← Chapters

အခန်း ၅၇၀

Vol. 38 Ch. 570

အခန်း ၅၇၀

Vol. 38 Ch. 570

အခန်း (၅၇၀) မင်းက သိပ်စိတ်ပျက်စရာကောင်းတဲ့ မိန်းမပဲ။

သို့သော်လည်း မစ်စ်ဟောက်က သူမကို အလွယ်တကူ အလျှော့ပေးဖို့ ရည်ရွယ်ချက် မရှိပေ။ သူမက လက်ကို ဆန့်ထုတ်ကာ ရွှယ်ပိုင်လီရဲ့ ဆံပင်ကို နောက်တစ်ခေါက် လှမ်းဆွဲလိုက်သည်။

ကံကောင်းစွာဖြင့် တိုက်ခန်းထဲမှ အိမ်အကူက ရုတ်ရုတ်သဲသဲ အသံတွေကို ကြားသွားကာ သူမရဲ့ အလုပ်ရှင်ကို ကယ်တင်ရန် ပြေးထွက်လာသောကြောင့် မစ်စ်ဟောက်က ခဏတာ ရပ်တန့်သွားသည်။

အကြောင်းပြချက်မရှိ ဘလိုင်းကြီး အရိုက်ခံလိုက်ရသော ရွှယ်ပိုင်လီကလည်း ဒေါသထွက်နေခဲ့သည်။ သူမက ချက်ချင်းပဲ တိုက်ခန်းအပြင်ဘက်ရှိ လုံခြုံရေးအစောင့်ကို သူမအား လာကူညီရန် ဖုန်းဆက်လိုက်သည်။

ထို့နောက် သူမဟာ ဟောက်ချီဟန်ကို ဖုန်းဆက်ကာ ဘယ်ကမှန်း မသိတဲ့ ထူးထူးဆန်းဆန်း အမျိုးသမီး တစ်ယောက် ပါးရိုက်တာ ခံလိုက်ရကြောင်း မကျေမနပ် ညည်းညူပြောဆိုပါတော့သည်။

ဟောက်ချီဟန်က ထိုစကားကို ကြားသည်နှင့် လုပ်လက်စ အလုပ်တွေ အကုန်လုံးကို ချက်ချင်း ပစ်ချကာ အပြေးအလွှား ရောက်လာခဲ့သည်။

သူ ရောက်သွားသောအခါ မျက်နှာပေါ်မှာ လက်ငါးချောင်းရာ အထင်းသား ရှိနေသော သူ့ချစ်သူလေးကို မြင်လိုက်ရ၏။ သူ‌မလေးက လုံခြုံရေးအစောင့်နောက်မှာ ကိုယ်ကို ကျုံ့ထားလျက် သနားစဖွယ် တရှုံ့ရှုံ့ ငိုကြွေးနေသည်။

ထိုအချိန်မှာပဲ ဝင်ပေါက်မှာ ရပ်နေတဲ့ သူ့ရဲ့ တရားဝင် ဇနီးက သူ့ကို ‌အော်ပါတော့သည်။ သူမက သူ့ချစ်သူလေးကို ဝင်လုံးဖို့ပင် ကြိုးပမ်းနေခဲ့သည်။ အရှေ့မှာ ရှိတဲ့ လုံခြုံရေးအစောင့် နှစ်ယောက်ကတောင် သူမကို မထိန်းချုပ်နိုင်ကြ။

ဟောက်ချီဟန်ရဲ့ မည်းမှောင်နေပြီးသား အမူအရာက ချက်ချင်းပဲ ပိုလို့ မည်းမှောင်သွားသည်။ သူက ရှေ့တိုး၍ မစ်စ်ဟောက်ရဲ့ လက်ကို ဖမ်းဆုပ်ကာ ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ “ မင်း ဒီမှာ ဘာလာလုပ်နေတာလဲ။ ”

မစ်စ်ဟောက်ရဲ့ တစ်ကိုယ်လုံး အေးခဲသွားသည်။ ဖြစ်ပျက်နေသော အခြေအနေကို သူမ နားလည်သွားချိန်မှာတော့ ဟောက်ချီဟန်ကို ကုတ်ခြစ်ဖို့ လက်ရွယ်လိုက်လေသည်။

