← Chapters

အခန်း ၅၉၀

Vol. 40 Ch. 590

အခန်း ၅၉၀

Vol. 40 Ch. 590

အခန်း ( ၅၉၀ ) တစ်ခုဝယ် ၊ တစ်ခုလက်ဆောင်။

ရှားနျဉ်ရှီရဲ့ စကားကြောင့် လော့ပေါင်ကမ်းသည် ပြုံးရွှင်ဝင်းပသွားသော မျက်နှာဖြင့် ဝံ့ဝံ့ကြွားကြွား ပြန်ပြောခဲ့သည်။ “ အဲ့လိုမှပေါ့။ ”

ဆွံ့အသွားတဲ့ စုယန်ယန် : သူ ဘာလို့ ဒီလို အသေးအဖွဲ ကိစ္စလေးတွေကိုတောင် လိုက်သဝန်တိုနေတာလဲ။ ကြည့်ရတာ သူ့မိန်းမကို အရမ်း ချစ်တယ် ဆိုတဲ့ သတင်းဟာ အမှန်ပဲ ဖြစ်လိမ့်မည်။

စုန့်လင်ဟွာက သူမခင်ပွန်းရဲ့ ရွှတ်နောက်နောက် အပြုအမူကြောင့် ရှက်သွားကာ သူ့လက်မောင်းကို ( မနာစေဘဲ ) တဖတ်ဖတ် ရိုက်လိုက်သည်။ “ ရှင်က အမြဲတမ်း ပေါက်ကရတွေ လျှောက်ပြောနေတာပဲ။ ”

လော့ပေါင်ကမ်းက ဟွန်းခနဲ မ‌ကျေမနပ် အသံပြုလိုက်သည်။ “ ပေါက်ကရတွေ ပြောနေတော့ရော ဘာဖြစ်လို့လဲ။ မင်းက တခြား ယောက်ျား တစ်ယောက်နဲ့ ချိန်းတွေ့ချင်နေတာလား။ ”

စုန့်လင်ဟွာ တစ်ယောက် လည်ချောင်းနင်သွားသလို ခံစားလိုက်ရ၏။ သူမ စိတ်လည်း ဆိုး ၊ ရယ်လည်း ရယ်ချင်သွားသည်။ “ ကလေးတွေ အကုန်လုံး ဒီမှာ ရှိတယ်နော်။ ရှင် အရယ်ခံရမှာ မကြောက်ဘူးလား။ ”

“ မင်းတို့ ဘာကို လာရယ်နေကြတာလဲ။ ” လော့ပေါင်ကမ်းက စုယန်ယန်နှင့် ကျန်လူများကို မျက်လုံး တစ်ချက် ဝေ့ကြည့်လိုက်သည်။

စုယန်ယန်နှင့် တခြား လူတွေရဲ့ မျက်နှာပေါ်မှ အပြုံးတွေ အေးခဲသွား၏။ သူမ ခပ်တိုးတိုး ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။ “ ကျွန်မ နောက်နေတာ မဟုတ်ပါဘူး။ ဦးလေးတို့ နှစ်ယောက်က လူတိုင်း အားကျရလောက်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတယ်။ အဲ့ဒါကို ကျွန်မတို့က လှောင်ရယ်မတဲ့လားရှင်။ ”

လော့ပေါင်ကမ်း ကျေနပ်သွား၏။ “ ကဲပါ ၊ မင်း ငါတို့ကို ချီးမွမ်းနေစရာ မလိုပါဘူး။ ငါ ဒီဇာတ်လမ်းတွဲကို လက်ခံပေးနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြုပ်နှံငွေက အားကောင်းတယ် ဆိုတာကိုတော့ မင်း သေချာအောင် လုပ်ရမယ် ၊ ပြီးတော့ သရုပ်ဆောင်တွေကို ငါကိုယ်တိုင်ပဲ ရွေးမယ်။ ”

“ ဟုတ်ကဲ့ ၊ ကျွန်မတို့ကုမ္ပဏီက အနုပညာရှင်တွေကို ကျွန်မ ယုံပါတယ်။ ”

