အခန်း ၅၇၂
Vol. 39 Ch. 572
အခန်း ( ၅၇၂ ) နှစ်ယောက်ပေါင်း ဖောက်ပြန်ခံရခြင်း။
ထိတ်လန့်အံ့ဩသွားသော မစ်စ်ဟောက်သည် ကြမ်းပြင်ပေါ်ရှိ ရွှယ်ပိုင်လီကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။
ဘာပြောလိုက်တယ် … ကလေး .. ဟုတ်လား။ ဘယ်သူ့ကလေးလဲ။ ဒီမိန်းမမှာ သူမယောက်ျားနဲ့ ရတဲ့ ကလေး ရှိနေတာလား။
မစ်စ်ဟောက်က ထိတ်လန့်နေ၍ အခွင့်အရေး တစ်ခုကို လွတ်သွားခဲ့သည်။ ဟောက်ချီဟန်က သူ့ရဲ့ အနာဂတ် သားလေး တစ်ခုခု ဖြစ်သွားကြောင်း ကြားလိုက်ရသည်နှင့် ရွှယ်ပိုင်လီကို ချက်ချင်းပဲ ပွေ့ထူကာ ပြေးထွက်သွားလေသည်။
မစ်စ်ဟောက်နံဘေးမှ သူ ဖြတ်သွားချိန်တွင် သူမ စကားပြောဖို့ ပါးစပ်ပြင်လိုက်ပေမဲ့ ဟောက်ချီဟန်က သူမကို တွန်းထုတ်လိုက်သဖြင့် ဘေးမှာ ရှိသော ဗီရိုနှင့် ဗိုက်နှင့် ဆောင့်မိသွားကာ နာကျင်မှုကြောင့် မျက်နှာ ဖြူဖတ်ဖြူရော် ဖြစ်သွားခဲ့သည်။
ဟောက်ချန်ဟွမ်းရဲ့ စပိုင်တွေက ဟောက်မိသားစုမှာ ဖြစ်ပျက်နေသမျှ အကြောင်းအရာတိုင်းကို ပြန်လည် တင်ပြသည်။
စုယန်ယန်က ထိုအကြောင်းကို ကြားပြီး အံ့ဩကြောင်အနေမိသည်။ “ ဟောက်ချီဟန်က တခြား မိန်းမ တစ်ယောက်နဲ့ ဖောက်ပြန်နေတဲ့အပြင် ကလေးပါ ရနေတာတဲ့လား။ မစ်စ်ဟောက်က မယားငယ်မကို အမိဖမ်းဖို့ သွားရင်း ကလေးပျက်ကျအောင် လုပ်မိတော့မလို ဖြစ်သွားခဲ့တယ် ၊ ပြီးတော့ အခု ဟောက်ချီဟန်က သူမကို ကွာရှင်းချင်နေပြီ … ။ ဘုရားရေ ၊ တကယ့်ကို ဒရာမာပါပဲလား။ ”
ဟောက်ချန်ဟွမ်းသည် သူ့ဇနီးလေးရဲ့ မျက်နှာပေါ်က ‘ ကျွန်မ အဲ့ဒါကို မမြင်လိုက်ရတာ အရမ်း နှမြောစရာကောင်းတယ် ’ ဟူသော အကြည့်ကို မြင်ချိန်မှာ မအောင့်နိုင်ဘဲ ရယ်မိတော့သည်။
“ အဲ့ဒါပြီးတော့ ဘာဆက်ဖြစ်လဲ။ မယားငယ်ရဲ့ ဗိုက်ထဲက ကလေးကို သူတို့ ကယ်နိုင်ခဲ့လား။ ”
“ သူမ ကလေးပျက်ကျတော့မလို ဖြစ်သွားတယ်လို့ ကိုယ် ပြောခဲ့တယ်လေ။ ဒါပေါ့ ၊ ကယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ ကိုယ် သံသယရှိတာက … ”
“ ဘာကို သံသယရှိတာလဲ။ ”
“ အဲ့ဒီမိန်းမက ရည်ရွယ်ချက်ရှိရှိ တမင် လှဲချခဲ့တာ ထင်တယ်။ ”
“ တမင် လှဲချခဲ့တာ … ။ ” စုယန်ယန်သည် တခဏ အံ့ဩသွားပြီးမှ ဟောက်ချန်ဟွမ်း ပြောချင်သော အဓိပ္ပာယ်ကို နားလည်သွားသည်။
“ အဲ့မိန်းမက ဟောက်ချီဟန်နဲ့ သူ့မိန်းမကြားမှာ ပြဿနာဖြစ်အောင် ဖန်တီးပြီး မစ်စ်ဟောက်ကို အပြစ်ပုံချဖို့ ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်ခဲ့တာလို့ ရှင် ပြောတာလား။ ”
“ အဲ့လို ဖြစ်ဖို့ များတယ်။ ”
“ သူမက တကယ့်ကို ယုတ်မာတာပဲ။ အဲ့လို ဟန်ဆောင်ရင်းနဲ့ မတော်တဆ ထိခိုက်မိသွားပြီး တကယ် သေသွားရင် ဘယ်လို လုပ်မလဲ။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အေးစက်သွားကာ လှောင်ရယ် ရယ်လိုက်သည်။ “ ဒီကလေးက သူမအတွက် ဟောက်မိသားစုထဲကို ဝင်နိုင်ဖို့ မျှော်လင့်ချက်ပဲလေ။ သူမ အရမ်း လက်လွတ်စပယ် လုပ်မှာ မဟုတ်ဘူး။ တကယ်လို့ သူမ တကယ် သေသွားရငခ ဟောက်ချီဟန် ဘယ်သူ့ကို မုန်းမယ်လို့ မင်း ထင်လဲ။ ”
