← Chapters

အခန်း ၅၈၂

Vol. 39 Ch. 582

အခန်း ၅၈၂

Vol. 39 Ch. 582

အခန်း ( ၅၈၂ ) တကယ်ပဲ ပတ်သက်နေတာလား။

ရှားကျွင်းရှန့်က စုယန်ယန်အား ဒါရိုက်တာ လော့ပေါင်ကမ်းကို ညွှန်းပေးသည်။ ထိုဒါရိုက်တာက ဒီနှစ်ထဲမှာ အသက် ( ၇၀ ) ပြည့်ပြီ ဖြစ်ကာ နိုင်ငံ့ရတနာအဆင့် နာမည်ကြီး ဒါရိုက်တာ တစ်ယောက်ဟု အများက သတ်မှတ်ထားကြသည်။

ထိုဒါရိုက်တာကြီး ငယ်ရွယ်စဉ်တုန်းက အချိနမ အတော်ကြာ တည်တံ့ခဲ့သော ဂန္တဝင် လက်ရာများစွာကို ရိုက်ကူးခဲ့သည်။ သူ အသက်ကြီးလာချိန်မှာတော့ အနုပညာလောက,က သူ့ကို ရတနာ တစ်ပါးဟု သတ်မှတ်ခဲ့ကြ၏။

သူ ကြိုက်နှစ်သက်သော ရုပ်ရုင်နှင့် ဇာတ်လမ်းတွဲတွေ ၊ ဒါမှမဟုတ် နိုင်ငံရပ်ခြား ပွဲအစီအစဉ်ကြီးတွေကသာ သူ့ကို ရိုက်ကူးချင်စိတ်ပေါက်လာစေရန် ဆွဲဆောင်နိုင်သည်။

အဲ့လို လူ တစ်ယောက်ကို ငွေနှင့် မျှားခေါ်ဖို့ ဆိုတာ မဖြစ်နိုင်ပေ။ တစ်ခုတည်းသော နည်းလမ်းက ဇာတ်ညွှန်းကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးပြီး သူတို့ရဲ့ စိတ်ရင်းအား သူ့ကို ပြသကာ ဇာတ်လမ်းတွဲကို သူ့ဘက်က လိုလိုချင်ချင် ရိုက်ကူးပေးနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်သည်။

စုယန်ယန်ရဲ့ အတွေးထဲ ပထမဆုံး ပေါ်လာသူက ယဲ့ချီလျန့် ဖြစ်၏။

ယဲ့ချီလျန့်က စုယန်ယန်ဆီမှ ဖုန်းကောလ်ကို လက်ခံရရှိချိန်မှာ ကြောင်အသွားသည်။ ထို့နောက် သူ အပျော်လွန်သွားမိလေသည်။

“ မစ်စ်စု … ။ ”

“ ကျွန်မ ရှင့်ကို မေးစရာလေး ရှိလို့ပါ ပရော်ဖက်ဆာယဲ့။ ”

“ မင်း ငါ့ကို အရမ်းကြီး ယဉ်ကျေးနေစရာမလိုပါဘူး။ ”

“ ရှင် ဒါရိုက်တာ လော့ပေါင်ကမ်းကို သိလား။ ”

စုယန်ယန် တစ်ယောက် လော့ပေါင်ကမ်းကို ဘာ့ကြောင့် ရှာနေတာလဲ ဆိုတာ ယဲ့ချီလျန့် မသိသော်လည်း အမှန်အတိုင်း ပြန်ပြောလိုက်သည်။ “ ငါ သူ့ကို သိပါတယ်။ သူ့မိန်းမနဲ့ ငါနဲ့က တစ်ကျောင်းတည်း ထွက်တာလေ။ ငါတို့ ပွဲ တချို့မှာ အကြိမ် အနည်းငယ် တွေ့ဖူးတယ်။ မင်း ဘာလို့ သူ့အကြောင်း မေးတာလဲ မစ်စ်စု။ တစ်ခုခုများ ဖြစ်လို့လား။ ”

