အခန်း ၅၈၉
Vol. 40 Ch. 589
အခန်း ( ၅၈၉ ) ဒီဇာတ်ညွှန်းက အန်တီ့ကို မှီငြမ်းကိုးကားပြီး ရေးထားတာပါ။
ဒါပေမဲ့ အခုတော့ သူမ စိတ်ကူးယဉ် ဝတ္ထု တစ်ပုဒ်ကို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ရေးထားကြောင်း သူမရဲ့ ဆရာမ သိသွားခဲ့ပါပြီ။ အဲ့ဒါက လူသိရှင်ကြား သေဒဏ်ချခံရတာနှင့် ဘာမှ မထူးပါ။
ရှားနျဉ်ရှီသည် ဘေးမှာ ရပ်ကာ သူမရဲ့ အမှားတွေကို တစ်ခုပြီး တစ်ခု ထောက်ပြနေသော စုန့်လင်ဟွာ ပြောသမျှကို နားထောင်နေခဲ့ရသည်။ သူမရဲ့ ခေါင်းလေးကို ငုံ့သထက် ငုံ့ထားလိုက်ရင်း စိတ်ထဲကလည်း ကျင်း တစ်ကျင်း တူးပြီး ကိုယ့်ကိုယ်ကိုယ် မြေမြုပ်ပစ်လိုက်ချင်မိသည်။
ထိုကိစ္စကို စိတ်ဝင်စားသွားသော စုယန်ယန်က ဖာဖာထေးထေး ဝင်ပြောပေးရှာသည်။ “ ဒီဇာတ်ညွှန်းက။ အခုမှ အစပိုင်း အကြမ်းထည်လေးပဲ ရှိပါသေးတယ်။ ရေးရတာလည်း အရမ်း ခက်တော့ အမှားကို ရှောင်ဖို့ ဆိုတာလည်း မလွယ်ဘူး။ အစပိုင်းမှာ ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်ပြီးသွားရင်တော့ မစ်စ်ရှားက ဒီဇာတ်ညွှန်းကို သေချာပေါက် ပြီးပြည့်စုံအောင် ဖန်တီးနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲ့ကျ အမှားတွေလည်း ထပ်ရှိလာမှာ မဟုတ်ဘူး။ ”
စုန့်လင်ဟွာက သူမရဲ့ စကားကို ကြားချိန်မှာ ရှားနျဉ်ရှီကို ဆူပူနေခြင်းအား ရပ်လိုက်၏။ လက်ထဲက ဇာတ်ညွှန်းကို ကြည့်ကာ သူမ ပြုံးလိုက်သည်။ “ လုပ်ငန်းပိုင်ဆိုင်ရာ အသုံးအနှုန်းတွေ ၊ သဘောသဘာဝတွေမှ လိုအပ်ချက် ရှိသေးတယ် ဆိုပေမဲ့ ဇာတ်လမ်းကတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းပါတယ်။ ”
ရှားနျဉ်ရှီက ခပ်တိုးတိုး ရယ်ရင်း တစ်ချိန်တည်းမှာပဲ ပျော်တာရော ၊ အနေရခက်တဲ့ ခံစားချက်ကိုရော ခံစားလိုက်ရသည်။ သူမကိုယ်သူမ ကိုယ် အလေးထားတဲ့ လူ တစ်ယောက်ဆီမှာ အသိအမှတ်ပြုခံရဖို့ ကြိုးစားနေသလို ခံစားရသည်။
စုယန်ယန်ရဲ့ အကြည့်က လက်ခနဲ ဖြစ်သွားကာ ချက်ချင်း ပြောလိုက်သည်။ “ ဒီဇာတ်ညွှန်းမှာ လိုအပ်တဲ့ နေရာတွေကို ပြင်ဆင်ပေးဖို့ အန်တီစုန့်ကို ကျွန်မ အကူအညီတောင်းလို့ ရမလားဟင်။ ”
