← Chapters

အခန်း ၅၈၀

Vol. 39 Ch. 580

အခန်း ၅၈၀

Vol. 39 Ch. 580

အခန်း ( ၅၈၀ ) ကတိဖျက်ခြင်း။

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ နှာခေါင်းလေးကို ခပ်ဖွဖွ ကုတ်ရင်း သူမကိူ စနောက်လိုက်သည်။ “ မင်း ဒီလို ပြောတော့မှ ကိုယ်လည်း စိတ်ကူးရသွားပြီ။ ကုမ္ပဏီကို ပိတ်လိုက်ပါလားဟင်။ မင်းမှာ ကိုယ် တစ်ယောက်လုံး ရှိတယ်လေ။ ”

“ ဟင်း … ” စုယန်ယန်က သူ့ကို မျက်လုံး လှိမ့်ပြီး ကြည့်လိုက်သည်။ “ အဲ့ဒါ လူပျင်းတွေရဲ့ အလုပ်။ ရှင်က ကျွန်မကို ထောက်ပံ့ဖို့ ကျွန်မတို့မိသားစုရဲ့ ပိုက်ဆံတွေကို သုံးနေရတာ မဟုတ်ဘူးလား။ ကုမ္ပဏီကလည်း ကျွန်မတို့နဲ့ သက်ဆိုင်တယ်။ တကယ်လို့ ကျွန်မတို့သာ ကုမ္ပဏီကို ပိတ်လိုက်ရင် ပိုက်ဆံတွေ ဘယ်လောက်တောင် ဆုံးရှုံးသွားလိုက်မလဲ။ ”

ဟောက်ချန်ဟွမ်းက သူ့ဇနီးလေးရဲ့ ငွေစက္ကူတွေကို ပွတ်သပ်နေသလို အတွေးကြောင့် ရယ်ချင်သွားပြီး နူးညံ့စွာ တောင်းပန်လိုက်သည်။ “ ကိုယ် မှားတာပါ။ ကိုယ့်ဇနီးလေးရဲ့ ရတနာကို ကိုယ်လည်း ကာကွယ်ပေးပါ့မယ်။ ရှေ့လျှောက် တိုးတက်ဖို့ပဲ ရှိပြီး ဆုတ်ယုတ်ဖို့ မရှိစေရပါဘူးလို့ ကိုယ် ကတိပေးတယ်။ ”

“ အဲ့လိုမှပေါ့။ ”

တကယ်တော့ စုယန်ယန်က သက်သက်မဲ့ အစိုးရိမ်ကြီးနေတာ မဟုတ်ပါ။

ချန်မိသားစုဆီသို့ ဟောက်ချန်ဟွမ်းနှင့်အတူ သွားရင် သူမ အဆင်သင့် ဖြစ်သွားသည့် တစ်ပတ် မတိုင်ခင်မှာပဲ ထိုအမျိုးသားဇာတ်လိုက် အသစ်က သူမရဲ့ ကုမ္ပဏီကို စတင် ပြဿနာရှာလာခဲ့သည်။

“ ဘယ်လို။ ရှင် ဆက်ပြီး ရိုက်ကူးမပေးနိုင်တော့ဘူး .. ဟုတ်လား။ မဖြစ်ဘူးလေ ဒါရိုက်တာပန်ရယ်။ ကျွန်မတို့ အရင်တုန်းက ဆက်ဆံရေးအဆင်ပြေခဲ့ကြတယ်လေ။ ရှင် ဘာလို့ ရုတ်တရက်ကြီး စိတ်ပြောင်းသွားတာလဲ။ သတ်မှတ်ချက်တွေကို ရှင် စိတ်တိုင်းမကျဘူး ဆိုရင်လည်း ကျွန်မတို့ ဆွေးနွေးလို့ ရပါတယ်ရှင်။ ”

စုယန်ယန်သည် ကုမ္ပဏီထဲ ဝင်လိုက်ချိန်မှာပဲ တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေပုံရသော စီမံခန့်ခွဲ‌ရေးငှာနမှ ဒါရိုက်တာရဲ့ စကားတွေကို ကြားလိုက်ရတာ ဖြစ်သည်။ အတော်လေး အလောတကြီး ဖြစ်နေပုံပေါ်သည်။