“ ဒီမှာ ဘာလာလုပ်နေတာလဲ … ဟုတ်လား။ ရှင့်မှာ ကျွန်မကို ဒီမှာ ဘာလာလုပ်နေတာလဲလို့ မေးဖို့ အရှက်တရား ကျန်သေးတယ်လား။ ဒီကောင်မက ဘယ်သူလဲ။ ရှင့်မှာ မယားငယ် ရှိနေတာတောင်မှ ကျွန်မကို ဒီမှာ ဘာလာလုပ်နေတာလဲ ဆိုပြီး မျက်‌နှာပြောင်တိုက် မေးရဲသေးတယ်လား။ ”

ဟောက်ချီဟန် ရောက်လာခြင်းက မစ်စ်ဟောက်၏ နောက်ဆုံးလက်ကျန် သည်းခံစိတ်ကို ကုန်ဆုံးသွားစေလျက် အရူး တစ်ယောက်လို အကြီးအကျယ် ဒေါသူပုန်ထသွားစေသည်။

ဟောက်ချီဟန်ရဲ့ မျက်နှာက လူ အများကြီးရှေ့မှာ မစ်စ်ဟောက် စော်ကားပြောဆိုတာ ခံလိုက်ရပြီးနောက် ပိုလို့ အရုပ်ဆိုးလာခဲ့သည်။ မစ်စ်ဟောက်အပေါ် မလုံမလဲ ခံစားနေရသော အပြစ်မကင်းစိတ်ကလည်း မှေးမှိန်သွားသည်။

မည်းမှောင်သော အမူအရာဖြင့် သူ လှည့်ကြည့်လိုက်တော့ အနားမှာ ရပ်နေဆဲ ဖြစ်သော လုံခြုံရေးအစောင့် နှစ်ယောက်ကို မြင်လျှင် မစ်စ်ဟောက်ကို အိမ်ထဲ ဆွဲခေါ်လာခဲ့လိုက်၏။

တံခါးပိတ်သွားပြီး အိမ်အကူကတော့ အပြင်ဘက်မှာ လုံခြုံရေးအစောင့် နှစ်ယောက်နှင့် အခြေအနေကို အကျိုးအကြောင်း ပြောပြရင်း ကျန်ခဲ့သည်။

ရွှယ်ပိုင်လီသည် ထိုအရူးမကို မြင်ချိန်မှာ ထိတ်လန့်သွားပြီး ချက်ချင်းပဲ ခြေလှမ်း အနည်းငယ် နောက်ဆုတ်လိုက်မိ၏။

အိမ်ထဲကို ဝင်လာခဲ့သော မစ်စ်ဟောက်က ရွှယ်ပိုင်လီကို မြင်ချိန်မှာ သူမကို နောက်တစ်ခေါက် ဝင်လုံးရန် ရုန်းကန်နေခဲ့သည်။ ဟောက်ချီဟန်က သူမရဲ့ လက်ကို ဖမ်းဆုပ်လိုက်ပါသည်။ “ တော်လောက်ပြီ။ ”

မစ်စ်ဟောက်က သူ့အော်သံကြောင့် ကြောင်အသွားသည်။ သူမ တစ်ခုခု ပြောဖို့ ပါးစပ်ဟလိုက်သော်လည်း ထိုအချိန်မှာ ရွှယ်ပိုင်လီက သနားစရာကောင်းစွာ ‌အော်ငိုနေခဲ့ပြီးပါပြီ။ “ အစ်ကိုဟန် … ”

မစ်စ်ဟောက် နောက်တစ်ခေါက် ဒေါသူပုန်ထသွားပြန်သည်။

“ ဘာအစ်ကိုလဲ။ သူက နင့်အဖေနဲ့တောင် အသက်အရွယ်ချင်း နင်လားငါလားပဲ။ နင့်အသက် ငယ်ငယ်ရွယ်ရွယ်လေးကိုမှ အားမနာ ငယ်ရွယ်မှုနဲ့ အလှကို အသုံးချပြီး မယားငယ် လုပ်နေတယ်။ နင် ဘာလို့ ဒီလောက်တောင် အရှက်မဲ့ရတာလဲ။ ”

