အခန်း ၅၈၆
Vol. 40 Ch. 586
အခန်း ( ၅၈၆ ) သစ်သီး မိသားစု။
ရှားနဥ်ရှီက သူမရဲ့ စကားတွေကို ကြားတော့ ချက်ချင်းပဲ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းထံမှ အာရုံပြောင်းသွားသည်။ သူမ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “ ဒီနှစ်ရက်အတွင်း ရာသီဥတုကလည်း ပိုပူလာပြီ ဆိုတော့ အပူကြီးဖို့လည်း လွယ်တယ်။ အဘိုးနဲ့ အဘွား သစ်တော်သီးတွေ ပိုစားပေးရမယ်နော်။ သမီးရဲ့ အမေက ဒီတစ်ခေါက်တော့ ပန်းသီးနဲ့ စပျစ်သီးတွေ ယူသွားခိုင်းလိုက်တယ်။ အကုန်လုံးကို အခုမှ သမီးရဲ့ ဦးလေးကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ခူးလာခဲ့တာ။ ဘာပိုးသတ်ဆေးတွေ ၊ ဆိုးဆေးတွေမှ မပါလို့ အရမ်း ချိုတယ်။ အဘွားတို့ အရင် စားကြည့်သင့်တယ်နော်။ ကြိုက်တယ် ဆိုရင် သမီး နောက်နေ့ကျ သစ်တော်သီးတွေ ထပ်ပို့ပေးလိုက်မယ်။ ”
စုန့်လင်ဟွာသည် သူမလက်ထဲ ရှားနျဉ်ရှီ အတင်း ထည့်ပေးသွားသော သစ်သီးကို ကိုင်ထားရင်း ကျေးဇူးတင်တာရော ၊ စိတ်ညစ်တာကိုရော ခံစားလိုက်ရသည်။
“ နင့်ဦးလေး ပင်ပင်ပန်းပန်း စိုက်ထားတဲ့ အသီးတွေကို သူ့ဘာသာ ရောင်းခိုင်းလိုက်ပါဟယ်။ သူက ငါတို့လို အဘိုးကြီး ၊ အဘွားကြီးတွေကိုတောင် အမြဲတမ်း ပို့ပေးနေတယ်။ ဒီသစ်သီးအိတ် တစ်အိတ်က ဘယ်လောက်,လောက် ပေးရမလဲ မသိဘူး။ အိမ်မှာ အဘွားတို့ နှစ်ယောက်ပဲ ရှိတာလို့ နင့်ကို အရင်ကတည်းက ပြောထားသားပဲ။ အဘွားတို့က အရမ်းကြီးလည်း မစားနိုင်ဘူး။ အဘွားတို့ကို အများကြီး ပေးလို့ အလကားပဲ။ ”
ဒီနေ့ခေတ် ဒီနေ့အချိန်မှာ သစ်သီးတွေက သဘာဝ ပါဝင်ပစ္စည်းတွေထက် များစွာ ပိုဈေးကြီးသည်။ သာမန် လူတွေက သစ်သီးတွေကို ဝယ်မစားနိုင်ပါ။
ရှားနျဉ်ရှီရဲ့ မိသားစုက မချမ်းသာသော်လည်း သူမရဲ့ ဦးလေးက သစ်သီးခြံကျယ်ကြီး တစ်ခြံကို ပိုင်ဆိုင်ထားပြီး သူတို့ကို အမြဲတမ်း သစ်သီး တချို့ ပို့ပေးနေတာကြောင့် သစ်သီး လတ်လတ်ဆတ်ဆတ်တွေကို မကြာခဏ စားရ၏။
ရှားနျဉ်ရှီရဲ့ မိသားစုနှင့် စုန့်လင်ဟွာ ၊ လော့ပေါင်ကမ်းတို့ နှစ်ယောက်ဟာ အပေါ်ထပ် အောက်ထပ် အိမ်နီးချင်းတွေပါ။ မိသားစု နှစ်စုက အလွန် ဆက်ဆံရေးအဆင်ပြေကာ အဘိုးကြီးက သူ့မျက်စိရှေ့မှာ ရှားနျဉ်ရှီ အရွယ်ရောက်လာတာကို ကြည့်နေခဲ့သည်။
လော့ပေါင်ကမ်းနှင့် သူ့သား ၊ သူ့မြေးတွေက သူတို့ဘေးမှာ မရှိပါ။ သူတို့မြေးတွေနှင့် သက်တူရွယ်တူ ဖြစ်သော ရှားနျဉ်ရှီကို ကြည့်ကာ ကိုယ့်မြေးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ တချို့ကို သူမအား မသိစိတ်ထဲကနေ လွှဲပြောင်းပေးမိကြသည်။
ရှားနျဉ်ရီရဲ့ တက္ကသိုလ် အကူးအပြောင်း ကိစ္စတွေကိုပင် သူတို့ ကိုင်တွယ်ပေးကြတာ ဖြစ်သည်။
ထို့ကြောင့် ရှားနျဉ်ရှီရဲ့ မိဘတွေကလည်း ရှားနျဉ်ရှီကို အစစ အရာရု ဂရုစိုက်ပေးသော လော့ပေါင်ကမ်းနှင့် စုန့်လင်ဟွာတို့ နှစ်ယောက်အပေါ် ကျေးဇူးတင်ကြသည်။ ဒီနှစ်တွေ တစ်လျှောက်လုံး သူတို့မှာ ကောင်းတဲ့ ပစ္စည်း တစ်ခုခု ရှိလာတိုင်း လော့ပေါင်ကမ်းတို့ နှစ်ယောက်ကို ပုံမှန်အားဖြင့် မျှဝေပေးလေ့ရှိသည်။