“ ဒါရိုက်တာပန် … ၊ ဒါရိုက်တာပန် … ။ အိုက်ယား … ” စကားဝိုင်း အဆုံးသတ်တွင် ဆွေးနွေးမှုလည်း အောင်မြင်လိုက်ပုံ မရပေ။ စီမံခန့်ခွဲရေးငှာန ဒါရိုက်တာရဲ့ မျက်နှာက အတော်လေး ပျက်ယွင်းနေသည်။

စုယန်ယန်ရဲ့ အလိုလို သိစိတ်က တစ်ခုခုတော့ မှားနေပြီလို့ ပြောနေသဖြင့် ခဏလောက် စဉ်းစားပြီးနောက်မှာ သွားမေးလိုက်၏။ “ ဘာဖြစ်တာလဲ။ ”

“ ဥက္ကဌစု။ ” စီမံခန့်ခွဲရေးငှာန ဒါရိုက်တာက အံ့ဩသွားကာ အနေရခက်စွာ ပြန်ပြောပြသည်။ “ အဓိက အမျိုးသမီးအဆိုတော် ဆိုတဲ့ ဇာတ်လမ်းတွဲရဲ့ ပင်တိုင် ဒါရိုက်တာ လုပ်ဖို့‌ ပြောထားတဲ့ ဒါရိုက်တာပန်ပါ။ သူ အခုလေးတင် ဖုန်းဆက်ပြီး ဒီရှိုးကို တာဝန်မယူနိုင်တော့လို့ တခြား တစ်ယောက်ကို ရှာလိုက်ပါလို့ ပြောလာတာပါ။ ”

“ ဒါရိုက်တာပန် … ” စုယန်ယန် ‌မျက်မှောင်ကြုတ်လိုက်သည်။ ဖျော်ဖြေရေးလောကထဲက ‌ဒါရိုက်တာတွေနှင့် သူမ အကျွမ်းတဝင် မရှိပါ။

အရင်တုန်းက “ အဓိက အမျိုးသမီးအဆိုတော် ” ဇာတ်လမ်းပုံစံက ထူးခြားပြီး နောက်ခံဇာတ်လမ်းကလည်း အတော်လေး ခမ်းနားသည်ဟုသာ ရှားကျွင်းရှန့် ကြားဖူးတာ ဖြစ်သည်။

သာမန် ဒါရိုက်တာတွေက ထိုဇာတ်လမ်းမျိုးကို ကိုင်တွယ်နိုင်မှာ မဟုတ်သောကြောင့် ပရော်ဖက်ရှင်နယ် ဒါရိုက်တာ တစ်ယောက်ကို ငှားရမ်းတာ အကောင်းဆုံးပါပဲ။

နောက်ဆုံးမှာတော့ အဆင့်ဆင့် ရွေးချယ်ပြီးနောက်တွင် ရိုက်ကူးရေး အတွေ့အကြုံရှိသော စီနီယာ ဒါရိုက်တာ တစ်ယောက်ကို သူတို့ ရွေးချယ်ခဲ့ကြသည်။

ရှားကျွင်းရှန့် ကိုယ်တိုင် သူ့ကို သွားရောက်ဖိတ်ကြားခဲ့တာပင်။ ဆွေးနွေးမှုကလည်း အဆင်ပြေ‌ ချောမွေ့ကာ ဘယ်လို အဖုအထစ်မျိုးမှ မရှိခဲ့ပေ။

မျှော်လင့်မထားစွာဖြင့် ရက် အနည်းငယ် အတွင်းမှာပဲ ဒီလူက သူမတို့ကို ကတိဖျက်သွားခဲ့ပါပြီ။

“ ဘာလို့လဲလို့ မေးကြည့်လိုက်သေးလား။ ”

“ သူ ပြောတာတော့ ဒီဒရာမာရဲ့ ရိုက်ကူးရေးကြာချိန်နဲ့ စိုက်ထုတ်ရမယ့် အားအင်က များပြားလွန်းတာရယ် ၊ ပြီးတော့ သူ့ရဲ့ အသက်ရနေတဲ့ ခန္ဓာကိုယ်ကလည်း ဒဏ်မခံနိုင်လို့ပါတဲ့။ ”

စုယန်ယန်ရဲ့ အလိုလို သိစိတ်က သူမကို ကိစ္စတွေက အဲ့လောက် မရိုးရှင်းဘူးလို့ ပြောပြနေသည်။ “ ဟုတ်ပြီ။ ဘယ်လို ဖြစ်လဲ ဆိုတာ ကျွန်မ အကြမ်းဖျင်း နားလည်ပါပြီ။ ရှင်တို့တွေ ကိုယ် လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ ”