“ သေချာတာပေါ့ ၊ မစ်စ်ဟောက်ပဲ။ ” စုယန်ယန်ရဲ့ နှလုံးသားက အေးခဲသွားသည်။
သူမက ဟောက်ချီဟန်၏ အချစ်နှင့် မြတ်နိုးမှုကို ရရှိရန် ကိုယ့်ကိုယ်ကိုယ် အထိခိုက်ခံချင်နေတာပင်။
လူ တစ်ယောက် သည်းခံနိုင်တဲ့ အတိုင်းအတာ ဆိုတာ တခြား လူတွေ စိတ်ကူးကြည့်နိုင်တာထက် အမြဲတမ်း ပိုနည်းသည်။ ကိုယ် မြင်ခဲ့ ၊ ကြားခဲ့ရတဲ့ အရာက လုံလောက်အောင် ထိတ်လန့်စရာကောင်းတယ်လို့ ခံစားရချိန်တိုင်းမှာ လူ့သဘာဝကို နားလည်နိုင်စွမ်းအား ပိုမို ဆန်းသစ်စေသည့် လူတွေ ၊ အဖြစ်အပျက်တွေ ရှိလာလိမ့်မည်။
“ သူတို့မှာ ကျွန်မတို့ကို လာပြဿနာရှာဖို့ အချိန်မရှိတာ အံ့ဩစရာမရှိပါဘူး။ သူတို့မိသားစုက တကယ့်ကို ပြဿနာထဲ ရောက်နေတာ မဟုတ်လား။ ကျွန်မမျက်လုံးတွေနဲ့ အဲ့ဒါကို မြင်ချင်လိုက်တာ။ သေချာပေါက်ကို အရမ်း စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်။ ”
စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ကာ သရော်ပြုံး ပြုံးလိုက်သည်။ “ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင် မျိုးစေ့ မမှန်တော့ အပင်မသန်ဘူး ဆိုတဲ့ စကား ရှိတယ်လေ။ ဟောက်ရှောက်ဖုန်းက အဲ့လို ဖြစ်နေတော့ သူ့အဖေကလည်း အဲ့အတိုင်း တစ်ပုံစံတည်းပဲ။ အခု သူ့အဖေက ဟိုအငယ်အနှောင်းကြောင့်နဲ့ သူ့အမေကို ကွာရှင်းခဲ့တယ်။ ဟောက်မိသားစုရဲ့ သခင်လေး ဖြစ်ခဲ့ဖူးတဲ့ ဟောက်ရှောက်ဖုန်းလည်း အိမ်ကနေ သူ့အမေနဲ့ အတူတူ နှင်ထုတ်ခံရလောက်တယ်။ သူ ဘယ်လို ခံစားနေရမလဲ ဆိုတာ ကျွန်မ သိချင်လိုက်တာ။ ”
ဟောက်မိသားစုရဲ့ ပြဿနာတွေ အကြောင်း တွေးကြည့်ရင်း စုယန်ယန် တစ်ယောက် တဟင်းဟင်း မရယ်မိဘဲ မနေနိုင်ပေ။
“ သူ အခု တကယ့်ကို ကျဉ်းထဲကျပ်ထဲ ရောက်နေပြီ။ ”
စုယန်ယန်သည် အေးစက်စွာ နှာခေါင်းရှုံ့ရင်း သရော်တော်တော် ပြောလိုက်၏။ “ သူ့အဖေက သူ့အမေကို ဖောက်ပြန်ပြီး ကွာရှင်းချင်နေတယ်။ သူက သူတို့ နှစ်ယောက်လုံးကို အိမ်ထဲကနေ ကန်ထုတ်ခဲ့တဲ့အပြင် သူ့အတွက် ညီလေး တစ်ယောက်ကိုတောင်မှ ပေးခဲ့တယ်လေ။ သူ ဘယ်လို ဆက်ရှင်သန်မှာလဲ။ ”
“ အဲ့ဒါ တစ်ခုတည်းကြောင့်တော့လည်း မဟုတ်ဘူး။ ”
စုယန်ယန်သည် အံ့ဩသွားခြင်းနှင့်အတူ မျက်လုံးတွေ အရောင်တောက်လာခဲ့သည်။ “ တခြား ထပ်ရှိသေးတာလား။ ကျွန်မကို မြန်မြန် ပြောပြပါဦး။ ”
ဟောက်ချန်ဟွမ်းရဲ့ နှုတ်ခမ်းတွေက အနည်းငယ် ကွေးညွှတ်သွားကာ မျက်လုံးထဲမှာ သူတစ်ပါး ဒုက္ခရောက်နေတာကို ပျော်ရွှင်စိတ်တွေ ပြည့်နှက်သွား၏။ “ သူလည်း သူ့အမေလို အဖြစ်အပျက်မျိုး ကြုံခဲ့ရတယ်။ ”
“ သူ့အမေလို အဖြစ်အပျက်မျိုး .. ဟုတ်လား။ သူ့အမေက … ” စုယန်ယန်ရဲ့ စကားလုံးတွေက လည်ချောင်းထဲမှာ တစ်ဆို့သွားပြီးနောက် မယုံကြည်နိုင်မှုကြောင့် မျက်လုံးတွေ ပြူးကျယ်လာခဲ့သည်။ “ ဟောက်ရှောက်ဖုန်းလည်း ဖောက်ပြန်ခံရတယ်လို့ ရှင် ပြောနေတာလား။ ”
++++++