုက်၏။ “ တကယ်ကြီး အဲ့လောက် ကြည့်ရဆိုးနေတာလားဗျာ။ ”
စုယန်ယန်တင်မဟုတ်ဘဲ ကျန်းချင်းရို့နှင့် တခြား လူတွေပါ ဆွံ့အသွားကြသည်။
“ တကယ်တော့ အဘိုးနဲ့ အစ်မက မောင်လေးကို မောင်လေးရဲ့ ဆံပင်က တကယ် ကြည့်ရဆိုးတယ်လို့ ပြောချင်နေခဲ့တာပါ။ ” တကယ့်ကို အရုပ်ဆိုးလွန်းတာ ဖြစ်သည်။
သူမက သူမမောင်လေးရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုကို ကာကွယ်ပေးချင်တာကြောင့်သာ နှာခေါင်းကို လက်နှင့် ခပ်တင်းတင်း ဖျစ်ညှစ်ရင်း သည်းခံနေခဲ့တာပင်။
အခုတော့ တစ်စုံတစ်ယောက်က သူတို့ အချိန် အတော်ကြာ ဖုံးကွယ်လာခဲ့သော အမှန်တရားကို ထုတ်ဖော်ပြောဆိုနေပြီမို့ ကျန်းချင်းရို့ကလည်း စိတ်ဓာတ်ရေးရာ ဝန်ထုပ်ဝန်ပိုးတွေ မပါဝင်တဲ့ သေစေနိုင်လောက်သော ထိုးနှက်ချက် တစ်ခုကို သူမမောင်လေးဆီ ပစ်သွင်းလိုက်ပါတော့သည်။
ကျန်းချန်းဝမ်သည် မိုးကြိုးပစ်ခံလိုက်ရပြီး နေရာမှာတွင် ချက်ချင်း နှုတ်ပိတ်ခံလိုက်ရကဲ့သို့ ခံစားလိုက်ရသည်။
သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောမိကြလေသည်။
ကုသမှုကို နည်းနည်းလေး နောက်ကျမှ စတင်ခဲ့တာ ဖြစ်သဖြင့် ကုသမှု ပြီးဆုံးသွားချိန်မှာ တော်တော်လေး မှောင်နေပြီ ဖြစ်သည်။
ကျန်းမိသားစုဝင် သုံးယောက်က စုယန်ယန်ကို ဆက်လက် မနှောင့်ယှက်ချင်ကြတော့ဘဲ ကျေးဇူးတင်စကား ပြောကာ ပြန်ဖို့ ပြင်ဆင်နေခဲ့ကြသည်။
သူတို့ မပြန်ခင်မှာပဲ ကျန်းချန်းဝမ်က သူမကို တွန့်ဆုတ်ဆုတ် ပုံစံဖြင့် လာမေးသည်။ “ ခင်ဗျား ကျွန်တော့်ကို မလိုအပ်တာ သေချာပါတယ်နော်။ ”
ဟောာက်ချန်ဟွမ်း : ဒီခွေးကောင်ကတော့ အထိုးခံချင်နေတာပဲ။