စုယန်ယန်က ယဲ့ချီလျန့်အား လော့ပေါင်ကမ်းရဲ့ ဇနီးနှင့် ထိုကဲ့သို့ ဆက်ဆံရေးမျိုး ရှိလိမ့်မည်ဟု မျှော်လင့်မထား။ သူမမျက်လုံးတွေ တောက်ပသွားကာ သူ့အား ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်သည်။

ယဲ့ချီလျန့်က အဖြစ်အပျက်တွေကို ကြားတော့ ဒေါသထွက်သွား၏။

တခြား လူတွေ မသိနိုင်လောက်သော်လည်း သူကတော့ စုယန်ယန်ဟာ တုန်ချမ်းရဲ့ တာဝန်ရှိပုဂ္ဂိုလ် တစ်ယောက်သာမက ကျော်ကြားသော အစားအသောက် တင်ဆက်သူ ယန်ယန်လေး ဆိုတာကိုလည်း ကောင်းကောင်း သိသည်။

အကယ်၍ စုယန်ယန်သာ သူ့ကို ဝမ်ကျင့်ဖျင်အကြောင်း မပြောပြလျှင် ဝမ်ကျင့်ဖျင်အကြောင်း သူ့စိတ်ထဲ ဘာမှ တွေးမိမှာ မဟုတ်။ စုယန်ယန် ပြောပြတာ နားထောင်ပြီးတော့မှ သူ စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို ကျောင်းသူ တစ်ယောက်ထံမှ မြင်ဖူးခဲ့ကြောင်း ယဲ့ချီလျန့် ပြန်သတိရသွားသည်။

ဖြစ်ချင်တော့ အဲ့ဒီတုန်းက စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုထဲမှာ ရည်ရွှယ်ချက်ရှိရှိ ပြဿနာရှာနေသော တစ်စုံတစ်ယောက်လည်း ရှိနေသည်။ သူတို့က စုယန်ယန်ကို ဝမ်ကျင့်ဖျင် လုပ်သလို ပုံတူကူးချပြီး ဝမ်ကျင့်ဖျင်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှု ချန်နယ်ကို အတုခိုးနေသည် စွပ်စွဲပြောဆိုကာ ဝမ်ကျင့်ဖျင်ရဲ့ ပရိသတ်တွေအား စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုဆီသို့ အပြေးအလွှား လာရောက်ကျိန်ဆဲစေခဲ့သည်။

အဲ့ဒီအချိန်မှာ ယဲ့ချီလျန့်က ဆက်လက် သည်းမခံနိုင်တော့ဘဲ စုယန်ယန်ကို အင်တာနက်ပေါ်မှာ လူအများ အကောင်းမြင်ခံ‌ရစေရန်ပင် ကူညီပေးခဲ့သေးသည်။

ထိုအချိန်တုန်းကတော့ စုယန်ယန်နှင့် ထိုမိန်းကလေးကြားမှ ပဋိပက္ခကို သူ မသိခဲ့ပေ။ ထိုမိန်းကလေးမှာ အလိမ်အညာတွေ ပြည့်နှက်နေသည်ဟုသာ သူ ခံစားခဲ့ရသည်။

နောက်ပိုင်းကျမှ အင်တာနက်ပေါ်က ကိစ္စတွေကြောင့် ယဲ့ချီလျန်သည် ထိုမိန်းကလေးနှင့် သူမရဲ့ ချစ်သူအပေါ် စုယန်ယန်ရဲ့ အမုန်းတရားတွေအကြောင်း သိသွားတာပင်။

တစ်ချိန်တည်းမှာပဲ ဟောက်ရှောက်ဖုန်းက မျက်စိကန်းနေတာလားဟု သူ တွေးမိရဲ့။ သူက စုယန်ယန်လို မိန်းမကောင်းလေး တစ်ယောက်ကို စွန့်ပစ်ကာ အလိမ်အညာတွေနှင့် ပြည့်နှက်နေတဲ့ မိန်းကလေး တစ်ယောက်ကို ရွေးချယ်ခဲ့သည်။ အင်း … လူငယ်တွေ ပြောသလို ပြောရရင်တော့ ဝမ်ကျင့်ဖျင်က လက်ဖက်စိမ်း မိန်းကလေးပဲ … ။

