အခန်း ၅၅၉
Vol. 38 Ch. 559
အခန်း ( ၅၅၉ ) မင်းရဲ့ အဓိက အလုပ်က ဘာလဲ။
စုယန်ယန်က အတော်လေး အံ့ဩသွားကာ အန်ရူစုကို စိတ်အားထက်သန်စွာ ကြည့်လိုက်မိသည်။
“ နင့်မှာ ‘ ဒီနေ့အဖို့ အချိန်ကောင်းလေး ကုန်သွားပြီလား ’ ဆိုတဲ့ ID ရှိတဲ့ အခန်းဖော်ရော ရှိလား။ သူ့မှာ ရှားယို့နျဉ်ရှီ ဆိုတဲ့ အကောင့် အစစ် တစ်ခုတောင် ရှိတယ်မဟုတ်လား။ ”
အန်ရူစု အံ့ဩသွားသည်။ ထိုအကြောင်းကို စုယန်ယန် သိနေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။ “ ဟုတ်ကဲ့ ၊ ရှိပါတယ် … ”
လန်ကျားယီက ကြောင်အမ်းအမ်းလေး ရပ်နေသော အန်ရူစုကို မြင်တော့ ခပ်တိုးတိုး ရယ်လိုက်မိသည်။ “ သူမက တင်ဆက်သူရဲ့ ပရိသတ်တွေထဲက တစ်ယောက်ပါလို့ ကျွန်တော် အန်တီလေးကို ပြောထားသားပဲ ၊ အန်တီလေးမှ မယုံတာ။ ”
အန်ရူစုသည် စိတ်နှင့်ကိုယ်နှင့်မကပ် ဖြစ်နေရာမှ သတိပြန်ဝင်လာကာ စုယန်ယန်ကို ကြည့်လိုက်သည်။
ထို့နောက် သူမ လန်ကျားယီရဲ့ ခါးကို သနားညှာတာမှုမရှိဘဲ ဆွဲဆိတ်ပစ်လိုက်သည်။
ဒီလူက ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်ရှေ့မှာ သူမ ဘယ်သူလဲ ဆိုတာ ထုတ်ဖော်ရဲတယ်ပေါ့လေ။ သူ့ကို သင်ခန်းစာပေးရမယ်။
လန်ကျားယီက ရက်ရက်စက်စက် ဆွဲဆိတ်ခံလိုက်ရသလို မျက်နှာ အမူအရာလည်း ချက်ချင်း ပြောင်းသွားခဲ့သည်။ နာကျင်မှုကြောင့် သူ အော်ငိုချင်သော်လည်း သူ အခု တခြား တစ်ယောက်ရဲ့ ကုမ္ပဏီထဲမှာ ရောက်နေကြောင်း ပြန်သတိရသွား၍ သူ့ကောင်မလေးအား မျက်လုံးထဲမှာ မျက်ရည် အဝိုင်းသားဖြင့် သူ့ရဲ့ မကျေနပ်ချက်ကို ပြသဖို့သာ တတ်နိုင်သည်။
သူတို့ရဲ့ အပြုအမူတွေကို သတိထားမိသော စုယန်ယန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ “ ငါတို့ကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ပရောဂျက်ကို ဆွေးနွေးဖို့ မင်း ဒီကို ရောက်လာတာလို့ ပြောထားတယ်နော်။ ဘာပရောဂျက်လဲ။ မင်း စာချုပ်မှာ လက်မှတ်ထိုးပြီးပြီလား။ ”
“ ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ စာချုပ် ချုပ်ထားပြီးသား ကောမစ်စီးရီး တစ်ခုပါပဲ။ ကျွန်မ ဒီနေ့ ဇာတ်ညွှန်းကို ပို့ပေးဖို့ လာခဲ့တာပါ။ ”
