အခန်း ၅၈၈
Vol. 40 Ch. 588
အခန်း ( ၅၈၈ ) ဆရာမဆီမှာ အမိခံရခြင်း။
“ အရိုးရှင်းဆုံး ပြောရရင်တော့ ဒီလိုပါ။ ” ရှားနျဉ်ရှီသည် ဇာတ်လမ်း တစ်ခုလုံးကို ငါးမိနစ်ကြာ ရှင်းပြခဲ့သည်။
စုန့်လင်ဟွာနှင့် လော့ပေါင်ကမ်းသည် သူမ ရှင်းပြသော ဇာတ်လမ်းကို ကြားချိန်မှာ အံ့အားသင့်သွားခဲ့ကြသည်။ “ နင် ပြောချင်တာက နင် အင်တာနက်ပေါ်မှာ စာအုပ် တစ်အုပ် ရေးရင်းနဲ့ အဲ့စာအုပ်က အန်တာတိန်းမန့် ကုမ္ပဏီ တစ်ခု မျက်စိကျတာကို ခံရပြီး အခု သူတို့က အဲ့စာအုပ်ကို တီဗီဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးဖို့ စီစဉ်နေတယ် ဆိုတဲ့ သဘောလား။ ”
ရှားနျဉ်ရှီက အနည်းငယ် ရှက်သွားကာ ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒီကုမ္ပဏီက … ”
“ ဟုတ်ကဲ့။ ကျွန်မရဲ့ ကုမ္ပဏီပါ။ ”
လူကြီး နှစ်ယောက် နှုတ်ဆိတ်သွားကြသည်။
ခဏနေတော့ လော့ပေါင်ကမ်းက မေးလိုက်သည်။ “ ရှောင်ရှီ အခုလေးတင် ပြောသွားတာတော့ ဒီဇာတ်လမ်းတွဲအတွက် တခြား ဒါရိုက်တာတစ်ယောက် ရှိတယ်ဆို။ ”
“ ဟုတ်ကဲ့။ ရှိပါတယ်။ ”
“ အဲ့ဒါ ဘယ်သူလဲ။ ”
“ ဒါရိုက်တာပန်ယို့အန်ပါ။ ”
လော့ပေါင်ကမ်းက ထိုနာမည်ကို ကြားတော့ စိတ်ထဲမှာ အတွေး တချို့ကို တွေးမိသွားပုံပေါ်သည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။ “ ဒါဆို မင်း အခု ငါ့ကို ဘာလို့ လာရှာတာလဲ။ ”
“ ဒါရိုက်တာပန်က ကတိဖျက်သွားလို့ပါ။ ”
“ ကတိဖျက်သွားတယ် … ”
“ အစတုန်းကတော့ စာချုပ်ချုပ်တာက လွဲလို့ ကျန်တာတွေ အကုန်လုံးကို ညှိနှိုင်ပြီးသားပါ။ ဒါပေမဲ့ စာချုပ် မချုပ်ခင် တစ်ရက်အလိုမှာပဲ ဒါရိုက်တာက သူ ဒီဇာတ်လမ်းတွဲကို မရိုက်ပေးနိုင်တော့ဘူးလို့ ရုတ်တရက်ကြီး ပြောလာတယ်။ ”
လော့ပေါင်ကမ်းက ကမ္ဘာကြီးကို မမြင်ဖူးတဲ့ လူငယ်လေး တစ်ယောက် မဟုတ်ပါ။ တစ်ခုခု လွဲနေတယ် ဆိုတာ သူ ချက်ချင်း ပြောနိုင်သည်။
“ သူ့အကြောင်းပြချက်က ဘာတဲ့လဲ။ ”