ဟုတ်တယ် ၊ လက်ဖက်စိမ်းမ။ ဟောက်ရှောက်ဖုန်းကတော့ စုယန်ယန်လို မိန်းမကောင်းလေးကို မလိုချင်ဘဲ ထိုလက်ဖက်စိမ်းမကိုသာ အသည်းအသန် လိုချင်နေရှာသည်။

တကယ်လို့ သူ့သား‌သာ အသက် ( ၁၀ ) နှစ်လောက် ပြန်ငယ်နိုင်လျှင် သူ့သား‌ကို စုယန်ယန်အား သေချာပေါက် ပိုးပန်းခိုင်းမှာ ဖြစ်သည်။

အခြား တစ်ဖက်၌ တိုက်ရိုက် ထုတ်လွှင့်တင်ဆက်မှုကို စုယန်ယန် စတင်ခဲ့တဲ့ အကြောင်းပြချက်က သူမ ဒီတိုင်း ငြိမ်မနေနိုင်ဘဲ ဝမ်ကျင့်ဖျင်အတွက် ကိစ္စတွေကို အခက်တွေ့အောင် လုပ်ချင်တာကြောင့်လို့ သူ ခံစားရသည်။

ထိုအတွေးကို တွေးမိတော့ ဝမ်ကျင့်ဖျင်ကို သူ ကျေးဇူးတင်သင့်သည် ထင်သည်။ သူမကြောင့်ပဲ စုယန်ယန်က လူရှေ့ထွက်လာကာ သူမ ဘယ်လောက် ထူးချွန်ကြောင်း သက်သေပြခဲ့တာ ဖြစ်သည်။

ထေ့ငေါ့ပြောဆိုသလို ဖြစ်နေပေမဲ့ တကယ်လည်း အမှန်တရားပါပဲ။

သို့သော် ထိုအတွေးက ယဲ့ချီလျန်ရဲ့ ဝမ်ကျင့်ဖျင်အပေါ် ထားတဲ့ ဟိုးအောက်ဆုံးထိ ကျရောက်နေသော အမြင်ကို ပြန်အဖတ်မဆယ်နိုင်ပေ။

ထို့နောက် ပြိုင်ပွဲကို ပိုလူစိတ်ဝင်စားစေရန် အတွက် သူမရဲ့ ကိုယ်ပိုင် သင်တန်းသူအဖွဲ့ကို အန္တရာယ်ပေးခဲ့ပြီး သူမအပေါ် ကြင်နာသော သူငယ်ချင်း တစ်ယောက်ကိုပါ အကောကြံခဲ့တဲ့ ဝမ်ကျင့်ဖျင်ရဲ့ သတင်းတွေကို သူ အင်တာနက်ပေါ်မှာ ဖတ်လိုက်ရသည်။

သူ အဲ့ဒီအကြောင်း တွေးလေ ၊ ထိုမိန်းကလေးဟာ တစ်ကိုယ်ကောင်းဆန်ရုံသာမက ရက်လည်း ရက်စက်လွန်းသည်ဟု ခံစားလာရလေ ဖြစ်သည်။ သူမက မျက်နှာ နှစ်ဖက် ရှိပြီး အကြင်နာကင်းမဲ့သော လူ တစ်ယောက်ပင်။

အခု သူ စုယန်ယန်ရဲ့ စကားတွေကို ကြားချိန်မှာ သူ့ရဲ့ ပထမဆုံး တုံ့ပြန်မှုက ‘ သူမအတွက် စီမံခန့်ခွဲပေးနေတဲ့ ကုမ္ပဏီက မင်းရဲ့ ဒရာမာ အသစ်မှာ ရိုက်ကူးမယ့် ဒါရိုက်တာကို ဖြတ်ခုတ်သွားတယ်တဲ့လား။ သူမ အဲ့ဒါကို တမင်သက်သက် လုပ်တာလား ’ ဆိုတာပါပဲ။

++++++

All Chapters