ရှားနျဉ်ရှီက စုန့်လင်ဟွာရဲ့ စကားတွေကို ကြားတော့ ခပ်တိုးတိုး ရယ်လိုက်သည်။ “ အလကား ဖြစ်ကုန်မှာကို အဘွား စိုးရိမ်ရင် ခဏ ခဏ စားပေးသင့်တာပေါ့။ ဒီတိုင်း မစားဘဲနဲ့ ပစ်ထားလိုက်မှ တကယ် အလကား ဖြစ်သွားမှာ။ ”
“ ဒီကလေးမလေးကတော့ … ” စုန့်လင်ဟွာက သူမကို မျက်စောင်းခဲလိုက်သည်။ “ နောက်တစ်ခေါက် ဒီလို အရာတွေ အဘွားတို့ကို လာမပေးနဲ့နော်။ ပေးရင်တောင် အဘွားတို့ လက်မခံတော့ဘူး။ ”
ရှားနျဉ်ရှီက တခစ်ခစ် ရယ်နေကာ ဘာမှ ပြန်မပြောပေ။ သူမ ဒီတစ်ခေါက် ပေးသော ပစ္စည်းကို ဒီတစ်ခေါက် လက်ခံလိုက်လျှင် ရပါပြီ။ နောက်တစ်ခေါက်ကျ သူမမှာ တခြား နည်းလမ်း တစ်ခု ပေါ်လာလိမ့်မည်။
“ နင်လည်း ဒီကို ရောက်နေပြီ ဆိုမှတော့ ထွက်မသွားပါနဲ့ဝောာ့။ အဘွား နင့်ရဲ့ အဘိုးလော့ကို နင် ကြိုက်တဲ့ အသားပေါင်မုန့် လုပ်ခိုင်းလိုက်မယ်။ နင့်အဘိုးလော့က မိသားစုရဲ့ လက်မှုပညာကို အမွေဆက်ခံထားတော့ အိမ်မှာ တော်ရုံတန်ရုံ ဟင်းမချက်ဘူး။ နင် ဒီနေ့ ကံကောင်းတယ်။ ”
သစ်သီးတွေကို ပေးပြီးသွားသော ရှားနျဉ်ရှီက ထွက်သွားဖို့ ပြင်နေသော်လည်း စုန့်လင်ဟွာရဲ့ စကားကြောင့် ဘာမှ မပြောဘဲ ပြန်ထိုင်လိုက်၏။ “ တကယ်လား ၊ ဒါဆို သမီး သေချာ စားကြည့်ရမှာပေါ့။ ”
ထို့နောက် သူမက စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းထံ အာရုံပြောင်းသွားသည်။ “ အဘွားစုန့် ၊ ဒီနှစ်ယောက်က … ”
“ သူက အဘွားရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ရဲ့ ကလေးပါ။ ” စုန့်လင်ဟွာက ရိုးရှင်းစွာ ရှင်းပြကာ သက်ပြင်းချလိုက်သည်။
“ ခုနက မင်းတို့ ပြောတဲ့ ကိစ္စက မင်းတို့ ဒီနေ့ ဒီကို ရောက်လာကြရတဲ့ အကြောင်းအရင်း ဆိုရင် ငါ မင်းတို့ကို စိတ်ပျက်အောင် လုပ်မိမှာ စိုးရိမ်တယ်။ အဘိုးလော့က မင်းတို့ရဲ့ ဇာတ်ညွှန်းကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ ”
“ ငါ့မိန်းမ ပြောတာ အမှန်ပဲ။ ” အဘိုးလော့က သူ့ပစ္စည်းတွေကို ထုပ်ပိုးပြီးနောက် ပြန်ဝင်လာသည်။ သူ့ဇနီး ပြောသော စကားတွေကို ကြားသောကြောင့် သူလည်း ချက်ချင်းပဲ ဝင်ပြောလိုက်သည်။ “ အခု ငါ့မှာ အဲ့ဇာတ်ညွှန်းကို လက်ခံဖို့ ရည်ရွယ်ချက် မရှိဘူး။ တီဗီဇာတ်လမ်းတွဲတွေ မပြောနဲ့ ၊ ရုပ်ရှင်တွေကိုတောင် ငါ မရိုက်ချင်ဘူး။ ”
စုယန်ယန် အခက်တွေ့သွားရသည်။ “ ကျွန်မတို့မှာ တခြား ရွေးချယ်စရာ မရှိလို့ ဦးလေးကို လာရှာတာပါ ဦးလေးလော့ရယ်။ ဦးလေးရဲ့ ကျန်းမာရေးကို စိုးရိမ်တယ် ဆိုရင် အဲ့ကိစ္စကို စိတ်ချထားလို့ ရပါတယ်။ ရိုက်ကူးရေးက ရိုက်ကူးရေး ဆိုပေမဲ့ ဦးလေးရဲ့ ကျန်းမာရေးကို ကျွန်မတို့ သေချာပေါက် ဦးစားပေးပါ့မယ်။ ဒီဇာတ်လမ်းတွဲရဲ့ ရိုက်ကူးရေး ကြာချိန်က ရှည်မယ်လို့ အကြမ်းဖျင်း ခန့်မှန်းထားပေမဲ့ ရိုက်ကူးရေးမှာ လုပ်ရမယ့် မစ်ရှင်တွေ သိပ်မရှိပါဘူး။ ဦးလေးကို ကျွန်မတို့ ပင်ပန်းအောင် မလုပ်ပါဘူး … ”
++++++