“ ကောမစ်စီးရီး … ” စုယန်ယန်က တစ်စုံတစ်ခုကို အာရုံမိသွားပုံပေါ်သည်။ “ အဲ့ဒါက ‘ နိုင်ငံ တစ်နိုင်ငံကို တည်ထောင်ပြီးတဲ့နောက် မိစ္ဆာ တစ်ကောင် ဖြစ်သွားလို့ မရဘူး ’ ဆိုတဲ့ စာအုပ်လို့တော့ မပြောနဲ့နော်။ ”
‘ နိုင်ငံ တစ်နိုင်ငံကို ရှာတွေ့ပြီးတဲ့နောက် မိစ္ဆာ တစ်ကောင် ဖြစ်သွားလို့ မရဘူး ’ ဆိုတာက ရှားကျွင်းရှန် သူမကို အရင်တုန်းက ပြောပြဖူးသော IP အစီအစဉ် သုံးခုထဲက တစ်ခု ဖြစ်သည်။ နိုင်ငံ တစ်နိုင်ငံကို တည်ထောင်ပြီးနောက် မွေးရာပါ ချို့ယွင်းချက်ကြောင့် မိစ္ဆာ တစ်ကောင် ဖြစ်သွားခဲ့သည့် ကိုးမြီးမြေခွေးအကြောင်း ဇာတ်လမ်း ဖြစ်သည်။ သူမမှာ မြေခွေးမိစ္ဆာ တစ်ကောင် ဖြစ်လာဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိခဲ့ပေ။ စုံစမ်းရေးငှာနရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ရှောင်ရှားရန် အတွက် သူမဟာ မရေမတွက်နိုင်သော ဟာသတွေကို ဖန်တီးခဲ့ရသည်။
မြင်နေကျ ဟာသဇာတ်လမ်း တစ်ပုဒ် ဖြစ်သော်လည်း ဇာတ်လမ်းထဲက ဇာတ်ကောင်တွေမှာ လူ့သဘာဝစရိုက်တွေ ပြည့်နှက်နေပါသည်။ ရယ်ရွှင်ဖွယ် ဇာတ်လမ်းက လက်တွေ့ကျသော ပြဿနာများစွာကိုလည်း ထုတ်ဖော်ပေးခဲ့သည်။ အသွေးတွေ ၊ အသားတွေ ၊ ရယ်သံတွေ ၊ မျက်ရည်တွေပေါ့။ စုယန်ယန်က အဲ့ဒါကို တစ်ချက် ကြည့်ပြီး အရေးကြီးတဲ့ IP အစီအစဉ် တစ်ခု ဖြစ်အောင် လုပ်ခဲ့တာပင်။
အန်ရှုစု တစ်ယောက် ထပ်မံ အံ့ဩထိတ်လန့်သွားသည်။ “ အစ်မ ဘယ်လိုလုပ် သိတာလဲ။ ”
“ အခုတလော ကုမ္ပဏီက ကောမစ် တစ်ခုတည်းကိုပဲ IP ဖြစ်လာဖို့ အာရုံစိုက်နေတာ။ မူရင်း စာရေးသူက နင် ဖြစ်နေလိမ့်မယ်လို့ အစ်မ ထင်မထားဘူး။ နင်က တကယ် တော်တာပဲ။ ”
အန်ရူစုသည် ချီးကျူးခံလိုက်ရ၍ အနည်းငယ် ရှက်ရွံ့သွားမိသည်။ “ အစ်မက ညီမကို မြှောက်နေပါပြီ။ ညီမက အစကတည်းက ပန်းချီဆွဲတာကို လေ့လာထားတာလေ။ ဒါပေမဲ့ အရင်တုန်းကတော့ ညီမက စိတ်ကူးပေါက်မှသာ ပန်းချီဆွဲတာ။ ဒီနေ့လို အခြေအနေမျိုး ရောက်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ညီမကို တော်တယ်လို့ အစ်မ ချီးကျူးမယ် ဆိုရင် ညီမရဲ့ အခန်းဖော်က ညီမထက် အများကြီး ပိုတော်တယ်။ ”
