အခန်း ၅၇၃
Vol. 39 Ch. 573
အခန်း (၅၇၃) သူ့ရဲ့ ရှိရင်းစွဲ နေရာကို ထိန်းသိမ်းမထားနိုင်ခြင်း။
ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်ရဲ့ စိတ်လှုပ်ရှားနေသော မျက်လုံးတွေနှင့် အကြည့်ခိင်း ဆုံသွားကာ သူမရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သည်။ “ အင်း ၊ သူလည်း ဖောက်ပြန်ခံထားရတယ်။ ”
စုယန်ယန်ကဝောာ့ ထိတ်လန့်နေဆဲပါပဲ။ ဘုရားရေ .. ကမ္ဘာ့အမျိုးသမီးဇာတ်လိုက်က ကမ္ဘာ့အမျိုးသားဇာတ်လိုက်အပေါ် ဖောက်ပြန်တယ်တဲ့လား … ။
မူရင်း အမျိုးသမီးဇာတ်လိုက်က လေထဲမှာ ပျံဝဲနေသော လိပ်ပြာလေး တစ်ကောင်ကဲသို့ အရံ အမျိုးသားဇာတ်ကောင်တွေနှင့် နေရာတိုင်းမှာ ဇယားရှုပ်ကာ အရန်လူတွေ အများအပြား ထားရှိသောလည်း အမျိုးသားဇာတ်လိုက်အပေါ်မှာ အမှန်တကယ် ဖောက်ပြန်ခဲ့တာ မဟုတ်ပေ။
အခု ဟောက်ချန်ဟွမ်းက အဲ့ဒီလို ပြောလာပြီ ဆိုတော့ ထိုအမျိုးသမီးက ဟောက်ရှောက်ဖုန်းအပေါ် တကယ် ဖောက်ပြန်ခဲ့တာ ဖြစ်နိုင်ဖို့ များနေလေရဲ့။
“ ဘာတွေ ဖြစ်ကုန်တာလဲ။ ဝမ်ကျင့်ဖျင် ဒီတစ်ခေါက် ဘယ်သူ့ကို မြူဆွယ်ထားတာလဲ။ ဟောက်ရှောက်ဖုန်းရော အဲ့အကြောင်း သိလား။ ”
ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ပထမ မေးခွန်း အနည်းငယ်ကို တိုက်ရိုက် မဖြေဘဲ ထိုအစား နောက်ဆုံးမေးခွန်းကိုသာ ပြန်ဖြေခဲ့သည်။
“ ကိုယ်လည်း အခုထိတော့ မသိသေးဘူး။ ဒါပေမဲ့ မနက်ဖြန်ကျရင်တော့ သိရမှာပါ။ ”
စုယန်ယန်က သူ့ကို နားမလည်နိုင်စွာ တအံ့တဩ ကြည့်နေမိသည်။
ဟောက်ချန်ဟွမ်းရဲ့ စကားတွေကို အတည်ပြုပေးလိုက်တာကတော့ အဲ့ဒီနေ့ နေ့လယ်မှာပဲ ဟောက်ရှောက်ဖုန်းသည် နောက်ဆုံးတော့ သူ့လက်က ကျောက်ပတ်တီးကို ဖယ်ရှားလိုက်ကာ အရင်တုန်းကလောက် ခံစားမှု မရှိတော့သော လက်ချောင်းတွေကို ကြည့်ပြီး မျက်နှာ မည်းမှောင်သွား၏။
ထိုအချိန်မှာပဲ သူ့အမေက အပြင်ကနေ အိမ်ထဲကို ငိုယိုလျက် ပြေးဝင်လာတာ ဖြစ်သည်။ သူမမျက်နှာပေါ်မှာတော့ အနီရောင်တောက်တောက် လက်ဝါးရာ တစ်ခု ရှိနေသည်။
ဟောက်ရှောက်ဖုန်းက သူ့ကိုယ်သူသာ ငါသိငါတတ် ငါအမှန်လို့ ထင်တဲ့ အသုံးမကျသူ တစ်ယောက် ဆိုသော်လည်း သူ ငယ်ငယ်လေးကတည်းက သူ့ကို ငုံမထားမတတ် ချစ်သော မိခင်ဖြစ်သူကိုတော့ အများကြီး ဂရုစိုက်ပါသေးသည်။
သူ့အမေရဲ့ ပုံစံကို မြင်တော့ ဟောက်ရှောက်ဖုန်းရဲ့ အမူအရာက ပြောင်းလဲသွား၏။ မစ်စ်ဟောက်ထံ လျင်မြန်စွာ ထသွားပြီး ဒေါသတကြီး မေးလိုက်သည်။ “ အမေ ဘာဖြစ်လာတာလဲ။ အမေ့ကို ဘယ်သူ ရိုက်လိုက်တာလဲ။ ”
မစ်စ်ဟောက်သည် သူမရဲ့ စိတ်ကို တင်းမထားနိုင်တော့ဘဲ သားဖြစ်သူကို ပွေ့ဖက်ကာ ငိုကြွေးမိလေတော့သည်။
ဟောက်ရှောက်ဖုန်းက ဘာဖြစ်ခဲ့တာလဲ ဆိုတာ မသိသော်လည်း သူမကို ဒီတိုင်းလေး ဖက်ပေးထားပြီး နောက်ဆုံးမှာ မစ်စ်ဟောက် စိတ်ငြိမ်သွားတဲ့အထိ နှစ်သိမ့်ပေးနေခဲ့သည်။ သူမက သားဖြစ်သူကို ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောချင်သလို ပုံစံ ဖြစ်နေသည်။
