အခန်း ၅၆၆
Vol. 38 Ch. 566
အခန်း ( ၅၆၆ ) အထူး အဆက်အသွယ်များ။
“ ဗီ ဗီ … ဗီအိုင်ပီ .. ဟုတ်လား။ ” လန်ကျားယီ အံ့ဩသွားကာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာ အနီရောင် ပြောင်းသွားခဲ့သည်။ “ စားသောက်ဆိုင်မှာ ဗီအိုင်ပီ စားသုံးသူတွေ ရှိတယ်တဲ့လား။ ကျွန် .. ကျွန်တော်လည်း တစ်ခု လိုချင်တယ်။ ”
နားစွင့်နေကြသော လန်မင်ဟန်နှင့် တခြား လူတွေကလည်း ဗီအိုင်ပီ ဟူသော စကားကို ကြားသည်နှင့် လိုချင်သွားကြသည်။
“ လိုအပ်တဲ့ အခြေအနေလေးတွေတော့ ရှိပါတယ်။ ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို ဖျတ်ခနဲ ကြည့်လိုက်ကာ သူမနှုတ်ခမ်းက တစ်ဖက်မဲ့ ၊ တစ်ဖက်ပြုံးသော အပြုံး အဖြစ် ချက်ချင်း အသွင်ပြောင်းလဲသွားသည်။ “ ရှင်တို့ အထူး အဆက်အသွယ်တွေ လိုနိုင်တယ်။ ”
လန်ကျားယီ : “ … ” အထူး အဆက်အသွယ်တွေ … ဟုတ်လား။ အထူး အဆက်အသွယ် ဆိုတာ ဘာကြီးလဲ။ တစ်စုံတစ်ခုက မူမမှန်သလို သူ ခံစားလိုက်ရသည်။
အမှန်တရားကို သိနေသော လန်မင်ဟန်နှင့် သူ့ဇနီး : “ … ” ငါတို့ကတော့ ဒီခွေးစာကို မစားဘူးဟေ့။
“ ဟို … ” နောက်ခံ ဇာတ်လမ်းကို မသိသော်လည်း ဟောက်ချန်ဟွမ်းမှာ နည်းလမ်းတွေ ရှိနေမှာကို သိသော မစ်စ်လန်သည် သူ့ကို အကူအညီတောင်းချင်သော်လည်း အကူအညီတောင်းဖို့ အလွန် ရှက်ရွံ့နေသည်။
စုယန်ယန်က သူမအတွေးတွေကို ဖောက်မြင်နိုင်ကာ ပြုံးပြလိုက်သည်။ “ ရှောင်ယန် စားချင်နေသေးတယ် ဆိုရင် ချန်ဟွမ်းကို အသိပေးလိုက်လို့ ရပါတယ်။ ဒါပေမဲ့ တူညီတဲ့ အစားအစာ တစ်မျိုးတည်းကိုပဲ အများကြီး စားနေရင် သူမ ငြီးငွေ့သွားလိမ့်မယ်။ နေယက်တစ်ခေါက်ကျ ဘယ်အစားအစာက ပိုအရသာကောင်းလဲ သိရအောင်လို့ တခြား မီနူး တစ်ခုကို ပြောင်းခိုင်းလိုက်ပါ။ ”
ဟောက်မိသားစုရဲ့ မျက်လုံးတွေ တောက်ပသွားသော်လည်း ထိုသို့ လုပ်ခြင်းက ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်ထံ မလိုလားအပ်သော ပြဿနာတွေ ဖြစ်ပေါ်လာစေမှာကိုလည်း စိုးရိမ်နေကြပါသည်။
“ အဲ့ဒါကြောင့် ပြဿနာတက်ရင် ဘယ်လို လုပ်မလဲ။ ”
“ မတက်ပါဘူး။ ကျွန်မ ဒီဟင်းပွဲ နှစ်ပွဲကို ဘယ်လို လုပ်ရမလဲ ဆိုတာ မလေ့လာသေးခင်မှာ စားသောက်ဆိုင်ထဲက လူတွေနဲ့ ဒီအကြောင်း ဆွေးနွေးပြီးသွားပြီ။ လောလောဆယ် သူတို့စားသောက်ဆိုင်က တစ်နေ့ကို လူ ၂၀၀ လက်ခံတယ်။ ချန်ဟွမ်း တောင်းဆိုတဲ့ ကိစ္စ အတွက် ဆိုရင် နောက်ထပ် လူ တစ်နေရာစာ ထပ်တိုးပေးတာ ကိစ္စမရှိပါဘူး။
စုယန်ယန်က ခံစားချက်တွေကို ဖုံးကွယ်ရန် မျက်လွှာချထားလျက် ယန်ရှောင်ယန်ကို ကြည့်လိုက်သည်။
သူမ ကိုယ့်အတွက်ကိုယ် ပြဿနာ မဖန်တီးချင်ပေမဲ့ ယန်ရှောင်ယန်က ကျန်းမာရေးကောင်းပုံမရပါ။
အရင်တုန်းက လန်ကျားယီ သူမကို ပေးဖူးသော ဆေးစစ်ချက် အစီရင်ခံစာအရ ပြဿနာ အနည်းငယ် ရှိကြောင်း ညွှန်ပြနေခဲ့သည်။
