အခန်း ၅၇၅
Vol. 39 Ch. 575
အခန်း ( ၅၇၅ ) ဒေါသထွက်လွန်းလို့ ရူးတော့မလားပဲ။
မစ်စ်ဟောက်သည် အရှုံးပေးချင်စိတ် မရှိပေ။
ဟောက်ရှောက်ဖုန်း ပြောသလိုပင် သူမ ဟောက်မိသားစုနှင့် လက်ထပ်ခဲ့ချိန်ကတည်းက ဟောက်မိသားစုဟာ ကြီးမားသော အင်အား တစ်ရပ် ဖြစ်နေပြီးသား ဖြစ်သည်။
ဟောက်ချီဟန်ရဲ့ မိဘတွေက သူမကို အစကတည်းက သဘောကျလှတာ မဟုတ်။ ဟောက်ချီဟန်နှင့် လက်ထပ်ခွင့်ရရန်အတွက် သူမသည် အိထောင်မပြုခင်ကတည်းက ပိုင်ဆိုင်မှုတွေကို ခွဲဝေသည့် စာချုပ်ကို အရင်ဆုံး ယူလာခဲ့ရသည်။ ဟောက်ချီဟန်ရဲ့ ပိုင်ဆိုင်မှုတွေကို လက်မထင်ခင်ကတည်းက ကြိုတင် ခွဲဝေပြီးနောက်မှသာ သူနှင့် လက်ထပ်ခွင့်ရခဲ့တာ ဖြစ်သည်။
ထိုဖြစ်ရပ် နောက်ပိုင်းမှာ ဟောက်ချီဟန်က သူမတို့အိမ်ထဲရှိ ပိုင်ဆိုင်မှုတွေကဲ့သို့ မည်သည့် ပိုင်ဆိုင်မှုကိုမှ တွေးဖို့ တစ်ခါမှ တွေးမကြည့်ဖူးဘူး။
ထို့ကြောင့်သာ ဟောက်ချန်ဟွမ်းက ဟောက်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၁၀ % ကို သူမအား လွှဲပြောင်းပေးထားသည်ဟု စုယန်ယန် ကြွားဝါပြောဆိုချိန်တွင် မစ်စ်ဟောက်ရဲ့ မျက်နှာပေါ်မှာ ထူးဆန်းသော အမူအရာ တစ်မျိုး ဖြစ်သွားတာ ဖြစ်သည်။
သူမ ဟောက်ချီဟန်ကို အခုအချိန်မှာ ကွာရှင်းလိုက်လျှင် ဘာပိုင်ဆိုင်မှုကိုမှ မရဘဲ အိမ်ထဲကနေ မောင်းထုတ်ခံရလိမ့်မည်။
“ အင်း ၊ အမေ ကွာရှင်းမပေးဘူး။ ကွာရှင်းမပေးသရွေ့ အမေက မစ်စ်ဟောက် ဖြစ်နေတုန်းပဲ။ ဘယ်သူကမှ အမေ့ကို မောင်းထုတ်လို့ မရဘူး။ ဟိုမိန်းမက ကိုယ်ဝန်ရှိနေတော့ရော ဘာဖြစ်လဲ။ သူမရဲ့ ကလေးကလည်း တရားမဝင် ကလေး ဖြစ်လာမှာပဲ။ ”
“ အမေ အဲ့ဒီလို တွေးတာ ကောင်းတယ်။ ဒါက ကျွန်တော့်အတွက် မဟုတ်ဘဲနဲ့ အမေ့အတွက် ဆိုရင်တောင်မှ အမေ ကွာရှင်းပေးလို့ မဖြစ်ဘူး။ ”
“ ဒါပေမဲ့ .. ဒါပေမဲ့ သားရဲ့ အဖေက … ”
“ ကျွန်တော့်အဖေက ဘာဖြစ်လို့လဲ။ အပြင်မှာ အငယ်အနှောင်းထားပြီး အမှားကျူးလွန်ခဲ့တာ သူပဲလေ။ အဖေက အမေ့ကို သူနဲ့ ကွာရှင်းပေးဖို့ ဖိအားပေးနိုင်မယ်လို့ အမေ ထင်နေတာလား။ ”