သူမက ဒီဇာတ်လမ်းတွဲကို နှစ်ဦးနှစ်ဖက်လုံး အမြတ်ထွက်နိုင်သော အခြေအနေအတွက် ရိုက်ကူးခဲ့တာ ဖြစ်သော်လည်း သရုပ်ဆောင်တွေက အရည်အချင်းမရှိလျှင် ဇာတ်ညွှန်းက ဘယ်လောက်ပဲ ကောင်းပါစေ ၊ ဘာမှ ဖြစ်လာမှာ မဟုတ်ပါ။

လော့ပေါင်ကမ်းက သူမရဲ့ စကားကို စိတ်မဝင်စားသလို ပြန်ကြည့်သည်။ “ ဇာတ်ကောင်နေရာတွေနဲ့ သူတို့နဲ့ လိုက်လား ၊ မလိုက်ဘူးလား ဆိုတာကို ငါ ဆုံးဖြတ်ပါ့မယ်။ ” သူမရဲ့ ကုမ္ပဏီက သရုပ်ဆောင်တွေ ဖြစ်နေတာနှင့်ပဲ သူ့ရဲ့ စံချိန်စံနှုန်းတွေကို လျှော့ချမပစ်နိုင်ပါ။

“ ဒါဆို အန်တီစုန့်ကို အတိုင်ပင်ခံအဖြစ် လုပ်ပေးဖို့ အကူအညီတောင်းမယ့် ကိစ္စက … ”

လော့ပေါင်ကမ်းက သူမကို မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်လိုက်သည်။ “ ဝိုး ၊ မင်းက တစ်ခုဝယ် ၊ တစ်ခုလက်ဆောင် လိုချင်နေတာလား။ ”

“ ရှင် မှားနေပြီ ဒါရိုက်တာလော့။ ကျွန်မတို့က အန်တီစုန့်ကို ဒီဇာတ်လမ်းတွဲရဲ့ အတိုင်ပင်ခံ လုပ်ပေးဖို့ စိတ်ရင်းနဲ့ ကမ်းလှမ်းချင်တာပါ။ ဒါရိုက်တာလော့က တစ်ခုဝယ် ၊ တစ်ခုလက်ဆောင် ဆိုတဲ့ စကားမျိုး ဘာလို့ ပြောရတာလဲ။ ပြီးတော့ ဒါရိုက်တာလော့တို့ လင်မယားက တစ်ယောက်ကို တစ်ယောက် အရမ်း ချစ်ကြတယ် ဆိုတာ ကျွန်မ သိတယ်။ ဒါရိုက်တာလော့ အပြင်ထွက်ပြီး အလုပ် လုပ်နေရင် အန်တီစုန့်နဲ့ အတူ နေတဲ့ အချိန် လျော့သွားမှာ သေချာတယ်။ ဒါပေမဲ့ တကယ်လို့ အန်တီစုန့်ကသာ ထုတ်လုပ်ရေးအဖွဲ့ကို ကူညီနိုင်မယ် ဆိုရင် ဒါရိုက်တာလော့တို့တွေ တစ်ယောက်ကို တစ်ယောက် နေ့တိုင်း တွေ့နိုင်မှာ မဟုတ်လား။ ”

လော့ပေါင်ကမ်းရဲ့ မျက်နှာပေါ်က ဒေါသ အငွေ့အသက်တွေဟာ ထိုစကားကို ကြားချိန်မှာ ပျောက်ကွယ်သွား၏။ သူ တွေးတွေးဆဆ မျက်မှောင်ကြုတ်လိုက်မိသည်။

စုယန်ယန်က သူ တွေဝေသွားတာကို မြင်တော့ ရှားနျဉ်ရှီကို ပြုံးပြလိုက်သည်။

ရှားနျဉ်ရှီကတော့ သူမကို စုယန်ယန် ဘာလို့ ကြည့်နေမှန်း မသိဘဲ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။

