အခန်း ၅၈၃
Vol. 39 Ch. 583
အခန်း ( ၅၈၃ ) မင်း တခြား ဒါရိုက်တာ တစ်ယောက်ကို ရှာချင်လား။
“ သူမ တမင် လုပ်တာလား ဆိုတာ ကျွန်မ မသိပေမဲ့ ကျွန်မရဲ့ ဒါရိုက်တာ ပါသွားပြီ ဆိုတာကိုတော့ သိတယ်။ အခု လောလောဆယ်တော့ ကျွန်မတို့ဒရာမာကို ရိုက်ကူးပေးမယ့် ဒါရိုက်တာ အသစ် တစ်ယောက်ကို ရှာတွေ့ဖို့ပဲ မျှော်လင့်ရတယ်။ တစ်ယောက်ယောက်က ဒီအဖြစ်အပျက်ကို အသုံးချပြီး ကျွန်မတို့ကုမ္ပဏီက အနုပညာရှင်တွေရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဖျက်ဆီးပစ်မှာကိုလည်း ကျွန်မ စိုးရိမ်တယ်။ ”
ယဲ့ချီလျန့်က နားလည်စွာ ခေါင်းညိတ်လိုက်၏။ သူတို့မှာ ရှိနှင့်ပြီးသား နာမည်ကြီး ဒါရိုက်တာကို တစ်ဖက် ကုမ္ပဏီက လုယူသွားပါပြီ။ အကယ်၍ လူမသိသူမသိ ဒါရိုက်တာလေး တစ်ယောက်ကို သူတို့ ရှာလိုက်လျှင် အနုပညာရှင်တွေက စိတ်မသက်မသာ ခံစားရရုံသာမက ပရိသတ်တွေကလည်း စိတ်ရှုပ်ထွေးသွားလိမ့်မည်။
သူတို့တွေဟာ ‘ စုယန်ယန်က ဘာလို့ ဒါရိုက်တာကို ထိန်းသိမ်းမထားနိုင်ရတာလဲ။ ဒီဇာတ်လမ်းတွဲမှာ တစ်ခုခု ပြဿနာရှိနေတာလား ’ လို့လည်း မေးခွန်းထုတ်ကြလိမ့်မည်။
ထိုအကြောင်းသာ အမှန်တကယ် ပြန့်သွားလျှင် ရိုက်ကူးရေး မစတင်ခင်ကတည်းက စုယန်ယန်အတွက် ဆိုးကျိုးတွေကို ဖြစ်ပေါ်လာစေလိမ့်မည်။
“ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ငါ တက္ကသိုလ်က ငါ့အတန်းရဲ့ မော်နီတာကို ရှာပြီး သူ့မှာ လော့ပေါင်ကမ်းမိန်းမရဲ့ ဖုန်းနံပါတ် ရှိလားလို့ မေးကြည့်လိုက်မယ်။ ”
“ ကျေးဇူးတင်ပါတယ်ရှင်။ ”
ဖုန်းပြောပြီးသွားတော့မှ စုယန်ယန် စိတ်သက်သာရာရသော သက်ပြင်းလေး ချနိုင်သည်။ ဒီအခြေအနေကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ သူမ အခက်တွေ့နေရသည်။
“ ဟားယီက မင်းကို ပြဿနာရှာနေတာလား။ ”
“ ရှင် ဘယ်လိုလုပ် သိတာလဲ။ ” စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို အံ့ဩစွာ ကြည့်လိုက်မိသည်။
ဟောက်ချန်ဟွမ်းက သူမရဲ့ လက်လေးကို ဆုပ်ကိုင်ရင်း ခပ်တိုးတိုး ရယ်၏။
“ အဲ့လို ကိစ္စကြီးကို ကိုယ်က မသိဘဲ နေမတဲ့လား။ ”
စုယန်ယန်က မကျေမနပ် နှာခေါင်းရှုံ့လိုက်သည်။ “ ဟားယီက ကျွန်မ စိတ်ဝင်စားနေတဲ့ ဒါရိုက်တာကို လုယူဖို့ ပေါ်ပေါ်တင်တင် ကြိုးစားခဲ့တဲ့အပြင် အဲ့ဒီဒါရိုက်တာကို ဝမ်ကျင့်ဖျင်ရဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူးပေးဖို့တောင် တောင်းဆိုခဲ့တယ်။ သူ ကျွန်မကို လာရန်စနေတာ သိသာတယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးထဲမှာ အေးစက်သော အလင်းတန်း တစ်ခု ယှက်သန်းသွားသည်။ “ ဒါတော့ တော်တော်လေး တရားလွန်တယ်။ မင်း အခု ဘာလုပ်မှာလဲ။ ”
“ သူတို့ရဲ့ မျက်နှာတွေကို ဖြတ်ရိုက်ပစ်ဖို့ ပိုကောင်းတဲ့ ဒါရိုက်တာ တစ်ယောက်ကို ကျွန်မ ရှာချင်တယ်။ ”
“ မင်းမှာ ရွေးချယ်ထားတာ ရှိလား။ ”
“ အင်း။ ” စုယန်ယန်ရဲ့ တောက်ပနေသော မျက်လုံးတွေက ချက်ချင်းပဲ မှိန်ဖျော့သွားသည်။
“ ဒါပေမဲ့ အဲ့လူကို ဖိတ်ခေါ်ဖို့ အရမ်း ခက်တယ်။ ”
“ မင်း လော့ပေါင်ကမ်းကို ရှာနေတာလား။ ”