ယန်ရှောင်ယန်က ကိုယ်ဝန်သက်လည်း နုသေးတာမို့ စုယန်ယန်သည် သူမ သွေးတိုးရောဂါ ၊ သို့မဟုတ် သွေးအားနည်းရောဂါ ဖြစ်မှာကို စိုးရိမ်မိသည်။
သူမတို့ချင်း နှစ်ကြိမ်သာ ဆုံဖူးသော်လည်း သူတို့မိသားစုက အမှန်တကယ် စိတ်ထားပြည့်ဝတယ် ဆိုတာ စုယန်ယန် ပြောနိုင်သည်။ မိဘတွေက ကြင်နာတတ်ကာ ပျော်စရာ စုံတွဲ တစ်တွဲ ဖြစ်ပြီး သားသမီးတွေ ၊ မြေးတွေကလည်း လိမ္မာသည်။
အရေးကြီးဆုံး အရာကတော့ သူတို့ဟာ ဟောက်ချန်ဟွမ်းကို ကူညီပြီး သူတို့ရဲ့ မိသားစု အရင်းအချာ တစ်ယောက်ကဲ့သို့ ဆက်ဆံပေးခဲ့ဖူးသည်။
သူမရဲ့ အရင်ဘဝတုန်းက သူမ ဟောက်ချန်ဟွမ်းနံဘေးမှာ နေခဲ့ဖူးပေမဲ့ ဟောက်မိသားစုကို သူ သွားရှာတာမျိုး တစ်ခါမှ မမြင်ဖူးသလို ဟောက်မိသားစုနှင့် ပတ်သက်သော သတင်းတွေကိုလည်း တစ်ခါမှ မကြားဖူးပေ။ ဟောက်ချန်ဟွမ်းက သူတို့နဲ့ ပတ်သက်ချင်စိတ် မရှိခဲ့လို့လား ၊ ဒါမှမဟုတ် လန်မိသားစုမှာ ချန်မိသားစုနဲ့ တူညီတဲ့ ဇာတ်လမ်းတွေ ရှိလို့ပဲလား။
လူကြီးတွေက ဟောက်ချန်ဟွမ်းနှင့် သူ့ဇနီးကို အလုပ်မရှုပ်စေချင်သော်လည်း အလုပ်ရှုပ်ခိုင်းသလို ဖြစ်သွားသည့်အတွက် အားနာနေကြသည်။
ခဏလောက် တုံ့ဆိုင်းနေပြီးမှ လေးနက်သော အမူအရာဖြင့် အကူအညီတောင်းလာခဲ့ကြလေသည်။ “ ဒီလိုဆို ငါ မင်းတို့ကို အကူအညီတောင်းပါတယ်ကွာ။ ”
ဟောက်ချန်ဟွမ်းက သူ့ကို အပြစ်တင်ခံရရန် တွန်းထုတ်လိုက်သော ချစ်ဇနီးလေးကို ကြည့်ကာ ပြုံးလိုက်သည်။ “ ဘာမှ အပန်းမကြီးပါဘူးဗျာ။ ရပါတယ်။ ”
ထိုကိစ္စကြောင့် သူတို့တွေ တစ်ယောက်နှင့် တစ်ယောက် ပိုရင်းနှီးသွားသလို ခံစားလိုက်ရသည်။ ဟောက်ချန်ဟွမ်းရဲ့ မိဘတွေ သက်ရှိထင်ရှား ရှိခဲ့စဉ် အချိန်ကာလကိုတောင် ပြန်သတိရသွားစေသည်။
ကံမကောင်းစွာဖြင့် အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ။
အခြားတစ်ဖက်၌ လန်ကျားယီသည် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းအကြောင်း အလွန် သိချင်နေခဲ့သည်။
“ အန်တီလေး ၊ ဦးလေးဟောက်က တကယ်ပဲ တင်ဆက်သူနဲ့ ပတ်သက်နေတာလား။ သူတို့ အချင်းချင်း သိကြတယ်လား။ ”
“ အန်တီလေး … ”
“ အန်တီလေး … ”
လန်ကျားယီက စာကလေး တစ်ကောင်ကဲ့သို့ စုယန်ယန်ဘေးမှာ ဆက်တိုက် တကျီကျီ လုပ်နေပါသည်။
စုယန်ယန်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေ တွန့်ချိုးသွားသည်။
ဒီအရူးကောင်လေးကို သူမ ဘယ်လို ကိုင်တွယ်ရမှန်း မသိသော်လည်း ဟောက်ချန်ဟွမ်းက သူမအတွက် ဝင်ပြောပေးသည်။ “ ဒါပေါ့ ၊ ငါ သူမကို သိတယ်။ သူမက တကယ့်ကို အရမ်း လှတာ။ ”
လန်ကျားယီ : “ ??? ”
လန်မင်ဟန်နှင့် သူ့ဇနီး : “ … ” သူတို့က ဒီခွေးစာအိုးကို ချက်ချင်းပဲ အဝေးကို ကန်ထုတ်ပစ်ချင်သွားကြသည်။