အခန်း ၅၈၁
Vol. 39 Ch. 581
အခန်း ( ၅၈၁ ) နိုင်ငံ့ရတနာအဆင့် ဒါရိုက်တာ။
“ အစ်ကို ပြန်ကြားရတဲ့ သတင်းကတော့ အဲ့လိုပဲ။ ”
စုယန်ယန်သည် မေးစေ့ကို ဟိုဘက်ဒီဘက် လှုပ်ယမ်းရင်း ခဏကြာအောင် စဉ်းစားနေမိသည်။ “ သူတို့ ရိုက်ကူးနေတာ ဘာဇာတ်လမ်းတွဲလဲ ဆိုတာ အစ်ကို သိလား။ ”
“ ရှေးခေတ်ရဲ့ ရွှေခေတ် အတောအတွင်းတုန်းက ဧကရီ တစ်ပါးရဲ့ ဇာတ်လမ်းကို ရိုက်ကူးမလို့တဲ့။ ”
“ ဧကရီ တစ်ပါး .. ဟုတ်လား။ ”
ရှားကျွင်းရှန့်ရဲ့ စကားဆုံးသည်နှင့် စနစ်က စုယန်ယန်ကို ပျောက်ဆုံးသွားသော သမိုင်းကြောင်းအား စတင် ရှင်းပြခဲ့သည်။
စုယန်ယန် ဘာမှ မတတ်နိုင်ဘဲ သက်ပြင်းချမိသည်။
အခုထိ အမျိုးသမီးတွေကို သူတို့ရဲ့ အသုံးအဆောင် ပစ္စည်းအဖြစ် ဆက်ဆံတဲ့ အမျိုးသားတွေ ရှိနေဆဲပါပဲ။ ရှေးခေတ်တုန်းက အမျိုးသားတွေဟာ လက်ရှိခေတ် အမျိုးသားတွေလောက် အမြင်မကျယ်နိုင်ဘူး ဆိုတာကိုတော့ ထည့်ပြောစရာပင် မလိုပါ။
အဲ့ဒါတောင်မှ ထိုဧကရီဟာ အမြင့်မြတ်ဆုံး ထီးနန်းပုလ္လင်ကို သူမဘာသာ ရယူနိုင်ခဲ့သည်။
ထို့ပြင် သူမက တကယ့်ကို အကြာကြီး ထီးနန်းစိုးစံခဲ့တာ ဖြစ်သည်။ ထိုအရာကို ကြည့်လျှင် သူမမှာ ရဲရင့်ခြင်းနှင့် နည်းပရိယာယ်တွေ ရှိတယ် ဆိုတာ လူတိုင်း ပြောနိုင်သည်။
ဟားယီ အန်တာတိန်းမန့်က ဇာတ်ညွှန်းကောင်း တစ်ခုကို ပိုင်ဆိုင်ထားပြီး ရွှေခေတ်ရဲ့ ကြီးကျယ်ခမ်းနားသော ဇာတ်ကွက်တွေကို ပြန်လည် ထုတ်လုပ်ရိုက်ကူးနိုင်မည် ဆိုလျှင် အလွန် နာမည်ကြီးမည့် ဇာတ်လမ်းတွဲ တစ်ခု ဖြစ်သွားနိုင်သည်။
သို့သော် ဇာတ်ညွှန်းနှင့် လိုက်ဖက်ညီတဲ့ သရုပ်ဆောင်ကောင်းတွေ ရှိဖို့တော့ လိုအပ်ပါသည်။
“ အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တွေက ဘယ်သူလဲ ဆိုတာကိုရော အစ်ကို သိလား။ ”
“ အမျိုးသားဇာတ်လိုက် နေရာကို အခုထိ မရွေးရသေးပေမဲ့ အမျိုးသမီးဇာတ်လိုက်ကတော့ … ဝမ်ကျင့်ဖျင်လို့ ခေါ်တဲ့ ကောင်မလေး ထင်တယ်။ ”
ရှားကျွင်းရှန့်မှာ ဝမ်ကျင့်ဖျင်အပေါ် အထင်အမြင် တချို့ ရှိသည်။ အရင်တုန်းက သူတို့ကုမ္ပဏီ ရင်းနှီးမြုပ်နှံထားသော ရသစုံ အစီအစဉ် တစ်ခုတွင် ဝမ်ကျင့်ဖျင်က ကုမ္ပဏီရဲ့ အနုပညာရှင်တွေကို တိုက်ခိုက်ရန် လျို့ဝှက်ကြံစည်ခဲ့ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။
နောက်ပိုင်းမှာ သူမကို အေဂျင်စီများစွာက နာမည်ပျက်စာရင်း သွင်းခဲ့ကြ၏။ လ အနည်းငယ်အတွင်းမှာပဲ သူမက ဟားယီ အန်တာတိန်းမန့်ရဲ့ အကူအညီနဲ့ တစ်ဖန် ခေါင်းမော့လာနိုင်ပြီး ဟားယီ ပံ့ပိုးကူညီပေးနေတဲ့ မျက်နှာသစ် သရုပ်ဆောင် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။
ရှားကျွင်းရှန့်ကလည်း မတုံးအပါ။ ဖြစ်ရပ်တွေကို ဆက်စပ် တွေးခေါ်ကြည့်လိုက်တော့ ဝမ်ကျင့်ဖျင်ဟာ ဒါရိုက်တာပန် သူတို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပြီး ဟားယီနှင့် လက်တွဲသွားတဲ့ ကိစ္စနှင့် ပတ်သက်နေတာကို နားလည်သွားသည်။