“ ငါလား။ ”
“ ဟုတ်ကဲ့။ အန်တီသာ ကူညီချင်တယ် ဆိုရင် အန်တီ့ကို ဒီဒရာမာအတွက် အထူး အတိုင်ပင်ခံ လုပ်ပေးဖို့ ကမ်းလှမ်းချင်ပါတယ်။ လုပ်ငန်းပိုင်းဆိုင်ရာ အသုံးအနှုန်း ဟာကွက်တွေကို သေချာလေး ပြင်ပြီးတော့ လေးနက်တဲ့ ဇာတ်လမ်းတွဲကောင်း တစ်ခုကို ကျွန်မတို့ ဖန်တီးချင်ပါတယ်။ ”
“ ဒါက … ”
စုန့်လင်ဟွာရဲ့ သဘောထားက စတင် ယိမ်းယိုင်လာပြီ ဆိုတာ စုယန်ယန် သိသောကြောင့် ပြုံးပြီး မေးလိုက်သည်။ “ အန်တီ ဒီဇာတ်ညွှန်းကို သဘောကျလားဟင်။ ”
“ ဒီဇာတ်ညွှန်းက ဆိုးတော့ မဆိုးပါဘူး။ ”
“ အန်တီ သဘောကျတယ် ဆိုလို့ တော်သေးတာပေါ့။ ဒါရိုက်တာလော့ကလည်း ရုပ်ရှင်တွေ ၊ ဒရာမာတွေ အများကြီး ရိုက်ဖူးတဲ့ အတွေ့အကြုံရှိပြီးသား ဒါရိုက်တာ တစ်ယောက်ပါ။ အခုနောက်ပိုင်း ဒရာမာ ဇာတ်လမ်းတွဲတွေ တော်တော်လေး များလာပြီ ဆိုပေမဲ့ ရှေးခေတ် ယဉ်ကျေးမှုအကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေ ရှားတယ် ဆိုတာကိုတော့ သူ့ရဲ့ လက်တွဲဖော် ဖြစ်တဲ့ အန်တီလည်း သိမယ် ထင်ပါတယ်။ ရှေးခေတ်အကြောင်း ရိုက်ထားတဲ့ ဇာတ်လမ်းတွဲတွေ ရှိတယ် ဆိုရင်တောင် အများစုကဝောာ့ တကယ့် ရှေးခေတ် အစစ်အမှန်ကို ချမပြထားတဲ့ အပေါ်ယံတွေပဲလေ။ အန်တီ မိန်းကလေးရှားကို အမှားပြင်ပေးတဲ့ ပုံစံကို ကြည့်ရသလောက် အန်တီက တကယ့်ကို လေးလေးနက်နက်ရှိတဲ့ လူ တစ်ယောက် ဆိုတာ ကျွန်မ သိတယ်။ ”
“ အန်တီကလည်း ဒီဇာတ်ညွှန်းကို ကြိုက်တယ် ဆိုတော့ လူတွေကိုလည်း ရှေးခေတ်အကြောင်း ပိုကောင်းကောင်း နားလည်စေချင်မှာပဲ။ ဒီဇာတ်ညွှန်းက အဲ့လို လုပ်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ”
စုယန်ယန်ရဲ့ စကားတွေက စုန့်လင်ဟွာရဲ့ နှလုံးသားကို ထိမှန်သွားပါသည်။
စုန့်လင်ဟွာ တုံ့ဆိုင်းသွား၏။
