အခန်း ၅၆၇
Vol. 38 Ch. 567
အခန်း (၅၆၇) အမေ့ရဲ့ ပြင်းထန်သော ထိုးနှက်ချက်။
ဟောက်ချန်ဟွမ်းက လန်ကျားယီကို စိတ်ရှုပ်သလို ကြည့်လိုက်သည်။ “ တခြား မေးစရာ ကျန်သေးလား။ ”
ထိုအကြည့်က လန်ကျားယီအား ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားစေကာ သူ ချက်ချင်း ခန္ဓာကိုယ်ကို ကျုံ့လိုက်မိသည်။ “ … မရှိတော့ပါဘူး။ ”
သူဟာ သူနှင့် သက်တူရွယ်တူရှိပြီး ဖော်ရွေ သဘောကောင်းပုံရသော စုယန်ယန်ကို စနောက်နိုင်သော်လည်း သူ့ဘောင်းဘီကို ဆွဲချွတ်ကာ ခွေးလှောင်အိမ်ထဲသို့ လွှင့်ပစ်ခဲ့ဖူးသော ဒီလူကိုတော့ အမှန်တကယ် ကြောက်ရွံ့မိပါသည်။ အဲ့ဒီတုန်းက သူ့မှာ ခွေးတွေ ဝိုင်းလိုက်တာ ခံရရုံသာမက တင်ပါးတောင် ခွေးကိုက်ခံခဲ့ရသည်။
ထားလိုက်တော့ ၊ ငါ သူ့ကို သွားရှုပ်လို့ မရဘူး။
ကျန်လူတွေက လန်ကျားယီရဲ့ ပုံစံကို မြင်ချိန်မှာ သူ့ကလေးဘဝတုန်းက စိတ်ဝင်စားစရာ ကိစ္စများကို ပြန်သတိရသွားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်ကြသည်။
စုယန်ယန်ကတော့ ဘာဖြစ်လို့ ဖြစ်နေမှန်း မသိဘဲ အူကြောင်ကြောင်လေး ဖြစ်သွားမိသည်။
“ ဒီကောင်စုတ်ကလေးက ငယ်ငယ်လေးကတည်းက ဘာအကြောက်အလန့်မှ မရှိဘူး။ သူ ကြောက်တာ ဆိုလို့ ဟောက်ချန်ဟွမ်း တစ်ယောက်ပဲ ရှိတယ်။ ”
“ အဲ့ဒါ ဘာအဓိပ္ပာယ်လဲဟင်။ ဟောက်ချန်ဟွမ်းက သူ့ကို ဘာလုပ်ဖူးလို့လဲ။ ”
“ မင်း မသိဘူးလား။ ချန်ဟွမ်း ငယ်ငယ်တုန်းက သူ့မိဘတွေနဲ့ အတူ ငါတို့အိမ်ကို ခဏ ခဏ လာလေ့ရှိတယ်။ အဲ့ဒီတုန်းက ကျားယီက … ”
“ အမေ … ” လျန်ကျားယီက သူ့အမေ သနားညှာတာချင်စိတ် ပေါက်ပြီး စုယန်ယန်နှင့် သူ့မရီးရှေ့မှာ သူ အရှက်မကွဲရအောင် အဖတ်ဆယ်ပေးဖို့ မျှော်လင့်လျက် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရသည်။
ကံမကောင်းစွာဖြင့် သူ့အမေက သူ့ဦးနှောက်လှိုင်းတွေကို လုံးဝ မရဘဲ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ ဒီမှာ အပြင်လူလည်း ရှိမှ မရှိတာ ၊ ဒီအကြောင်း ပြောပြလည်း ဘာမှ မဖြစ်ပါဘူး။ ငါ မင်းကို ပြောပြမယ်။ ဒီကလေးလေးက ငယ်ငယ်လေးကတည်းက အမြဲတမ်း ပြဿနာရှာတတ်တယ်။ သူ ငါးနှစ်သား ၊ ခြောက်နှစ်သားလောက်တုန်းကဆို ပိုလို့တောင် စိတ်ရှုပ်စရာကောင်းသေးတယ်။ ဟောက်ချန်ဟွမ်း တစ်ယောက်ပဲ သူ့ကို နိုင်တယ်။ ”
ထို့နောက် မစ်စ်လန်သည် ဘာစိုးရိမ်ပူပန်မှုမှ မရှိဘဲ သူမရဲ့ သားကို ထုတ်ရောင်းလိုက်၏။ သူမက စုယန်ယန်အား သူမတို့ရဲ့ ငယ်ဘဝနှင့် ပတ်သက်သော စိတ်ဝင်စားစရာ ဇာတ်လမ်း များစွာကို ပြောပြခဲ့သည်။
အမေဖြစ်သူ ပြင်းပြင်းထန်ထန် ထိုးနှက်တာကို ခံလိုက်ရကာ လူရှေ့မှာ အထုပ်ဖြည်ပြခံလိုက်ရသော လန်ကျားယီသည် ထိုင်ခုံပေါ်မှာ ပြိုလဲသွားသည်။ သူ့ပါးစပ်ထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေပြီး မျက်နှာမှာလည်း စိတ်အားငယ်မှု အရိပ်တွေ ဖုံးလွှမ်းနေသည်။
