← Chapters

အခန်း ၅၆၀

Vol. 38 Ch. 560

အခန်း ၅၆၀

Vol. 38 Ch. 560

အခန်း ( ၅၆၀ ) လန်မိသားစု၏ ဖိတ်ကြားချက်။

“ ဖက်ရှင်ဒီဇိုင်နာ .. ဟုတ်လား။ ” စုယန်ယန်က မျက်ခုံးပင့်လိုက်ရင်း ချက်ချင်းပဲ စိတ်ဝင်စားသွားသည်။ ကောမစ်ထဲမှ ဇာတ်ကောင်‌များစွာမှာ လှပသော ဝတ်စုံတွေ ရှိတာကို သူမ ပြန်သတိရသွားကာ အလောတကြီး မေးလိုက်သည်။ “ အစအဆုံး ဆွဲပြီးသား ဒီဇိုင်းတွေများ ဘာတွေများ ရှိလား။ ”

အန်ရူစုက စုယန်ယန်ရဲ့ မေးခွန်းကို ကြားချိန်မှာ စုယန်ယန်ဟာ သူမအကြောင်း ပိုလို့ ထဲထဲဝင်ဝင် သိဖို့နှင့် သူမဟာ လန်ကျားယီနှင့် ထိုက်တန်ရဲ့လား ဆိုတာကို သိဖို့ ကြိုးစားနေသည်ဟု တွေးမိလိုက်သည်။

“ ဟုတ်ကဲ့ ၊ ညီမမှာ ရှိပါတယ်။ ဒါပေမဲ့ ညီမက လေ့လာဆဲ ကျောင်းသူ တစ်ယောက်ပဲ ဆိုတော့ လက်ရာတွေ များများစားစားတော့ မရှိဘူးရယ် ၊ အများစုက ဒီတိုင်း လေ့ကျင့်ထားတဲ့ အကြမ်းထည်လေးတွေပါပဲ။ ”

“ အစ်မ နင့်ရဲ့ ကောမစ်တွေကို မြင်ဖူးတယ်။ ဇာတ်ကောင်တွေရဲ့ ဝတ်စုံတွေ … အထူးသဖြင့် တချို့ ဇာတ်ကောင်တွေရဲ့ အဝတ်အစားတွေက တော်တော်လေး လှတယ်။ အရင်တုန်းက ကောမစ်ထဲမှာ အရမ်း လှတဲ့ ဝတ်စုံတွေကို မြင်တော့ ဘာကြောင့်မှန်း အစ်မ နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ နင်က ဖက်ရှင်ဒီဇိုင်နာမှန်း အစ်မ သိသွားပြီ ဆိုတော့ နားလည်သွားပါပြီ။ ”

စုယန်ယန်က စကား ခဏ ရပ်ပြီး ပြုံးလိုက်သည်။ “ နင့်ရဲ့ အသက်မွေးဝမ်းကျောင်းပညာအ‌ကြောင်း အစ်မ သိပ်မသိပေမဲ့ အစ်မရဲ့ အနုပညာအပေါ် ထားတဲ့ စံချိန်စံညွှန်းတွေကတော့ တော်တော်လေး မြင့်တယ်လို့ ထင်တယ်။ နင် ဆွဲထားတဲ့ အဝတ်အစားတွေက အရမ်း လှတယ်။ အဲ့ဒီ အဝတ်အစားတွေကို တကယ့်လက်တွေ့ အပြင်မှာ မြင်ရမယ့် နေ့ကို အစ်မ စောင့်နေခဲ့တာ။ ”

အန်ရူစု အံ့ဩသွားသည်။ ထိုစကားတွေက သူမရဲ့ အရည်အချင်းကို ချီးကျူးပြောဆိုတဲ့ စကား ဖြစ်သည့်အပြင် စိတ်ရင်းနှင့် ပြောတဲ့ စကား ဖြစ်ကြောင်း သူမ နားလည်ပါသည်။

တင်းမာနေသော အကြောတွေ အနည်းငယ် ပြေလျော့သွားသလို သူမ ပြုံးလိုက်သည်။ “ အခုလို ချိုချိုသာသာ ပြောပေးလို့ အစ်မကို ကျေးဇူးတင်ပါတယ်။ ”

စုယန်ယန်က အန်ရူစုကို ပြောပြီးနောက် တစ်ဝက်တစ်ပျက် တွန့်ကွေးနေသော နှုတ်ခမ်းဖြင့် လန်ကျားယီကို လှည့်ကြည့်လိုက်သည်။ “ အဲ့တော့ မင်းက ဒီကို ဘာလို့ သူမနဲ့အတူ လိုက်လာတာလဲ။ ငါတို့ကုမ္ပဏီက သူမကို အနိုင်ကျင့်မှာစိုးလို့လား။ ”

လန်ကျားယီက သူ့‌နှာခေါင်းကို မလုံမလဲ ပွတ်ကာ တဟဲဟဲ ရယ်ပြသည်။ “ ဘယ်ကသာ။ သူမ ဒီနေ့ ဒီကို လာမယ် ဆိုတာကို ကျွန်တော် အမှတ်တမဲ့ ကြားလိုက်တာပါ။ သေချာ မေးကြည့်တော့ အဲ့ဒါက တကယ်ပဲ အန်တီလေးရဲ့ ကုမ္ပဏီ ဖြစ်နေတယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း သူမနောက် လိုက်ပြီး အန်တီလေးကို လာကြည့်ချင်လို့ပါ။ ”