ဟောက်ရှောက်ဖုန်းရဲ့ မျက်လုံးထဲမှာ ရက်စက်မှုနှင့် အမုန်းတရားတွေ ယှက်ပြေးသွားကာ ပြောလိုက်သည်။ “ သူ ကွာရှင်းချင်ရင်လည်း အဆင်ပြေပါတယ်။ သူ့ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းခိုင်းလိုက်ပေါ့။ မဟုတ်ရင် ဟိုမိန်းမနဲ့ သူ့သားက တရားဝင် တတိယလူတွေ ဖြစ်သွားလိမ့်မယ်။ ”
လက်ရှိအချိန်တွင် မစ်စ်ဟောက်မှာ အင်အား ဆိုလို့ ဟောက်ရှောက်ဖုန်း တစ်ယောက်တည်းသာ ရှိတော့တာမို့ သူ ဘာပြောပြော သဘာဝကျစွာပင် သိပ်ငြင်းဆန်မနေဘဲ လက်ခံခဲ့သည်။
ဟောက်ရှောက်ဖုန်းက သူမမျက်နှာပေါ်မှ ဒဏ်ရာကို ကြည့်၍ နှလုံးသားထဲ ဆစ်ခနဲ နာကျင်သွားလျက် ပြောလိုက်သည်။ “ အမေ့မျက်နှာပေါ်က ဒဏ်ရာကို အရင် သွားပြီး ဆေးလိမ်းလိုက်ဦးနော်။ ”
မစ်စ်ဟောက်က သူမရဲ့ ဖူးရောင်နေသော ပါးကို ထိကိုင်ကြည့်ကာ မျက်လုံးတွေ နီရဲသွားပြန်သည်။ သူမ ခေါင်းညိတ်ပြီး ထွက်လာခဲ့လိုက်၏။
သူမ ထွက်သွားသောအခါ ဟောက်ရှောက်ဖုန်းရဲ့ အမူအရာက လုံးဝ ပြောင်းလဲသွားကာ နံဘေးရှိ စားပွဲကို ကန်ပစ်လိုက်သည်။
သူ့ဒေါသကို ဘယ်လိုမှ ထိန်းချုပ်လို့ မရ။ ထိုအချိန်မှာပဲ ဟောက်ချန်ဟွမ်း သူ့ဆီ ပို့လိုက်သော ပစ္စည်း ရောက်လာသည်။
“ သခင်လေး ၊ သခင်လေးအတွက် ပါဆယ် ရောက်နေပါတယ်။ ”
“ ပါဆယ် …. ” ဟောက်ရှောက်ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။ ဒီတစ်ခေါက် သူ့ကို ပါဆယ်ပို့လိုက်တာ ဘယ်သူမှန်း သူ မမှတ်မိ။
ဟောက်ရှောက်ဖုန်းသည် စာအိတ်ကို ယူကာ ဖျစ်ကြည့်လိုက်၏။ အထဲမှာ ပါတဲ့ ပစ္စည်းက အတော်လေး ထူကာ လက်ပတ်နာရီ ခပ်ဝိုင်းဝိုင်းလေးလို ထိုးထွက်နေတဲ့ ပစ္စည်း သေးသေးလေး တစ်ခုလည်း ပါသည်။
စာအိတ်ကို သူ ဆုတ်ဖြဲပစ်လိုက်သည်နှင့် အထဲက ပစ္စည်းတွေ လျှောခနဲ ထွက်ကျလာကာ ကြမ်းပြင်ပေါ်တွင် ဓာတ်ပုံတွေ အများကြီး ပြန့်ကျဲသွားသည်။
ဟောက်ရှောက်ဖုန်း ဆွံ့အသွားပါသည်။ သူ ဓာတ်ပုံကို ငုံ့ကောက်လိုက်ပေမဲ့ ဘာဓာတ်ပုံတွေလဲ ဆိုတာ မြင်သွားချိန်မှာတော့ သူ့မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။