ဒီမိစ္ဆာကောင်နဲ့ သူ့မိန်းမကို သူ ဘာလို့ သွားရှုပ်မိခဲ့ပါလိမ့်။
သူပဲ တရားလွန်သွားတာလား ၊ ဒါမှမဟုတ် ဒီ မကောင်းတဲ့ လူကပဲ သူ့ရဲ့ ပင်ကို မကောင်းတဲ့ စိတ်ကို မတွန်းလှန်နိုင်တာလား။
စုာန်ယန်ကတော့ နှစ်သက်ပျော်ရွှင်စွာ နားထောင်နေခဲ့သည်။ ဟောက်ချန်ဟွမ်း သူမမိသားစုဆီ နောက်ဆုံး တစ်ခေါက် လာလည်တုန်းက သူမရဲ့ အမေက သူ့ကို သူမ ကလေးဘဝတုန်းက ဖြစ်ခဲ့တဲ့ ရှက်စရာ ဇာတ်လမ်းများစွာ အကြောင်း ပြောပြခဲ့ဖူးသည်။ သူမ အခုလို တစ်လှည့် ပြန်နားထောင်ရတော့မှ တရားမျှတသွားသလို ခံစားရသည်။
စုယန်ယန် ပင့်သက်မရှိုက်မိဘဲ မနေနိုင်ပေ။ “ ဒါဆို မင်းက ငယ်ငယ်လေးကတည်းက အဘိုးကြီးနဲ့ တူနေတာပဲ။ ”
လက်ရှိ အချိန်မှာ ဒီကောင်လေးက ဘယ်လို ပုံစံမျိုးပဲ ဖြစ်နေပါစေ ၊ သူမ လှောင်ရယ်နိုင်သော ကိစ္စ တချို့ကို ငယ်ရွယ်စဉ်တုန်းက သေချာပေါက် လုပ်ခဲ့ဖူးလိမ့်မည်။ အဆုံးသတ်မှာတော့ အကြာကြီး နားထောင်ပြီးနောက်တွင် သူမ နားထောင်လိုက်ရတာတွေက ကလေးဆိုးလေးကို ကိုင်တွယ်ခဲ့သော ဟောက်ချန်ဟွမ်းရဲ့ သူရဲကောင်းဆန်ဆန် အပြုအမူတွေပင် ဖြစ်လေသည်။
စုယန်ယန်သည် မစ်စ်လန်ဟာ ဟောက်ချန်ဟွမ်းဘက်မှာ ရည်ရွယ်ချက်ရှိရှိ ရပ်တည်နေသည်ဟု သံသယဝင်ရန် လုံလောက်သော အကြောင်းပြချက် ရှိသည်ဟု ထင်မိသည်။
ဟောက်ချန်ဟွမ်း : “ ??? ” ဒီကိစ္စက သူ့အသက်အရွယ်နဲ့ ဘာဆိုင်လို့တုံး။
တစ်စုံတစ်ယောက်ဆီက သူမ ခြိမ်းခြောက်ခံလိုက်ရသလို ခံစားရ၍ မျက်မှောင်ကြုတ်လိုက်ရင်း သူမရဲ့ အသက်အရွယ်ကို ဒီည ကိုယ်တိုင်ကိုယ်ကျ အတည်ပြုပေးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
သူတို့ မပြန်ခင်မှာ အိမ်အတွက် ပစ္စည်းတွေ အများကြီးကိုတောင် ယူလာခဲ့ရသည်။
စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ ဘယ်လိုမှ ငြင်းဆန်လို့ မရသဖြင့် ယူလာခဲ့ရ၏။
သူတို့ ကားထဲကို မဝင်ခင်မှာ မစ်စ်လန်က စုယန်ယန်ရဲ့ လက်ကို ကိုင်ပြီး သူမနှင့် စကားပြောနေခဲ့သည်။
လန်မင်ဟန်က ထိုအခွင့်အရေးကို အသုံးချကာ ဟောက်ချန်ဟွမ်းကို သတိပေးလိုက်သည်။ “ ငါ သူငယ်ချင်း တစ်ယောက်ဆီက ကြားခဲ့တာ မင်း ပြန်ကောင်းသွားတဲ့ သတင်းက နိုင်ငံခြားအထိ ပြန့်နေတယ်တဲ့။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက လက်ခနဲ တောက်သွားသော်လည်း နှုတ်ဆိတ်နေဆဲပင်။
လန်မင်ဟန်က သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို ဟောက်ချန်ဟွမ်း နားလည်ရဲ့လား မသေချာသောကြောင့် ပွင့်ပွင့်လင်းလင်း ပြောပြလိုက်သည်။ “ မစ်စ်စုန့်လည်း နိုင်ငံခြားမှာ ရှိတယ်။
ဟောက်ချန်ဟွမ်းက ခဏတာ နှုတ်ဆိတ်ငြိမ်သက်သွားပြီးမှ စုယန်ယန်ဆီ အကြည့်ရောက်သွားသည်။ “ ကိစ္စ မရှိပါဘူး။ သူမ ပြန်လာသည်ဖြစ်စေ ၊ ပြန်မလာသည်ဖြစ်စေ ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ”