အခန်း ၅၉၄
Vol. 40 Ch. 594
အခန်း ( ၅၉၄ ) သူမက သရုပ်ဆောင်ကောင်းတယ်လို့ ရှင် ထင်လား။
သူတို့ရဲ့ မျက်နှာတွေကို ဖြတ်ရိုက်ပစ်ရန်အတွက် လော့ပေါင်ကမ်းကို အသုံးပြုနိုင်သော်လည်း အဲ့ဒါက သူတို့ တရားမမျှတစွာ အတိုက်ခိုက်ခံရတာနှင့် အတူတူပဲ ဖြစ်သည်။
ဒရာမာ နှစ်ခုက အခုကတည်းက လူပြောများနေပြီ ဖြစ်ကာ တစ်ခုတည်းသော ကွာခြားချက်က သူမတို့ ပြန်မတိုက်ခိုက်လျှင် သူမတို့ရဲ့ နာမည်က အစမှာတင် နာမည်ကျသွားမှာ ဖြစ်သည်။
ပြီးတော့ တကယ်လို့ သူမတို့ ပြန်တိုက်ခိုက်လျှင် အနာဂတ်မှာ နှစ်ဖက်စလုံးအတွက် ရန်ငြိုးရန်စတွေ ပေါက်ဖွားလာပြီး မပြီးနိုင် မဆုံးနိုင် တိုက်ခိုက်နေရလိမ့်မည်။ ရှုံးတဲ့ ဘက်ကတော့ ခေါင်းမဖော်နိုင်အောင် အရှက်ကွဲရမှာ အသေအချာ။
“ အနုပညာလောကထဲမှာ လော့ပေါင်ကမ်းက ဒါရိုက်တာပန်ထက် မြင့်တဲ့ တန်း တစ်ခုမှာ ရှိတယ်။ သူတို့က ဒါရိုက်တာပန်ရဲ့ အရှိန်အဝါကို သုံးပြီး ကိုယ်တို့ရဲ့ ဒရာမာကို နှိမ်ချင်တယ် ဆိုရင် အဆုံးသတ်မှာ အရှက်ကွဲတာက သူတို့ပဲ ဖြစ်သွားလိမ့်မယ်။ ”
ဟောက်ချန်ဟွမ်းရဲ့ စကားကြောင့် စုယန်ယန်ရဲ့ မျက်နှာအမူအရာက ပျော့ပျောင်းသွားသော်လည်း သူမ စိုးရိမ်နေတာ အဲ့ဒါ မဟုတ်ပါ။
“ ဝမ်ကျင့်ဖျင်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အချိန်တိုအတွင်း တိုးတက်လာပြီး အမျိုးသမီးဇာတ်လိုက်နေရာမှာ သရုပ်ဆောင်နိုင်လိမ့်မယ်လို့ ရှင် ထင်လား။ ”
ဟောက်ချန်ဟွမ်းက သူမကို လေးနက်စွာ ကြည့်ကာ ပြုံးလိုက်သည်။ “ မင်း ကိုယ့်ကို အဲ့မေးခွန်း မေးမယ့်အစား ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးကြည့်သင့်တယ်။ ”
စုယန်ယန် ဆွံ့အသွား၏။ “ ရှင် ကျွန်မကို ပြန်မေးနေတာလား။ ”
ဝမ်ကျင့်ဖျင်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို စုယန်ယန် သိပ်အထင်မကြီးပါ။ စုယန်ယန်ရှေ့မှာ သူမ ရောက်လာချိန်တိုင်း တခြား လူတွေဆီမှာ အနိုင်ကျင့်ခံနေရသကဲ့သို့ ပျော့ညံ့ကာ သနားစရာကောင်းသလို ပုံစံဖမ်းထားလေ့ရှိသည်။