ဓာတ်ပုံထဲမှာ အဓိက လူ နှစ်ယောက် ရှိသည်။ သူတို့ထဲမှ တစ်ယောက်က သူ မသိသော လူစိမ်း တစ်ယောက် ဖြစ်ကာ နောက်တစ်ယောက်ကတော့ ဟိုတယ်ကိစ္စ ပြီးကတည်းက အချိန် ခဏကြာ ပျောက်ကွယ်သွားသော သူ့ကောင်မလေး ဝမ်ကျင့်ဖျင် ဖြစ်လေသည်။
ဟောက်ရှောက်ဖုန်းသည် စက္ကန့်ပိုင်းလောက် ကြောင်အနေပြီးမှ သတိဝင်လာကာ တခြား ဓာတ်ပုံတွေကိုလည်း အမြန် ယူကြည့်လိုက်သည်။
နောက်ခံ ပတ်ဝန်းကျင်တွေသာ ပြောင်းလဲသွားသော်လည်း သူတို့ နှစ်ယောက်ကတော့ တူညီစွာ နီးစပ်ပူးကပ်နေမြဲပင်။
ကုမ္ပဏီ ဝင်ပေါက်မှာ ၊ ရှော့ပင်းစင်တာ တစ်ခုမှာ ၊ အင်္ကျီဆိုင် တစ်ဆိုင်မှာ ၊ လက်ဝတ်ရတနာဆိုင်မှာ ၊ ပြီးတော့ လမ်းတစ်ဖက် တစ်နေရာမှာတောင် အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ဟာ လက်တွေကို နီးစပ်စွာ ဆုပ်ကိုင်ထားကြလျက် တစ်ယောက်နား တစ်ယောက် ကပ်၍ တီးတိုး စကားတွေ ပြောနေကြသည်။ ဤဓာတ်ပုံတွေကို ကြည့်ရုံနှင့် သူတို့ နှစ်ယောက်ကြားမှ ချိုမြိန်သော ပတ်သက်မှုကို မြင်နိုင်ပါသည်။
အရှိုက်ကို ခပ်ပြင်းပြင်း အထိုးခံလိုက်ရသော ဟောက်ရှောက်ဖုန်းသည် ဒေါသထွက်လွန်းလို့ ခေါင်းထဲကနေ မီးခိုးငွေ့တွေ ထွက်လာသလိုတောင် ထင်မှတ်ရသည်။ သူ့လက်ထဲက ဓာတ်ပုံကို ကြမ်းပြင်ပေါ် လွှင့်ပစ်လိုက်တော့ ဓာတ်ပုံတွေနှင့် အတူ ပါလာသော ပရိုဂျက်တာလေးကို သွားထိသည်။
ကလစ်ခနဲ မြည်သံလေးနှင့်အတူ ပရိုဂျက်တာ ခလုတ် ပွင့်သွားကာ အဓိပ္ပာယ်ပြည့်ဝသော ဗီဒီယိုလေး ပေါ်လာခဲ့သည်။
ဗီဒီယိုထဲမှာ အမျိုးသား တစ်ယောက်နှင့် အမျိုးသမီး တစ်ယောက်ဟာ တစ်ယောက်နှင့် တစ်ယောက် တီးတိုးစကားတွေ ပြောနေကြ၏။ အမျိုးသမီးက ပျော်စရာကောင်းသော စကား တစ်ခုခုကို ကြားလိုက်ရသလို ခိုးခိုးခစ်ခစ် ရယ်မောနေသည်။ ထို့နောက် သူတို့ နှစ်ယောက်ဟာ အချင်းချင်း ပွေ့ဖက်ပြီး ချိုမြိန်စွာ နမ်းနေခဲ့ကြသည်။ စုံတွဲ တစ်တွဲကဲ့သို့ပင် ပူးကပ်နေပုံမှာ သူတို့ နှစ်ယောက်ကြား ကြားလေတောင် သွေးလို့ မရချေ။
++++++