သို့သော်လည်း စုယန်ယန် လုပ်နေသမျှ အရာအားလုံးက သူမရဲ့ ဝတ္ထုကို ရိုက်ကူးဖို့အတွက် လုပ်နေတာ ဖြစ်ကြောင်း စဉ်းစားမိသွားတော့ ရှားနျဉ်ရှီသည် အံကြိတ်လိုက်ပြီး လော့ပေါင်ကမ်းကို ကူညီဖြောင်းဖြပေးလိုက်တော့သည်။ “ ဒီအမျိုးသမီး ပြောတာက ကျိုးကြောင်းဆီလျော်တယ်နော် အဘိုးလော့။ အဘိုးနဲ့ အဘွားစုန့်က အမြဲတမ်း နှစ်‌ယောက်အတူ ရှိနေခဲ့ကြတာလေ။ အဘိုးတို့ တကွဲတပြားစီ ဖြစ်နေရတာနဲ့ ကျင့်သားမရမှာကို သမီး စိုးရိမ်တယ်။ ပြီးတော့ အလုပ်ကို စိတ်နှစ်ပြီး လုပ်နေတဲ့ ယောက်ျားတွေက အချောဆုံးပဲလို့ လူတွေက ပြောကြတယ်။ အဘိုး အလုပ်,လုပ်နေတဲ့ ပုံစံကို အဘွားကို မမြင်စေချင်ဘူးလား။ အဘိုး လူငယ်ဘဝတုန်းက ခံစားချက်ကိုတောင် အဘိုး နောက်တစ်ခေါက် ပြန်ရှာတွေ့ရင် တွေ့နိုင်တယ်။ ”

ရှားနျဉ်ရှီက ထိုကဲ့သို့ ပြောနေစဉ်မှာ လော့ပေါင်ကမ်း ဘာမှ မပြောနိုင်သေးခင်မှာပဲ စုန့်လင်ဟွာက သူမကို ဆွဲဆိတ်လိုက်၏။ “ ဒီကလေးမလေးကတော့ … ။ ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ။ ”

“ အီးးး ” ရှားနျဉ်ရှီသည် ဆွဲဆိတ်ခံလိုက်ရခြင်းကြောင့် ဘယ်လို နာကျင်မှုမျိုးကိုမှ မခံစားရသော်လည်း အမူအရာခပ်ပိုပိုဖြင့် အော်လိုက်ပြီးနောက် တခြားတစ်ဖက်သို့ အလျင်အမြန် ပြေးသွားကာ ဆိုဖာနောက်မှာ ပုန်းနေလိုက်သည်။ “ ဘာလို့ သမီးက ပေါက်ကရတွေ ပြောနေတာ ဖြစ်ရမှာလဲ။ သမီး ပြောနေတာ တကယ့်အမှန်တရားပဲကို။ ”

လော့ပေါင်ကမ်းကတော့ ရှားနျဉ်ရှီရဲ့ သိမ်းသွင်းစကားအောက်မှာ အပြည့်အဝ ကျရှုံးသွားပြီ ဖြစ်ကာ မသဲမကွဲ ပြောလိုက်၏။ “ အတူတူ အလုပ် လုပ်ရတာလည်း ကောင်းသားပဲ။ ”

စုန့်လင်ဟွာသည် တရားကျလွန်းလို့ ရယ်ချင်သွားရသည်။ သူမကိုယ်တိုင်လည်း နည်းနည်းလေး သိမ်းသွင်းခံလိုက်ရပေမဲ့ ဒီလူငယ်လေးတွေက သူ့ကို အပျော့ဆွဲနှင့် သိမ်းသွင်းနေတယ် ဆိုတာ သိသာသည်။ သို့သော်လည်း ဒီလူကြီးကတော့ ဟိုဘက်က စကား သုံး ၊ လေးခွန်းလောက် ပြောလိုက်ရုံနှင့် သူတို့ဘက် ပါသွားခဲ့သည်။

စုန့်လင်ဟွာ အနည်းငယ် စိတ်ညစ်သွားသော်လည်း လက်ခံလိုက်ပါသည်။ “ ဒါဆိုလည်း အတူတူ အလုပ် လုပ်ကြတာပေါ့။ ”

ဒီ ပေါချာချာ လူကြီးကို သူမ စောင်ကြည့်မနေလျှင် သူ့ကို တစ်ယောက်ယောက်က လိမ်ညာပြီး ရောင်းစားတာ ခံလိုက်ရလိမ့်မည်။

++++++

All Chapters