ဒါပေမဲ့ သေချာ ကြည့်လျှင်တော့ စုယန်ယန်ကို သူမ ကြည့်သော အကြည့်ထဲမှာ မနာလိုမှုနှင့် အမုန်းတရားတွေ ပြည့်နှက်နေကြောင်း သိနိုင်ပါသည်။
သူမ ဟောက်ရှောက်ဖုန်းကို ကြည့်နေချိန်မှာတော့ သူမရဲ့ ပုံစံက စိတ်ထဲက မပါသော်လည်း ပြောစကားနားထောင်သည့် မျက်နှာအမူအရာမျိုး တစ်ခါတရံ ဖြစ်နေတတ်သည်။ တကယ်တမ်းမှာ သူမပါးစပ်က ပြောနေသလောက် ဟောက်ရှောက်ဖုန်းကို သဘောမကျတာ အသိအသာကြီးပင်။
ဟောက်ရှောက်ဖုန်းက သူမ ပြောသမျှ စကားမှန်သမျှကို မျက်စိမှိတ် ယုံကြည်တဲ့ တစ်ယောက်တည်းသော လူ ဖြစ်သည်။ သူ ဖောက်ပြန်ခံရလိမ့်မယ်လို့ တစ်ခါမှ မထင်ဖူး။
“ သူမ တကယ့်ကို ရေကုန်ရေခမ်း ကြိုးစားထားလို့ အချိန်တိုလေး အတွင်းမှာ သရုပ်ဆောင်စွမ်းရည်တွေ အံ့ဩစရာကောင်းလောက်အောင် တိုးတက်လာတယ် ဆိုရင်တောင် အဲ့ဒီ ဒရာမာက အဲ့လောက် သရုပ်ဆောင်ရ မလွယ်ဘူး။ ”
စုယန်ယန်က သူ့ကို နားမလည်နိုင်စွာ လှည့်ကြည့်လိုက်သည်။ သူ ပြောချင်တဲ့ အဓိပ္ပာယ်ကို သူမ နားမလည်ပါ။
“ သူမက မျက်နှာသစ် သရုပ်ဆောင် တစ်ယောက်ပါပဲ ယန်ယန်။ သူမမှာ အရင်တုန်းက သရုပ်ဆောင်ဖူးတဲ့ အတွေ့အကြုံလည်း မရှိဘူး။ လူတော်တော်များများ စိတ်ကူးယဉ်ကြတဲ့ အခွင့်အလမ်းတွေကို ရခဲ့လို့သာ ဒီအနေအထားထိ ရောက်လာခဲ့တာ။ ”
စုယန်ယန်ရဲ့ မျက်လုံးတွေ တောက်ပသွားသည်။
ဝမ်ကျင့်ဖျင်နှင့် သို့ထျန်းယီရဲ့ အမြင်မှာဝောာ့ ‘ ဧကရီ ’ ဇာတ်လမ်းတွဲက ပိုက်ဆံ အများကြီး အကုန်အကျခံပြီး ဝမ်ကျင့်ဖျင် တစ်ယောက်တည်းအတွက် အထူးတလည် ပြင်ဆင်ပေးထားသော ဇာတ်လမ်းတွဲ တစ်ခုပါ။
သို့သော်လည်း ဟားယီ အန်တာတိန်းမန့်မှာ ရှိတဲ့ တခြား သရုပ်ဆောင်တွေ ၊ အထူးသဖြင့် ဝမ်ကျင့်ဖျင်ထက် အများကြီး ပိုတော်တဲ့ စီနီယာ သရုပ်ဆောင်တွေရဲ့ အမြင်မှာ ဝမ်ကျင့်ဖျင်က ကုမ္ပဏီရဲ့ မက်မောစရာ အခွင့်အလမ်းတွေကို ခိုးယူရန် သို့ထျန်းယီကို မှီခိုနေသူ ဖြစ်သည်။
ဝမ့်ကျင့်ဖျင်ထက် ပိုတော်တဲ့ အတွေ့အကြုံရင့် စီနီယာ သရုပ်ဆောင်တွေတောင် မရနိုင်တဲ့ အဲ့ဒီ အခွင့်အလမ်းတွေကို ဘာအခြေခံမှ မရှိ ၊ ဘာအတွေ့အကြုံမှလည်း မရှိတဲ့ သူမလို လူသစ်တန်း သရုပ်ဆောင် တစ်ယောက်က ဘယ်လိုလုပ် ရသွားတာလဲ။