သူတို့ရဲ့ အတွေးတွေကို ဖောက်ထွင်း မြင်ပြီးသား ဖြစ်တဲ့ လော့ပေါင်ကမ်းကတော့ နှာခေါင်း တစ်ချက် ရှုံ့ရုံသာ ရှုံကာ ဘာမှ မပြောဝောာ့။ သူ ဘာမှ မပြောတော့တဲ့ အကြောင်းအရင်းကလည်း စုယန်ယန် ပြောသလို ဆိုရင် ဒီဇာတ်လမ်းတွဲက ကြည့်ရှုသူပရိသတ်တွေအပေါ် အတိုင်းအတာ တစ်ခုလောက်ထိ သက်ရောက်မှုရှိမှာ ဖြစ်ပြီး စုန့်လင်ဟွာလည်း သေချာပေါက် ဝမ်းသာလိမ့်မယ် ဆိုတာကို သိနေတာကြောင့် ဖြစ်သည်။
စုယန်ယန်က သူ နှာခေါင်းရှုံ့ရုံသာ ရှုံ့ပြီး ဘာမှ ဆက်မပြောတာကို မြင်တော့ စိတ်အေးသွားသည်။ သူမ စုန့်လင်ဟွာနှင့် ရှားနျဉ်ရှီကို တစ်လှည့်စီ ကြည့်ပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
“ ဒါနဲ့ ဒီဇာတ်ညွှန်းထဲက အမျိုးသမီးဇာတ်လိုက်က တကယ်တော့ အန်တီနဲ့ တော်တော်လေး တူတယ် ဆိုတာ သိလားဟင် အန်တီစုန့်။ ”
လူတိုင်း ဆွံ့အသွားကြသည်။
စုန့်လင်ဟွာက ရှားနျဉ်ရှီကို အံ့ဩစွာ ကြည့်လိုက်သည်။
“ တကယ်လား။ ”
ရှားနျဉ်ရှီက သူမကို စူးစမ်းသလို ကြည့်နေကြသော မျက်လုံးတွေကို ကြည့်ကာ စိတ်မသက်မသာဖြစ်သွားသော အမူအရာဖြင့် ပြောလိုက်သည်။ “ ဟုတ်တယ်။ အမျိုးသမီးဇာတ်လိုက်က ဘယ်နေရာကကြည့်ကြည့် အဘွားနဲ့ ပိုတူတယ်။ ”
သူမ စကားဆုံးအောင် မပြောရသေးခင်မှာပဲ လော့ပေါင်ကမ်းက ဖြတ်ပြောသည်။ “ အမျိုးသားဇာတ်လိုက်ကရော ဘယ်သူနဲ့ တူတာလဲ။ နင် ဘယ်သူ့ပုံစံကို ကြည့်ပြီး ရေးထားတာလဲ။ ”
ရှားနျဉ်ရှီမှာ တစ်ယောက် ပြောစရာစကားမရှိ ဖြစ်သွားရသည်။
စုန့်လင်ဟွာ : “ … ”
“ အဟမ်း ၊ အမျိုးသားဇာတ်လိုက်ကလည်း သေချာပေါက် အဘိုးနဲ့ တူတာပဲပေါ့။ အဘိုးနဲ့ အဘွားစုန့်က နတ်ဖက်တဲ့ စုံတွဲတွေလေ။ သမီးက အဘိုးတို့ နှစ်ယောက်ကို ဘယ်လိုလုပ် ခွဲရက်မှာလဲ။ ပြီးတော့ ဒီကမ္ဘာပေါ်မှာ အဘွားစုန့်နဲ့ ထိုက်တန်တဲ့ လူက အဘိုးအပြင် မရှိဘူး။ သမီးက အဘိုးနဲ့ အဘွားကိုပဲ စုံတွဲအဖြစ် သေသေချာချာလေး ရေးထားတာပါ။ ”
စုယန်ယန် ဆွံ့အသွားသည်။ သူမ မှတ်မိသလောက်ဝောာ့ ဒီဇာတ်ညွှန်းရဲ့ ဇာတ်သိမ်းပိုင်းက ဝမ်းနည်းစရာကောင်းတယ် ထင်ပါရဲ့။ ဒီကောင်မလေးကတော့ လုံးဝကို ပေါက်ကရတွေကို ဖြီးဖြန်းပြီး ပြောနေတာပဲ … ။ သူ လိမ်နေမှန်း အန်တီစုန့်တို့ သိသွားရင် အရိုက်ခံရမှာကို မကြောက်ဘူးလား။
+++++