← Chapters

အခန်း ၅၉၅

Vol. 40 Ch. 595

အခန်း ၅၉၅

Vol. 40 Ch. 595

အခန်း ( ၅၉၅ ) သူမနဲ့ မတန်ဘူး။

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ တောက်‌ပနေသော မျက်လုံးလေးတွေကို ကြည့်ကာ အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။ “ ဒုတိယ အမျိုးသမီးဇာတ်လိုက်က အရင်တုန်းကဝောာ့ ဟားယီ အန်တာတိန်းမန့်မှာ မျက်နှာသာအပေးခံရဆုံး မင်းသမီး တစ်ယောက်လို့ ကိုယ် ကြားတယ်။ ”

စုယန်ယန်သည် ခဏလောက် ကြောင်အနေပြီးမှ မအောင့်နိုင်ဘဲ ရယ်ချလိုက်မိသည်။ “ လူမသိသူမသိ မျက်နှာသစ် သရုပ်ဆောင် တစ်ယောက်အတွက် နာမည်ကြီး မင်းသမီးကို ဇာတ်ပို့သရုပ်ဆောင် နေရာပြောင်းလိုက်ရတဲ့အထိ သူတို့ရဲ့ ခေါင်းထဲမှာ ဘာတွေ တွေးနေကြတာပါလိမ့်။ ”

“ ပြောမရဘူးလေ။ ဟားယီရဲ့ ရာထူးအကြီးပိုင်းက လူတွေ ရူးသွားတာလည်း ဖြစ်နိုင်တယ်။ ”

စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ စကားကြောင့် ရယ်ချင်သွားသည်။ “ ဟုတ်တယ် ဟုတ်တယ်။ သူတို့ တကယ့်ကို ရူးသွားကြတာ။ ”

သို့သော်လည်း သေသေချာချာ စဉ်းစားကြည့်လိုက်လျှင် ထိုကိစ္စက လူတစ်ယောက် ရူးသွားသည့် ပြဿနာ တစ်ခုတည်း မဟုတ်ပါ။

ဝမ်ကျင့်ဖျင်ရဲ့ အမျိုးသမီးဇာတ်လိုက် လင်းရောင်ခြည်ကြောင့် လူ တစ်ယောက်ဟာ ထိခိုက်သွားခဲ့ရပြီ ဖြစ်သည်။

အမျိုးသားဇာတ်ပို့ သရုပ်ဆောင်တိုင်းက ငယ်ရွယ်ကာ အရည်အချင်းရှိသည်လို့ လူသိများသည်။

အဲ့ဒီလို လူမျိုးတွေက ဘယ်နေရာပဲ ရောက်,ရောက် ပင်ကိုယ်အရည်အသွေးကြောင့် တောက်ပကြမှာပင်။ အဖုအထစ်တွေကို ဖြတ်ကျော်ရမည် ဆိုလျှင်ဝောာင်မှ အဆုံးသတ်မှာ အမြင့်ဆုံးကို ရောက်ရှိပြီး အဆုံးမရှိတဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မယ့် လူတွေပါပဲ။

သို့သော်လည်း သူတို့ ဝမ်ကျင့်ဖျင်နှင့် ဆုံတွေ့သည့် အခိုက်အတန့်မှာပဲ ထူးချွန်ပြောင်မြောက်သူများ အားလုံးသည် စိတ်လွတ်သွားကာ မျက်နှာလိုမျက်နှာရ ကပ်ဖားရပ်ဖားလုပ်သူတွေ ဖြစ်သွားကြသည်။ သူတို့က သူတို့မှာ ဘာဆို ဘာမှ မကျန်တော့တဲ့အထိ တစ်ဖက်လူကို ဖြည့်ဆည်းပေးရင်း အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်အား အမြင့်ဆုံးသို့ ရောက်ရန် တွန်းပို့ပေးသော အချနင်းခံ ကျောက်တုံးလေးတွေ ဖြစ်သွားကြလေသည်။

စုယန်ယန်က သူမရဲ့ မေးစေ့ကို ပွတ်သပ်ရင်း တွေးနေမိသည်။ “ ဒုတိယ အမျိုးသမီးဇာတ်လိုက်က ဘယ်လို ပုံစံမျိုးလဲ ဆိုတာ ကျွန်မ သိချင်တယ်။ သူမက စိတ်ထားရော ပြည့်ဝရဲ့လား။ ”

သူမ တွေးနေတဲ့ အတွေးကို သိသော ဟောက်ချန်ဟွမ်းက ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။ “ ဒုတိယ အမျိုးသမီးဇာတ်လိုက်က ဒေါသလည်း ကြီးတယ် ၊ ဒေါသထွက်လည်း လွယ်တယ်။ ”

“ အိုး ၊ သူမက ဒေါသကြီးတယ်လား။ သူမ ဒေါသထွက်ရင် ဘာတွေများ လုပ်နိုင်လောက်လဲ။ ဝမ်ကျင့်ဖျင်ကို သွားပြဿနာရှာမှာလား။ ”