စုယန်ယန် ဆွံအသွား၏။ “ ရှင် ဘယ်လိုလုပ် သိတာလဲ။ ”
သူမရဲ့ ခင်ပွန်းက သူမခေါင်းထဲမှာ ခြေရာခံစက် တစ်လုံး ထည့်တာလား။ သူမ တွေးနေသမျှ အတွေးတိုင်းကို သူ ဘာလို့ သိနေရတာလဲ။
“ ယန်ပိုင်ကို မင်းရဲ့ ကုမ္ပဏီမှာ ဖြစ်နေတဲ့ ကိစ္စအကြောင်း မေးလိုက်တာ။ ”
“ ကျွန်မတို့ကုမ္ပဏီက တစ်ယောက်ယောက်က ကျိုးယန်ပိုင်ကိူ အဲ့အကြောင်း ပြောပြထားတာလား။ ” စုယန်ယန် အံ့ဩသွားသည်။ ကြည့်ရသလောက် ဒီကိစ္စကို သိတဲ့ လူက သူမနှင့် ရှားကျွင်းရှန့်ပဲ ရှိသေးတဲ့ ပုံပါ။ ကျိုးယန်ပိုင်က ရှားကျွင်းရှန့်ကို မေးထားတာ ဖြစ်ရမည်။
“ မင်းက မင်းရဲ့ ကုမ္ပဏီ ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်လမ်းတွဲမှာ သူ့ကို ရိုက်ကူးစေချင်တာလား။ ”
“ အင်း။ ” စုယန်ယန် ခေါင်းညိတ်ပြလိုက်သည်။ “ ကံကောင်းချင်တော့ ကျွန်မ ပရော်ဖက်ဆာယဲ့ကို အဲ့အကြောင်း မေးကြည့်မိခဲ့တယ်။ ဒါရိုက်တာလော့ရဲ့ ဇနီးက သူ့အတန်းဖော် ဖြစ်နေလိမ့်မယ်လို့ ကျွန်မ ထင်မထားဘူး။ သူ့အတန်း မော်နီတာကို မေးကြည့်ပေးမယ်လို့ ပြောတယ်။ သူ မဒမ်လော့နဲ့ ဆက်သွယ်လို့ ရရင် ရနိုင်တယ်။ ”
စုယန်ယန်က သူမကို မျက်နှာတည်ကြီးဖြင့် စိုက်ကြည့်နေသော ဟောက်ချန်ဟွမ်းကို သတိထားမိသွားသည်။
“ ဘာဖြစ်လို့လဲ။ ”
“ ကိစ္စ တစ်ခုခု ဖြစ်လာတာနဲ့ ကိုယ့်ကို အရင်ဆုံး အကူအညီတောင်းပါ့မယ် ၊ တခြား ဘယ်သူ့ကိုမှ အကူအညီမတောင်းပါဘူးလို့ မင်းပဲ ကတိပေးထားတာလေ။ ”
စုယန်ယန် တစ်ယောက် ပြောစရာတွေ ပျောက်ရှသွားသည်။ ဒီလူ သဝန်တိုနေတာလား။
“ အဟမ်း ၊ ကျွန်မ ရှင့်ကို မပြောချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါရိုက်တာလော့က အသက်မငယ်တော့ဘူးလို့ အစ်ကိုကျွင်းရှန့်ဆီက ကျွန်မ ကြားထားတယ်။ ပရော်ဖက်ဆာယဲ့ကလည်း လူကြီး ဆိုတော့ အဆက်အသွယ်တွေ အများကြီး ရှိတယ်။ အဲ့ဒါကြောင့် သူ့မှာ အဆက်အသွယ်တွေ ရှိမလားလို့ ကျွန်မ မေးချင်ခဲ့တာပါ။ ”
“ ဒါရိုက်တာလော့နဲ့ ဆက်သွယ်ဖို့ ကိုယ် လူလွှတ်ပြီးသွားပြီ။ မနက်ဖြန်ကျ ကိုယ်တို့ သူနဲ့ သွားတွေ့ရမယ်။ ”
စုယန်ယန် ဆွံ့အသွားပါသည်။ “ ရှင်က ဆက်သွယ်ဖို့ လူလွှတ်ပြီးသွားပြီ … ရှင့်မှာ ဘာလို့ ဒါရိုက်တာလော့ရဲ့ ဖုန်းနံပါတ် ရှိနေတာလဲ။ ”
“ ဒါရိုက်တာလော့ရဲ့ အမေက ကိုယ့်အမေရဲ့ ဂီတဆရာမ လုပ်ခဲ့ဖူးတယ်။ ကိုယ့်အမေ မဆုံးခင်တုန်းက သူတို့ နှစ်ယောက်က တကယ့်ညီအစ်မတွေလိုပဲ အရမ်း ရင်းနှီးကြတာ။ ကိုယ်ကတော့ သူတို့မိသားစုနဲ့ မရင်းနှီးပေမဲ့ ကိုယ့်အမေရဲ့ မျက်နှာကြောင့် ကိုယ်တို့နဲ့ တွေ့ဖို့ သူတို့ လက်ခံမှာပါ။ ”
အံ့ဩမှုကြောင့် စုယန်ယန် မျက်လုံးပြူးနေမိသည်။ သူမ ပြောနေသော လူဟာ သူမနံဘေးမှာ ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပါ။ တခြား ဘယ်သူ့ကိုမှလည်း အကူအညီသွားတောင်းစရာ မလိုတော့ပေ။
ဟောက်ချန်ဟွမ်းက သူမရဲ့ ဆွံ့အနေသော မျက်နှာ အမူအရာကြောင့် ရယ်ချင်သွားကာ သူမရဲ့ နှာခေါင်းလေးကို ပုတ်ရင်း ပြုံးပြလိုက်၏။ “ အခုရော မင်း တခြား တစ်ယောက်ကို အကူအညီတောင်းချင်သေးလား။ ”
++++++