စုယန်ယန်က ဘာမှ မပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။ သူမရဲ့ ပုံစံကတော့ လန်ကျားယီအကြောင်း နောကျေနေသလိုပါပဲ။

လန်ကျားယီ အနည်းငယ် ရှက်ရွံ့သွား၏။ သူ အဟမ်းအဟမ်းဟု လည်ချောင်းရှင်းကာ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ “ အဲ့ဒါအပြင် တခြား တစ်ခုလည်း ရှိပါသေးတယ်။ ကျွန်တော့်အဘိုးနဲ့ မိသားစုက အန်တီလေးနဲ့ ဦးလေးဟောက်ကို သီးသန့် တစ်ဝိုင်း ကျွေးချင်လို့တဲ့။ အစ်မ အချိန်အားပါ့မလား ဆိုတာ ကျွန်တော် သိချင်လို့ပါ။ ”

လန်မိသားစု ဆိုလိုချင်သော အဓိပ္ပာယ်ကို စုယန်ယန် နားလည်သည်။ အရင်တုန်းက သခင်ကြီးလန်ဟာ သူ့မွေးနေ့ဧည့်ခံပွဲ ပြီးတဲ့နောက်ပိုင်းမှာ သူမတို့ကို တစ်ဝိုင်း ကျွေးချင်ကြောင်း ပြောခဲ့ဖူးသည်။

အဲ့ဒီတုန်းက ဟောက်ချန်ဟွမ်းကလည်း လက်ခံခဲ့ပါသည်။ သို့သော်လည်း လန်မိသားစုသည် သူတို့ ဖိတ်တောင် မဖိတ်ကြားရသေးခင်မှာပဲ ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်တွေ ပြန်ကောင်းသွားလိမ့်မည်ဟု ထင်မထားလောက်။

သူ ပြန်ကောင်းသွားသည်နှင့် တစ်ပြိုင်နက် လန်မိသားစုက အပြေးအလွှား လာရောက်ဖိတ်ကြားခဲ့သည်။ လူတွေက သူတို့ကို ကိုယ်ကျိုးမျှော်ကိုး၍ ဟောက်ချန်ဟွမ်းကို ကပ်ဖားရပ်ဖား လုပ်နေသည်ဟု ထင်မှာကို စိုးရိမ်‌နေမှာလည်း အသေအချာပင်။

လန်မိသားစုသည် ဟောက်ချန်ဟွမ်းရဲ့ စိတ်ကို မဖတ်နိုင်သောကြောင့် သူ့ဆီ မချဉ်းကပ်ရဲကြပါ။

တိုက်ဆိုင်ချင်တော့ လန်ကျားယီကလည်း သူ့ကောင်မလေးနှင့်အတူ စုယန်ယန်ရဲ့ ကုမ္ပဏီကို သွားဖို့ ဖြစ်လာခဲ့သည်။ မွေးနေ့ပွဲမှာ ဟောက်ချတ်ဟွမ်းဟာ သူ့အသစ်စက်စက် ချစ်ဇနီးလေးကို ဘယ်လောက်တောင် ဂရုစိုက်ခဲ့ကြောင်း ပြန်သတိရသွားသော လန်မိသားစုသည် သူတို့ကိုယ်စား စုယန်ယန်ကို ဆက်သွယ်ပေးရန် အတွက် လန်ကျားယီကို တောင်းဆိုခဲ့လေသည်။

စုယန်ယန်က လန်မိသားစုအပေါ် အမြင်ကြည်လင်ပါသည်။ လန်မိသားစုက သူမတို့ အကူအညီလို‌အပ်နေချိန်မှာ ကြင်နာစွာ ကူညီပေးခဲ့ဖူးသည်။

“ ငါ့ကို ချန်ဟွမ်း ဒီအကြောင်း ပြောပြဖူးပါတယ်။ ဒီလို လုပ်ရင် ဘယ်လိုလဲ ၊ ငါ ဒီည အိမ်ပြန်ရောက်ရင် သူနဲ့ ဆွေးနွေးပြီး အားလုံး အားမယ့် အချိန် တစ်ချိန် ရှာထားလိုက်မယ်လေ။ ”

လန်ကျားယီရဲ့ မျက်လုံးတွေက လက်ခနဲ တောက်ပသွားပြီး ခေါင်းညိတ်လိုက်သည်။ “ ဟုတ်ကဲ့ ဟုတ်ကဲ့ ၊ ကျွန်တော် ခဏနေ အိပ်ပြန်ပြီး အဘိုးနဲ့ အဘွားကို ပြောလိုက်ပါ့မယ်။ သူတို့က ဒီကိစ္စကို လွန်ခဲ့တဲ့ နှစ်ရက် ၊ သုံးရက်လောက်ကတည်းက တွေးနေကြတာ။ နောက်ဆုံးတော့ အခု စိတ်အေးလက်အေး နေနိုင်ကြတော့မယ်။ ”

ညရောက်တော့ စုယန်ယန်က ဟောက်ချန်ဟွမ်းကို ထိုအကြောင်း ပြောပြလိုက်သည်။ သူမ ထင်ထားသလိုပင် ဟောက်ချန်ဟွမ်းကလည်း ချက်ချင်း လက်ခံခဲ့သည်။ ညတွင်းချင်းပဲ သူ လန်မင်ဟန်ကို ဖုန်းဆက်ကာ လာရောက်လည်ပတ်မည့် အချိန်ကို အတည်ပြုလိုက်၏။

All Chapters