“ သူ ပေးတဲ့ အကြောင်းပြချက်က ရိုက်ကူးရေးကြာချိန်က ရှည်လွန်းတာရယ် ၊ ဇာတ်အိမ်က ကြီးမားလွန်းတာရယ်ကြောင့် အမီလိုက်ဖို့ သူ့အသက်က အရမ်းကြီးနေပြီမို့လို့ပါတဲ့။ ”
အဓိပ္ပာယ်မရှိတဲ့ အကြောင်းပြချက်ပါပဲ။ သူ တကယ်ပဲ အဲ့ဒီလို စိုးရိမ်တယ် ဆိုလျှင် အစကတည်းက ဘယ်သူ့ကိုမှ ထိုအကြောင်း ပြောခဲ့မှာ မဟုတ်ပေ။ သူက စာချုပ်မှာ လက်မှတ်ထိုးခါနီး အချိန်မှသာ သူ့စကားတွေကို ပြန်လျှောချသွားခဲ့တာ ဖြစ်သည်။
လော့ပေါင်ကမ်းက သရော်ပြုံး ပြုံးကာ မေးလိုက်သည်။ “ တကယ့်အကြောင်းပြချက် အစစ်က ဘာလဲ။ ”
“ သူက တခြား ဒရာမာ တစ်ခုကို လက်ခံလိုက်တာပါ ၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီဒရာမာကလည်း ကျွန်မတို့ရဲ့ ဒရာမာနဲ့ ဇာတ်လမ်း အမျိုးအစားချင်း လာတူနေတယ်။ အဲ့ဒရာမာထဲက အမျိုးသမီးဇာတ်လိုက်က … ကျွန်မနဲ့ ရန်ငြိုးရန်စတွေ အချိန် အကြာကြီး ရှိလာခဲ့တဲ့ မဟာရန်သူတော် တစ်ယောက်ပါ။ ”
“ တစ်ယောက်ကို တစ်ယောက် မကျေနပ်တဲ့ ရန်သူတွေ ဖြစ်လာတာ အရမ်း ကြာပြီလား။ ဒါဆို သူတို့က … ” ရှားနျဉ်ရှီက အစတုန်းကတော့ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းကို မမှတ်မိသော်လည်း စိတ်တည်ငြိမ်သွားသောအခါ သူတို့က အင်တာနက်ပေါ်မှာ အုတ်အော်သောင်းတင်း အခြေအနေဖြစ်အောင် ဖန်တီးခဲ့သော ဥက္ကဌစုနှင့် သူမရဲ့ ခင်ပွန်းဖြစ်ကြောင်း နားလည်သွားသည်။
သူတို့က ရန်သူတွေ ဖြစ်လာတာလည်း တော်တော်လေး ကြာနေပြီ။ ပြီးတော့ သူတို့ရဲ့ ရန်သူကလည်း မိန်းမ တစ်ယောက်။ ရှားနျဉ်ရှီ ပထမဆုံး တွေးမိတဲ့ လူက ဟိုအပျော်မယား ဖြစ်သည်။
စုယန်ယန်က သူမကို တိတ်ဆိတ်စွာ ပြုံးပြလိုက်သည်။
သို့သော်လည်း ရှားနျဉ်ရှီမှာတော့ အဖြေရှိနေပြီ ဖြစ်သည်။ သူမရဲ့ မျက်လုံးတွေက အနည်းငယ် မှောင်မည်းသွားကာ အမူအရာကလည်း အနည်းငယ် ရှုံ့မဲ့သွားသည်။
အဲ့ဒါက သူမရဲ့ ကိုယ်ပိုင် အားစိုက်ထုတ်မှု တစ်မျိုးတည်းကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက်ရဲ့ အထင်သေးစရာကောင်းသော လုပ်ရပ်တွေကြောင့်လည်း ပါဝင်သည်။