“ နင့်အခန်းဖော် … ” စုယန်ယန်ရဲ့ မျက်လုံးတွေ အရောင်တောက်ပသွားသည်။
“ ဟုတ်တယ်။ သူမမှာ အစ်မတို့ကုမ္ပဏီနဲ့ စာချုပ် ချုပ်ထားတဲ့ ဝတ္ထု တစ်ပုဒ် ရှိတယ်လေ။ ”
“ ဝတ္ထုနာမည်က ဘာလဲဟင်။
“ ‘ ခေါင်းဆောင် မင်းသမီး ’ တဲ့။ ”
စုယန်ယန် အနည်းငယ် အံ့အားသင့်သွားသည်။ သူမ အထူး အာရုံစိုက်နေသော ဝတ္ထုကို သူမ သိနေသော လူ တစ်ယောက်က ရေးထားမှန်း လုံးဝ မသိခဲ့ပါ။
“ သူမက Cosplayer မဟုတ်ဘူးလား။ ဘာလို့ ဝတ္ထုရေးတာလဲ။ ”
အရင်တုန်းက Cosplay လုပ်တယ် ဆိုတာ ဘာမှန်း စုယန်ယန် မသိခဲ့ပေ။ သူမ သွားစုံစမ်းခဲ့သော ရှားယို့နျဉ်ရှီကြောင့်သာ စိတ်ထဲမှာ စွဲစွဲမြဲမြဲ ရှိနေတာ ဖြစ်သည်။
“ Cosplay လုပ်တာက သူမရဲ့ ဒီတိုင်း ဝါသနာပါပဲ။ ဝတ္ထုတွေ ရေးတာကလည်း သူမရဲ့ ဝါသနာပဲ။ ရုပ်ပုံတွေ ထည့်သွင်းဖော်ပြရတာက ကျွန်မရဲ့ ဝါသနာ ဖြစ်နေသလိုပေါ့။ ”
အန်ရူစုသည် Cosplay လုပ်ရတာကလည်း သူမရဲ့ ဝါသနာဖြစ်ကြောင်း မပြောရဲသော်လည်း သူမက ရှားနျဉ့်ရှီနှင့်အတူ ကြီးပြင်းလာခဲ့တာ ဖြစ်သည်။ အကယ်၍ ရှားနျဉ့်ရှီသာ အမျိုးသမီး ဇာတ်ကောင်း တစ်ယောက် ဖြစ်လျှင် သူမက ရှားနျဉ့်ရှီကို အမျိုးသား ဇာတ်ကောင် တစ်ယောက် အဖြစ် ပြောင်းလဲကာ Cosplay လုပ်နေပြီပင်။
တစ်ယောက်ယောက် မနာလို ဖြစ်နေမှာ စိုးရိမ်ရ၍ ဒီအကြောင်း မပြောတာ ပိုကောင်းရဲ့။
အန်ရူစုက လန်ကျားယီကို ချက်ချင်း လှည့်ကြည့်လိုက်သည်။
ခေါင်းပေါ်က မီးစိမ်းလေးကို သတိမပြုမိသော လန်ကျားယီ : “ ??? ”
စုယန်ယန်က သူမရဲ့ စကားတွေကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။ “ ပန်းချီဆွဲတာကို လေ့လာခဲ့ဖူးတယ်လို့ နင်ပဲ အခုလေးတင် ပြောထားတာ မဟုတ်ဘူးလား။ အခုကျ ပန်းချီဆွဲတာက နင့်ဝါသနာလို့ ဘာလို့ ပြောနေတာလဲ။ နင့်ရဲ့ အဓိက အလုပ်က ဘာလဲ။ ”
“ ကျွန်တော် သိတယ် ၊ ကျွန်တော် သိတယ်။ ” အန်ရူစု ပြန်မဖြေနိုင်ခင်မှာပဲ လန်ကျားယီက အရင် ပြန်ဖြေခဲ့သည်။ “ စုစုရဲ့ အဓိက အလုပ်က ဖက်ရှင်ဒီဇိုင်နာလေ။ ”