ဘယ်လို အလုပ်မျိုးပဲဖြစ်ဖြစ် ကိုယ့်ကြိုးစားမှုနှင့် ထိုက်တန်သော နေရာကို မရလျှင် သူတစ်ပါး ပိုင်ဆိုင်ထားသော အရာတွေကို မနာလိုတာ ၊ လိုချင်တာ သဘာဝ ဖြစ်သည်။
သူတို့က သို့ထျန်းယီရဲ့ နောက်ခံကြောင့် သူမကို အပေါ်ယံမှာတော့ ဘာမှ မလုပ်ရဲသော်လည်း နောက်ကွယ်ကနေတော့ ကိစ္စတွေကို သူမအတွက် ခက်ခဲအောင် လုပ်နေခဲ့ကြသည်။
“ ဒီဇာတ်လမ်းတွဲထဲမှာ ပါတဲ့ အရေးကြီးတဲ့ ဇာတ်ကောင်နေရာတွေအတွက် သရုပ်ဆောင်တွေကို ရွေးပြီးသွားပြီလို့ ကြားတယ်။ အများစုကတော့ နာမည်ကြီးပြီးသား သရုပ်ဆောင်တွေတဲ့။ ”
ဟားယီသည် ဝမ်ကျင့်ဖျင်ကို ပံ့ပိုးရန် အများကြီး အားစိုက်ထုတ်ထားသောကြောင့် ဝမ်ကျင့်ဖျင်ရဲ့ သရုပ်ဆောင် ပွဲဦးထွက်ကို လူပြောများသော ခေါင်းစဉ် တစ်ခု ဖြစ်အောင် ကူညီရန်အတွက် နာမည်ကြီး သရုပ်ဆောင်များစွာကို ငှားရမ်းဖို့ တုံ့ဆိုင်းမနေခဲ့ပေ။
သို့သော်လည်း သူတို့ မေ့သွားခဲ့တဲ့ အရာကတော့ သရုပ်ဆောင် တစ်ယောက်ဟာ ပရိသတ်တွေကို ဆွဲဆောင်ချင်လျှင် ၊ လူတွေ သဘောကျ အားပေးတာကို ခံချင်လျှင် မဖြစ်မနေ အဓိကဇာတ်လိုက် ဖြစ်စရာ မလိုပါ။ သူတို့ရဲ့ စိတ်နေစိတ်ထားနှင့် သရုပ်ဆောင်စွမ်းရည်ကသာ အရေးကြီးဆုံး အရာတွေ ဖြစ်သည်။
သူတို့ဇာတ်လမ်းတွဲ နာမည်ကြီးဖို့ နာမည်ကြီး အနုပညာရှင်တွေကို ငှားရမ်းထားတာ မှန်သော်လည်း အကယ်၍ ဝမ်ကျင့်ဖျင်က သူတို့လောက် မတော်ဘဲ လုံလုံလောက်လောက် သရုပ်ဆောင်မကောင်းလျှင် ထိုသမ္ဘာရင့်ဝါရင့် သရုပ်ဆောင်တွေက သက်သက် ၊ သူမက သက်သက် ခွဲထွက်ကာ အပိုလူ ဖြစ်သွားလိမ့်မည်။
ပြီးဝောာ့ အရည်အချင်းရှိသော ထိုသရုပ်ဆောင်တွေဟာ ဘယ်သူ့အကူအညီကိုမှ မှီခိုမနေဘဲ ဤဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နိုင်သော်လည်း ကုမ္ပဏီကတော့ သူတို့ကို ဇာတ်ပို့အဖြစ်သာ သရုပ်ဆောင်ရန် ဖိအားပေးထားခဲ့သည်။ သူတို့မှာ မကျေနပ်တဲ့ ခံစားချက် တစ်ခုတလေတောင် မရှိဘူးလား … ။
သူတို့ မကျေနပ်လျှင် ပြဿနာတက်ဖို့ လွယ်သော်လည်း တစ်ခုခု ဖြစ်ပြီ ဆိုတာနှင့် သူတို့ရဲ့ ဇာတ်လမ်းတွဲက ဘယ်အတိုင်းအတာထိ ရောက်သွားမလဲ ဆိုတာ ဘယ်သူမှ မသိပေ။
++++++