ရှားနျဉ်ရှီရဲ့ အမူအရာ ပြောင်းလဲသွားတာကို မြင်သော လော့ပေါင်ကမ်းက မျက်မှောင်ကြုတ်လိုက်သည်။ “ ငါတို့နဲ့ ရှောင်ရှီရဲ့ ဆက်ဆံရေးကို မင်း မလာခင်ကတည်းက သိနေတာလား။ ”
စုယန်ယန်က အံ့ဩသွားကာ ချက်ချင်း ပြန်ပြောလိုက်သည်။ “ ဟင့်အင်း။ ကျွန်မ ကြိုမသိခဲ့ပါဘူး။ ” သို့သော် ဟောက်ချန်ဟွမ်းရော မသိတာ ဟုတ်ရဲ့လား ဆိုတာကိုတော့ သူမ မသေချာပေ။
လော့ပေါင်ကမ်းကလည်း အဲ့ဒီလို တွေးသည်။ သူက စုယန်ယန်ရဲ့ စကားတွေကို သံသယမဖြစ်ဘဲ ဟောက်ချန်ဟွမ်းကိုသာ ကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းက ဝန်မခံသလို ငြင်းလည်း မငြင်းပါ။
ရှုထောင့် တစ်ခုကနေ ကြည့်လျှင်တော့ သူက အဖြေ ပေးပြီးသား ဖြစ်သည်။
လော့ဝေပင်းရဲ့ အမူအရာက မှုန်ကုပ်သွားကာ ထိုအကြောင်း ဆက်မတွေးတော့ပေ။
စုန့်လင်ဟွာကတော့ စာကြည့်မျက်မှန်ကို တပ်ကာ ရှားနျဉ့်ရှီလက်ထဲမှ ဇာတ်ညွှန်းကို ယူ၍ ဖတ်နေပြီ ဖြစ်သည်။
ခဏကြာတော့ သူမက တစ်စုံတစ်ရာကို နားလည်သွားပုံပေါ်ကာ တည်တင်းသော မျက်နှာဖြင့် ရှားနျဉ်ရှီကို ပြောလိုက်၏။ “ နင် ချင်ယီနဲ့ ဟွားတန်ကို ရောနေပြန်ပြီပဲ ရှောင်ရှီ။ အဘွား နင့်ကို ပြောထားတာ ဘယ်နှခေါက် ရှိပြီလဲ။ နင်က အခုထိ မမှတ်မိသေးဘူး။ ”
ရှားနျဉ်ရှီက စာထဲမှာ အာရုံမစိုက်၍ ရုံးခန်းထဲကို စာသင်ဖို့ ဆရာမ ခေါ်သွားတာ ခံရသော မူလတန်းကျောင်းသူ တစ်ယောက်ကဲ့သို့ ရှုံ့မဲ့သော မျက်နှာဖြင့် စုန့်လင်ဟွာရှေ့မှာ ရပ်နေရှာသည်။
စားပွဲပေါ်မှာ ဇာတ်ညွှန်းကို မြင်ချိန်မှာ သူမ အရမ်း စိတ်လှုပ်ရှားသွားရတဲ့ အဓိက အကြောင်းပြချက်က ထိုဇာတ်ညွှန်းကို စုန့်လင်ဟွာ ယူဖတ်ပြီး သူမကို အမှားထောက်မှာ စိုးရိမ်သောကြောင့် ဖြစ်သည်။
စုန့်လင်ဟွာထံမှာ အော်ပရာကဇာတ်အကြောင်း သူမ လေ့လာခဲ့ရသော နေ့ရက်တွေဟာ သူမဘဝရဲ့ ပျော်ရွှင်စရာအကောင်းဆုံးနှင့် ဒုက္ခအခံရဆုံး နေ့ရက်တွေပင်။ အကျိုးဆက်အနေဖြင့် သူမ စုန့်လင်ဟွာထံမှ ပညာသင်ယူထားကြောင်း ဘယ်သူ့ကိုမှ မပြောရဲတော့ဘဲ ဝတ္ထုတွေထဲမှာသာ လျို့ဝှက်စွာ စိတ်ကူးယဉ်နိုင်တော့လေသည်။
++++++