ဒီကိစ္စ နှစ်ခုက ဘာမှ မပတ်သက်ဘူးလို့ ထင်နေတဲ့အထိ တုံးအမည် ဆိုလျှင် သူ ဒီလောကထဲမှာ နေရာ တစ်နေရာ ရမှာ မဟုတ်ပေ။
“ ဝမ်ကျင့်ဖျင် … ” စုယန်ယန်က ဟားယီသည် သူမတို့ရဲ့ ဒါရိုက်တာကို ခိုးယူသွားရုံသာမက ဝမ်ကျင့်ဖျင်ကို ပံ့ပိုးပေးရန် ပိုက်ဆံ အများကြီး သုံးလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူတို့က သူမအတွက် ရှေးခေတ် ဒရာမာ ဇာတ်လမ်းတွဲ တစ်ခု ဖန်တီပေးဖို့ ပိုက်ဆံတွေ အများကြီး ရင်းနှီးမြုပ်နှံနေတာပဲ။
ဒါပေမဲ့ သူမမှာရော ဉာဏ်များပေမဲ့ လွှမ်းမိုးအုပ်ချုပ်နိုင်ပြီး အမှီအခိုကင်းတဲ့ အမျိုးသမီးဇာတ်ရုပ်ကို ကောင်းကောင်း သရုပ်ဆောင်ပြနိုင်တဲ့ အရည်အချင်း ရှိရဲ့လား။ ဟားယီရဲ့ အားကောင်းတဲ့ ပံ့ပိုးမှုကိုရော အမီလိုက်နိုင်ပါ့မလား။
သူမ မျက်လုံးတွေကို ကျဉ်းမြောင်းကာ စနစ်ကို မေးလိုက်သည်။ “ စနစ် ၊ ကမ္ဘာ့အသိတရားက သူမကို သရုပ်တာအတွက် ရွှေရောင် အခွင့်အလမ်း ပေးလိမ့်မယ်လို့ နင် ထင်လား။ ”
[ Host ကြောက်နေတာလား။ ]
စုယန်ယန် ခပ်တိုးတိုး ရယ်လိုက်သည်။ “ ငါသာ ကြောက်တတ်ရင် ဒီလမ်းကို ရွေးခဲ့မှာ မဟုတ်ဘူး။ ”
ကမ္ဘာ့အသိတရားက ဝမ်ကျင့်ဖျင်ကို မျက်နှာသာပေးသည်ဖြစ်စေ ၊ မပေးသည်ဖြစ်စေ အခုအချိန်မှာ သူမအတွက် အရေးကြီးဆုံး အရာက သူမကုမ္ပဏီရဲ့ ဒရာမာကို တာဝန်လွှဲပြောင်းယူပေးနိုင်မည့် ဒါရိုက်တာ တစ်ယောက်ကို ရှာဖို့ ဖြစ်လေသည်။
“ အစ်ကို ဘယ်သူ့ဆီ သွားရမလဲ ဆိုတာ သိလား။ ”
ရှားကျွင်းရှန့်က ဖြေရခက်သွားပုံပေါ်သည်။
“ အင်း။ အစ်ကို့စိတ်ထဲမှာ လူ တစ်ယောက်တော့ ရှိတယ်။ ”
“ ဘာအခက်အခဲ ရှိလို့လဲ။ ဈေးအရမ်းကြီးလို့လား။ ”
“ အဲ့ဒါကြောင့် မဟုတ်ဘူး။ ”
“ ဒါဆို … ”
ရှားကျွင်းရှန့်က ခဏလောက် တုံ့ဆိုင်းနေပြီးမှ စုယန်ယန်ကို အမှန်အတိုင်း ပြောပြလိုက်သည်။ “ အနုပညာလောကထဲမှာ ရှေးခေတ် ဇာတ်လမ်းတွဲတွေကို ရိုက်ကူးတဲ့ ဒါရိုက်တာက လက်ချိုးရေလို့ ရတယ် ၊ လက်ရာကောင်းတွေကို မွေးထုတ်ပေးနိုင်တဲ့ ဒါရိုက်တာတွေကတော့ ပိုလို့တောင် ရှားသေးတယ်။ ကျွန်တော့်စိတ်ထဲမှာ လူ တစ်ယောက်ကို တွေးမိပေမဲ့ သူ့ကို ဖိတ်ခေါ်ဖို့ လွယ်မှာ မဟုတ်ဘူး။ ”
စုယန်ယန်မှာ စိတ်ကူး တစ်ခု ဝင်လာကာ ရှားကျွင်းရှန့် ပြောချင်သော အဓိပ္ပာယ်ကို ချက်ချင်း နားလည်သွားသည်။ “ သူက အရမ်း နာမည်ကြီးလား။ ”
“ အင်း ၊ အဲ့ဒါရိုက်တာက တစ်ဝက်တစ်ပျက် အငြိမ်းစားယူပြီးနေပြီ။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သူ ရုပ်ရှင်ကား တစ်ကားပဲ ရိုက်ကူးခဲ့တာ။ အသက်လည်း တော်တော်လေး ကြီးနေပြီ။
“ ဒါရိုက်တာပန်ထက် အသက်ကြီးလား။ ”
“ တိတိကျကျ ပြောရရင် သူတို့က မျိုးဆက် တစ်ဆက်တည်းကတောင် မဟုတ်ဘူး။ အသက်အရွယ်နဲ့ပဲကြည့်ကြည့် ၊ တခြား ကဏ္ဍတွေကနေပဲကြည့်ကြည့်။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေ လက်ခနဲ ဖြစ်သွားသည်။ ထိုဒါရိုက်တာကို ရအောင် ယူဖို့ လိုသည်ဟု သူမ ခံစားလိုက်ရသည်။ “ သူ့နာမည်က ဘယ်သူလဲ။ ”
++++++