ဟောက်ရှောက်ဖုန်းရဲ့ နောက်ဆုံးလက်ကျန် စိတ်ရှည်မှုလေး ကုန်ဆုံးသွားကာ စိုးရိမ်တကြီး မေးလိုက်တော့သည်။ “ ဘာဖြစ်လာတာလဲဟင်။ အမေ့ကို ဘယ်သူ ရိုက်လာတာလဲ။ ကျွန်တော့်ကို ပြောပါ ၊ ကျွန်တော် အမေ့အတွက် လက်စားချေပေးမယ်။ ”
ထိုစကားတွေကို ကြားတော့ မစ်စ်ဟောက်က ပိုလို့တောင် ဝမ်းနည်းသွားမိသည်။
သူမဘဝမှာ သားကြောင့်သာ မျှော်လင့်ချက် ရှိနေတာပဲ။ မဟုတ်ရင် …
“ သားရဲ့ အဖေ ရိုက်လိုက်တာ။ ”
“ အဖေ ရိုက်လိုက်တာ … ” ဟောက်ရှောက်ဖုန်း ထိတ်လန့်သွားသည်။ “ ဘာလို့ အဖေက အမေ့ကို ရိုက်မှာလဲ။ ”
ဟောက်ရှောက်ဖုန်းရဲ့ မေးခွန်းက မစ်စ်ဟောက်ရဲ့ အနာကို ထိသွားပုံပေါ်ကာ မျက်နှာပျက်သွားစေသည်။ “ အေး ၊ သူ ဘာလို့ အမေ့ကို ရိုက်မှာလဲ .. ဟုတ်လား။ အပြင်မှာ တခြား မိန်းမ တစ်ယောက် ရှိနေလို့ ငါနဲ့အတူ ဆက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း မနေချင်တော့လို့ပဲပေါ့။ ”
“ အဖေ့မှာ တခြား မိန်းမ တစ်ယောက် ရှိနေတာလား။ ” ထိုစကားတွေက ဟောက်ရှောက်ဖုန်းရဲ့ ခေါင်းကို ထိုးနှက်လိုက်သလိုပဲ ဖြစ်သည်။ သူ ဆွံ့အသွားမိပါသည်။
“ အမေ အဖေ့ကို အထင်လွဲနေတာလား။ သူက ဘယ်လိုလုပ် … ”
“ ဘာကို အထင်လွဲရမှာလဲ။ အဲ့ဒါကို ငါ့မျက်စိနဲ့ ကိုယ်တိုင် မြင်ခဲ့တာ။ သူက အပြင်မှာ ဟိုမိန်းမနဲ့ နေဖို့ အိမ်တောင် ဝယ်ထားသေးတယ်။ ဟိုတလောတုန်းကဆို အဲ့ကောင်မနဲ့ အတူတူ နေဖို့ အိမ်ကိုတောင် ပြန်မလာဘူး။ ပြီးတော့ အဲ့မိန်းမ .. အဲ့မိန်းမက သူ့ကိုယ်ဝန်ကို လွယ်ထားရနေပြီ။ ကလေးက တစ်လတောင် ကျော်နေပြီတဲ့။ သူတို့နှစ်ယောက် အတူတူလည်း အိပ်ပြီးပြီ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အထင်လွဲစရာ ဘာရှိသေးလို့လဲ။ ”
မစ်စ်ဟောက်ရဲ့ မျက်လုံးတွေက နီရဲနေကာ ထိုမိန်းမနာမည်ကို ထည့်ပြောတိုင်း အံကြိတ်နေခဲ့သည်။
ဟောက်ချီဟန် အပြင်မှာ မယားငယ်ထားနေခြင်းက သူမကို ရူးသွပ်စေရန် လုံလောက်လနမ့်မည်ဟု ထင်ထားခဲ့တာ ဖြစ်သည်။
သူမကို ပိုရူးသွပ်သွားစေမယ့် အရာက သူ့မှာ မယားငယ် ရှိနေတဲ့အပြင် အဲ့ဒီ မယားငယ်မမှာ ကိုယ်ဝန်ရှိနေတာပါ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ သိမှာလဲ။
မစ်စ်ဟောက်သည် သူမရဲ့ နှာခေါင်းကို လက်ညိုးထိုးကာ သူ့အတွက် အသုံးမကျတဲ့ သား တစ်ယောက်ကို မွေးခဲ့သည့်အတွက် သူမကို ကြိမ်းမောင်းနေသော ဟောက်ချီဟန်အကြောင်း ပြန်တွေးရင်း သူမတို့ နှစ်ယောက်ကို စွန့်လွှတ်ကာ ဟိုမယားငယ်မကို အမြင့်ရောက်အောင် တွန်းတင်ပေးဖို့ စီစဉ်နေသော ဟောက်ချီဟန်ကို ဘယ်လိုမှ နားမလည်နိုင်ပေ။
ဟောက်ရှောက်ဖုန်းလည်း ဆွံ့အသွားသည်။ ပြီးခဲ့တဲ့ နှစ် ( ၂၀ ) ကျော်လုံး သူက တစ်ဦးတည်းသော သား ဖြစ်ခဲ့ကာ သူကပဲ ဟောက်ကော်ပိုရေးရှင်းရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူလို့ အများက လက်ခံထားကြတာ ဖြစ်သည်။ အနာဂတ်မှာ ဟောက်ကော်ပိုရေးရှင်းက သူ့အပိုင် ဖြစ်လာလိမ့်မည်။
ဒါပေမဲ့ အခုတော့ သူ့အဖေက တခြား မိန်းမနဲ့ တခြား ကလေး တစ်ယောက် ရသွားပြီပေါ့ … ။ ဒါဆို သူ …
++++++