အခန်း ၅၈၇
Vol. 40 Ch. 587
အခန်း ( ၅၈၇ ) ရှားယို့နျဉ်ရှီ။
“ ပြီးတော့ ဦးလေးရဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို နေ့တိုင်း စစ်ဆေးနိုင်ဖို့ အတွက် သီးသန့် ဆရာဝန် တစ်ယောက်ကိုလည်း ကျွန်မတို့ ငှားရမ်းပေးနိုင်ပါတယ်။ ”
စုယန်ယန်သည် ဤဒါရိုက်တာကြီးကို ငှားရမ်းရန် အများကြီး အားစိုက်ထုတ်ထားသည်။ သူမဘက်က လုပ်ပေးနိုင်သော အခြေအနေတွေကို တစ်ခုပြီး တစ်ခု ပြောသွား၏။ အကယ်၍ တခြား ဒါရိုက်တာ တစ်ယောက်သာ ဆိုလျှင် သဘောတူပြီးနေပြီ ဖြစ်သည်။
ကံမကောင်းစွာဖြင့် လော့ဝေပင်းက သာမန် ဒါရိုက်တာမျိုး မဟုတ်ပါ။
သူမစကားတွေက ဘယ်လောက်ပဲ လိုက်လျောချင်စရာကောင်းပါစေ ၊ သူကတော့ ရပ်တည်ချက်ခိုင်မာစွာ မပြောင်းလဲပေ။
ဒီကိစ္စနှင့် ဘာမှ မသက်ဆိုင်သူ ဖြစ်တဲ့ ရှားနျဉ်ရှီက ဘေးမှာ တိတ်တိတ်လေး ထိုင်နေသည်။ သူတို့ရဲ့ စကားဝိုင်းကို နားထောင်ပြီး ဒီလူစိမ်း နှစ်ယောက်က လော့ပေါင်ကမ်းကို ဘာ့ကြောင့် လာရှာတာလဲ ဆိုတာ သူမ အကြမ်းဖျင်း ခန့်မှန်းလို့ ရလေသည်။
ပြီးခဲ့တဲ့ နှစ် အနည်းငယ် အတွင်းမှာ လူတွေ အများကြီး လော့ပေါင်ကမ်းကို ရှိုးပွဲတွေ ရိုက်ကူးပေးရန် အတွက် လာရှာခဲ့ဖူးသည်။ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းက ပထမဆုံး မဟုတ်သဖြင့် ရှားနျဉ်ရှီသည် လော့ပေါင်ကမ်းဆီ ချဉ်းကပ်လာကြသော သူတို့လို လူတွေကို မြင်ရခြင်းနှင့် ကျင့်သားရနေပြီ ဖြစ်သည်။
သို့သော်လည်း စားပွဲပေါ်မှာ ဖွင့်လှပ်ထားသော ဇာတ်ညွှန်းထံသို့ ဖျတ်ခနဲ အကြည့်ရောက်သွားချိန်မှာ ၊ အထူးသဖြင့် ဇာတ်ညွှန်းစာအုပ်ပေါ်က “ အဓိက အမျိုးသမီးအဆိုတော် ” ဟူ၍ ခပ်ကြီးကြီး ရေးထားသည့် ခေါင်းစဉ်ကို မြင်ချိန်မှာ ရှားနျဉ်ရှီ တစ်ယောက် ဆွံ့အသွားသည်။
လော့ပေါင်ကမ်းက တကယ့်ကို ခေါင်းမာသည်။ စုယန်ယန်ရဲ့ ကမ်းလှမ်းချက်က သူ့ကို သိမ်းသွင်းလို့ မရသဖြင့် သူမ အနည်းငယ် စိတ်ဓာတ်ကျသွားမိသည်။
သူမ ဒီနေ့ ဒီလောက်နှင့်ပဲ ရပ်လိုက်ပြီး နောက်တစ်နေ့မှ သူ့ဆီ ထပ်လာသင့်လားဟု စုယန်ယန် တွေးနေမိသည်။
သူမ သူ့ကို စိတ်ပြောင်းအောင် သိမ်းသွင်းနိုင်မှာ မဟုတ်ဘူး ဆိုတာ မယုံပေ။ သူမ သူ့ကို မသိမ်းသွင်းနိုင်လျှင် သူမရဲ့ နာမည်က စုယန်ယန် မဟုတ်တော့ပါ။
စုယန်ယန်သည် လော့ဝေပင်းနှင့် ထိုကိစ္စကို တိုက်ပွဲဝင်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ မျှော်လင့်မထားစွာဖြင့် သူတို့နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်နေသော ကောင်မလေးက ဖျတ်ခနဲ မတ်တပ်ရပ်လိုက်သည်။
“ ဒီဇာတ်ညွှန်းက … ” ရှားနျဉ်ရှီသည် သူမရဲ့ အပြုအမူက ရိုင်းပျရာကျမလား ဆိုတာကို ဂရုမစိုက်နိုင်ပေ။ စားပွဲပေါ်မှ ဇာတ်ညွှန်းကို သူမ လှမ်းယူကာ လူတိုင်းရှေ့မှာ ထိုဇာတ်ညွှန်းကို လှန်လှောကြည့်ရှုလိုက်သည်။
ထို့နောက် စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို ပျက်ယွင်းနေသော မျက်နှာဖြင့် မေးလိုက်၏။ “ ရှင်တို့က ဘယ်သူတွေလဲ။ ဒီဇာတ်ညွှန်းက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ ”