စီမံခန့်ခွဲရေးငှာန ဒါရိုက်တာက အစတုန်းကတော့ ဒီကိစ္စအတွက် စုယန်ယန် သူတို့ကို အပြစ်တင်မှာကို စိုးရိမ်နေခဲ့ပေမဲ့ သူမရဲ့ စကားတွေ ကြားသောအခါ စိတ်သက်သာရာရသွားသော သက်ပြင်းလေး မှုတ်ထုတ်လိုက်၏။ သူမ ထွက်မသွားခင်မှာပဲ သူ့ရဲ့ သစ္စာရှိမှုကို အလျင်အမြန် ပြသလိုက်သည်။

သူ့ရုံးခန်းကနေ လှည့်ပြန်လာသော စုယန်ယန်သည် တစ်ခုခုတော့ မှားနေပြီ ဟူ၍ တွေးနေခဲ့၏။

သူမ ရှားကျွင်းရှန့်ဆီက ကြားခဲ့ရသလောက် ဆိုရင် ထိုဒါရိုက်တာပန်ဟာ ဒီနှစ်မှ အသက် ( ၅၀ ) အစောပိုင်း ကာလတွေထဲမှာပဲ ရှိသေးသောကြောင့် အတော်လေး ကျန်းမာရေးကောင်းလိမ့်ဦးမည်။

ထို့ပြင် ရှားကျွင်းရှန့် ကိုယ်တိုင် သူ့ကို လက်တွဲ အလုပ်,လုပ်ဖို့ သွားရောက် စကားပြောထားတာမို့ ဒီဇာတ်ညွှန်းရဲ့ ရိုက်ကူးရေးကြာချိန်ကို အစကတည်းက ပြောပြမထားဘူး ဆိုတာ မဖြစ်နိုင်ပါ။

ဒီလူကြီးက အဲ့ဒီတုန်းကတော့ သဘောတူ လက်ခံခဲ့ပေမဲ့ အခုမှ ရုတ်တရက်ကြီး စိတ်ပြောင်းသွားသောကြောင့် တခြား အကြောင်းပြချက် တစ်ခုခု ရှိနေလိမ့်မည်။

စုယန်ယန်ရဲ့ အလိုလို သိစိတ်က သူမကို အကြိမ် တချို့ ကယ်တင်ပေးခဲ့ဖူးသည်။ တစ်ခုခုတော့ မူမမှန်ဘူးဟု သူမ ခံစားရချိန်တိုင်း စိတ်အေးလက်အေး မဖြစ်နိုင်ဘဲ နှံ့နှံ့စပ်စပ် စုံစမ်းစစ်ဆေးလေ့ရှိသည်။

ဒီတစ်ခေါက်လည်း အတူတူပါပဲ။

ရှားကျွင်းရှန့်က ထိုဒါရိုက်တာကို ရှာတွေ့ခဲ့သူမို့ အခုလို ပြဿနာရှိလာချိန်မှာလည်း ရှားကျွင်းရှန့်ကပဲ စုံစမ်းပေးရပါမည်။

ရှားကျွင်းရှန့်လည်း ဒါရိုက်တာပန်က သူတို့ကို ငြင်းဆန်လိုက်ကြောင်း သိသွားချိန်မှာ အလွန် အံ့ဩသွား၏။ အခြေအနေကို နားလည်သော လူ တစ်ယောက်ကို နေ့တွင်းချင်းပဲ သူ သွားရှာခဲ့သည်။

နောက်တစ်နေ့ မနက် ရောက်တော့ စုယန်ယန်ကို သွက်လက်စွာ သတင်းပို့လေသည်။

“ အမျိုးအစား တူတဲ့ တခြား ဒရာမာ တစ်ခုကို လက်ခံလိုက်လို့ ဒီဒရာမာကို သူ ငြင်းလိုက်တာလို့ နင် ပြောနေတာလား။ သူ လက်ခံလိုက်တဲ့ ဒရာမာရဲ့ အဓိက ရင်းနှီးမြုပ်နှံသူကလည်း ဟားယီ အန်တာတိန်းမန့်တဲ့လား … ။ ”

++++++

All Chapters