“ မင်း မတော်နိုင်သေးဘူးလား။ ” နောက်ဆုံးမှာ ဟောက်ချန်ဟွမ်းရဲ့ အမူအရာက အနည်းငယ် ပြေလျော့သွားသော်လည်း သူမရဲ့ စကားတွေကြောင့် ပြန်လည် မှုန်မှိုင်းမည်းမှောင်သွားသည်။

သူမက သူမရဲ့ ငယ်ရွယ်သော အသွင်အပြင်ကို ထိန်းသိမ်းထားရုံသာမက ရင့်ကျက်သော အမျိုးသမီး တစ်ယောက်ရဲ့ အမူအကျင့်တွေပင် ရှိသေးရဲ့။

အဲ့ဒါကြောင့်ပဲ သူက လ အနည်းငယ် အတွင်းမှာ သူမရဲ့ သာယာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်လေးထဲကို ရောက်လာခဲ့တာပါ။

အမျိုးသမီးငယ်လေးတွေကို သူ ကြိုက်တာ မှန်ပေမဲ့ အဲ့ဒါက သူတို့ရဲ့ အသက်အရွယ် ကွာဟချက်တွေ ၊ အသွင်အပြင်တွေကို လှောင်ပြောင်နေတဲ့ လူတွေကို သဘောကျတယ် ဆိုတဲ့ အဓိပ္ပာယ်တော့ မဟုတ်ပါ။

ထိုအချိန်မှာ မစ်စ်ဟောက်ကို မုန်းတီးသော ဟောက်ချီဟန်ရဲ့ အမုန်းတရားတွေက အထွဋ်အထိပ်ကို ရောက်နေပြီ ဖြစ်ပြီး နောက်ဆုံးလက်ကျန် အပြစ်မကင်းစိတ်လေးလည်း လွင့်စင်ပျောက်ကွယ်သွားပြီ ဖြစ်သည်။

မစ်စ်ဟောက်က ဟောက်ချီဟန် တွန်းတာကို ခံလိုက်ရပြီးနောက်မှာ ဟန်ချက်ပျက်ပြီး ဒယိမ်းဒယိုင် ဖြစ်သွားသည်။

သူမ ဟန်ချက်တည်ငြိမ်သွားချိန်မှာတော့ အသံကုန် ခြစ်အော်ချင်စိတ် ပေါက်သွားသည်။ “ ဘာ … ကျွန်မကို မတော်နိုင်သေးဘူး ဟုတ်လား။ ကျွန်မက ရှင့်နာမည် တစ်ဝက် ရှိနေတဲ့ ရှင့်မိန်းမနော်။ အခု ရှင်က ဒီမယားငယ်မအတွက်နဲ့ ကျွန်မကို အော်နေတာနော်။ ”

ရွှယ်ပိုင်လီက မစ်စ်ဟောက်ရဲ့ ကျယ်‌လောင်သော အသံကြောင့် ကြောက်ရွံ့သွားသလို ပုံစံလေးဖြင့် ဟောက်ချီဟန်နောက်မှာ ပုန်းကွယ်နေသည်။ “ အစ်ကိုဟန် … ”

“ ဘာမှ မဖြစ်ဘူးနော် ၊ ဘာမှ ‌မကြောက်နဲ့။ ” ဟောက်ချီဟန်ရဲ့ နှလုံးသားလေးက နူးညံ့သွားကာ မစ်စ်ဟောက်အပေါ် ထားသော သူ့ခံစားချက်ကလည်း ပိုလို့ စိတ်ပျက်လက်ပျက် ဖြစ်လာခဲ့သည်။ “ မင်း အခု ဘယ်လို ပုံစံကြီးနဲ့ တူနေလဲ သိရဲ့လား။ မင်းက အပြင်မှာကတည်းက အသံကျယ်ကြီးနဲ့ အော်ဟစ်ပြောနေတာ ၊ အခု ငါတို့ အိမ်ထဲ ရောက်တဲ့အထိ အော်ဟစ်နေတုန်းပဲ။ မင်းက သိပ်စိတ်ပျက်စရာကောင်းတဲ့ မိန်းမပဲ။ ”

All Chapters