ရှားနျဉ်ရှီရဲ့ ပထမဆုံး တုံ့ပြန်မှုက သူမရဲ့ ဇာတ်ညွှန်းကို အခိုးခံလိုက်ရပြီ ဆိုတာပဲ ဖြစ်သည်။ သူမ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို ပိုလို့ သတိကြီးကြီးထားကာ ကြည့်လိုက်သည်။
စုယန်ယန်သည် ရုတ်တရက် အပြောင်းအလဲကြောင့် အံ့ဩကြောင်အသွား၏။ ခဏကြာတော့မှ “ အဲ့ဒါက အစ်မကုမ္ပဏီရဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပါ။ အဲ့တော့ အစ်မမှာ ဇာတ်ညွှန်းရှိတာ မထူးဆန်းပါဘူး။ ဘာပြဿနာများ ရှိလို့လဲဟင်။ ”
“ ရှင့်ကုမ္ပဏီက ရင်းနှီးမြုပ်နှံထားတဲ့ ဇာတ်လမ်းတွဲ … ။ ဒါဆို ရှင်က …… ” ကျွန်မရဲ့ ဘော့စ်လား။
“ ရှင်တို့ ဒီနေ့ ဒီကို ရောက်လာတာက အဘိုးလော့ကို ဇာတ်လမ်းတွဲ ကူရိုက်ပေးဖို့ အကူအညီတောင်းမလို့လား။ ”
စုယန်ယန်က ထိုမိန်းကလေးကို နည်းနည်းတော့ ထူးဆန်းသည်ဟု ထင်သော်လည်း အမှန်အတိုင်း ဖြေလိုက်၏။ “ ဟုတ်ပါတယ်။ ”
“ ဒါပေမဲ့ ဒီဒရာမာအတွက် ဒါရိုက်တာ ရွေးချယ်ပြီးသား မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ပြောင်းသွားတာလဲ။ ”
စုယန်ယန်က သူမကို သတိထားလျက် ကြည့်ရင်း မျက်လုံးတွေ အေးစက်သွားသည်။ “ ဒါရိုက်တာကို ရွေးချယ်ပြီးပြီ ဆိုတာ နင် ဘယ်လိုလုပ် သိတာလဲ။ ”
“ သူမက ဒီဇာတ်လမ်းတွဲရဲ့ မူရင်း စာရေးသူလေ။ ”
ဟောက်ချန်ဟွမ်းရဲ့ ရုတ်တရက် ထွက်ပေါ်လာသော စကားက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
စုယန်ယန်က အရင်တုန်းက တစ်ခါမှ မမြင်ဖူးသော ကောင်မလေးကို မယုံကြည်နိုင်စွာ ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ခဏကြာတော့မှ သူမ ပြောလိုက်၏။ “ ရှားယို့နျဉ်ရှီ … ”
“ ဟမ်။ ” ရှားနျဉ်ရှီရဲ့ အမူအရာက အေးခဲသွားသည်။ “ ကျွန်မရဲ့ အွန်လိုင်းနာမည်ကို ရှင် ဘယ်လိုလုပ် သိတာလဲ။ ”
စုယန်ယန် ဆွံ့အသွားသည်။ သူမ မှန်နေတာပဲ။
စုန့်လင်ဟွာသည် သူတို့ကိုယ်သူတို့ ပဟေဠိဝှက်တမ်း ကစားနေသလို ခံစားလိုက်ရသည်။ သူမ ဟိုကြည့်ဒီကြည့် ကြည့်ကာ နောက်ဆုံးတော့ မအောင့်နိုင်ဘဲ မေးလိုက်မိတော့သည်။ “ ဘာတွေ ဖြစ်နေတာလဲ။ ရှင်တို့တွေ တစ်ယောက်နဲ့ တစ်ယောက် သိနေကြတာလား။ ပြီးတော့ ဒီဇာတ်ညွှန်းကိုရော … ရှောင်ရှီ ရေးတာလား။ ”
ရှားနျဉ်ရှီရဲ့ ပုံစံက ထိုမေးခွန်းကို အမေးခံလိုက်ရချိန်မှာ ဘာ့ကြောင့် ချက်ချင်း မလုံမလဲ ပုံစံပေါက်သွားမှန်း မသိပေ။ ထို့ကြောင့် သူမ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“ အဘိုးစုန့် ၊ တကယ်တော့ သမီးက … ”
အဘွားစုန့်က သူမ တွေးနေတဲ့ အတွေးကို သိသောကြောင့် ရှားနျဉ်ရှီကို ခပ်တင်းတင်း ကြည့်ကာ ပြောလိုက်သည်။ “ အဘွားကို ရူးသလို ပေါသလို လာမလုပ်နဲ့နော်။ နင် အဘွားကို အမှန်အတိုင်း ပြောရင် သက်ညှာပေးမယ်။ ခေါင်းမာနေရင်တော့ အသားပေါင်မုန့်တွေကို ဒီနေ့ မစားခိုင်းတဲ့ အပြစ်ဒဏ် ပေးပစ်လိုက်မှာ။ ”
စုယန်ယန် ဆွံ့အသွား၏။ ဒါ ဘယ်လို အပြစ်ဒဏ်ကြီးလဲ။
ရှားနျဉ်ရှီလည်း ပြောစရာ စကား မရှိတော့ပါ။ ဒါက ရုတ်တရက်ဆန်လွန်းတဲ့ တိုက်ခိုက်မှုပဲ။ မဖြစ်ဘူး။
+++++