ဟောက်ချန်ဟွမ်းသည် သူ့ဇနီးလေးရဲ့ စိတ်လှုပ်ရှားနေသော အမူအရာလေးကို ကြည့်ကာ အသည်းယားလာ၍ သူမရဲ့ နှာခေါင်းလေးကို လက်ဖြင့် ဆွဲလိမ်မိလိုက်သည်။ “ သူမမှာ ဝမ်ကျင့်ဖျင်ကို ပြဿနာ ဘယ်လို ရှာရမလဲ ဆိုတဲ့ အကြံ မရှိရင်တောင် ကိုယ်တို့ သူမအတွက် အခွင့်အရေး တစ်ခု ဖန်တီးပေးလို့ ရပါသေးတယ်။ ”

ဝမ်ကျင့်ဖျင်ကို သဘောမကျတဲ့ လူတွေ အများကြီး ရှိသည်။

ဒုတိယ အမျိုးသမီးဇာတ်လိုက်က သူမကို ဘာမှ မလုပ်လျှင်တောင် သူမနံဘေးမှာ ရှိတဲ့ လူတွေကတော့ သူမ ရန်စလျှင် ငြိမ်ခံနေမယ့် လူတွေ မဟုတ်ချေ။

ပြောရရင် မျက်နှာလိုက်ပြီး ဆက်ဆံခံခဲ့ရတဲ့ ဘယ်သူမဆို တစ်ဖက်လူကို အမြင်မကြည်မှာ ဓမ္မတာပါပဲ။

“ စီးပွားရေးလောကထဲက ပြိုင်ပွဲတွေ ဆိုတာ ဘယ်တော့မှ အပေါ်ယံ သက်သက် မဟုတ်ဘူး။ သူမက အရမ်း ကမှူးရှူးတိုးဆန်လွန်းတယ်။ ”

ပြောင်းလဲတတ်သော သဘာဝအကြောင်း ရေးထားသည့် စာအုပ်ထဲမှာ “ လူ တစ်ယောက်က သူ ရထားသော နေရာနှင့် မထိုက်တန်လျှင် တစ်နည်းမဟုတ်တစ်နည်းဖြင့် အနှောင့်အယှက်တွေ ပေါ်လာလိမ့်မည် ” ဟူသော ဆိုရိုးစကား ရှိ၏။

တကယ်လို့ ဝမ်ကျင့်ဖျင်သာ ကိုယ့်အခြေအနေကိုယ် နည်းနည်းပါးပါး နားလည်လျှင် ကုမ္ပဏီကို ဝင်,ဝင်ချင်းကတည်းက အခုလို ဇာတ်လမ်းတွဲကြီး တစ်ခုကို လက်ခံမှာ မဟုတ်ပါ။ ဒုတိယ အမျိုးသမီးဇာတ်လိုက်နှင့် တတိယ အမျိုးသမီးဇာတ်လိုက်တို့လို ဇာတ်ပို့နေရာတွေကနေ စတင် သရုပ်ဆောင်ရင်း အတွေ့အကြုံ စုဆောင်းရမှာ ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ သူမက ကုမ္ပဏီထဲက လူတွေကိုလည်း သူတို့ လုပ်နိုင်သော ကိစ္စတွေဆိုလျှင် အတိုင်းအတာတစ်ခုထိ သူတို့ လုပ်နိုင်သလောက် လုပ်ခွင့်ပေးထားရမည်။ ဝမ်ကျင့်ဖျင် အဲ့လို လုပ်ခဲ့လျှင် ဒီပြဿနာက အရမ်း ကြီးသွားမှာ မဟုတ်ပါ။

သို့သော်လည်း သူမကတော့ ဘာကိုမှ ထည့်မတွေးဘဲ စိတ်မြန်လက်မြန် လုပ်ချင်သည့် စိတ် တစ်ခုတည်းသာ ရှိလေသည်။ သူမက ကုမ္ပဏီထဲကို ဝင်,ဝင်ချင်းမှာပဲ ကုမ္ပဏီမှာ ရှိတဲ့ လူတိုင်း မက်မောကြတဲ့ အခွင့်အလမ်းတွေကို ယူပြီးပြီ ဖြစ်ကာ အဆိုးဝါးဆုံးကဝောာ့ သူမမှာ သူမ လိုချင်နေတဲ့ အခွင့်အလမ်းတွေနှင့် ကိုက်ညီသော အရည်အချင်းလေးတောင် ရှိမနေတာပါပဲ။

ဤဇာတ်လမ်းပွဲက မားကတ်ပိုင်းအရ အတော်လေး အခြေအနေကောင်းသော်လည်း သူမ သရုပ်ဆောင်မကောင်းလျှင်ဝောာ့ သေချာပေါက် ဝေဖန်ပြောဆိုခံရပါလိမ့်မည်။

လူတွေ ဝေဖန်တာ ခံရပြီ ဆိုသည်နှင့် သူမကို ပံ့ပိုးရန် ငွေကြေးများစွာ ရင်းနှီးမြုပ်နှံထားသော ဟားယီ အန်တာတိန်းမန့်ကလည်း ပြဿနာထဲ ဆွဲထည့်ခံမှာ ဖြစ်သည်။

အဲ့ဒီအချိန်ရောက်ရင် သို့ထျန်းယီက ဟားယီ အန်တာတိန်းမန့်ကို အဘက်ဘက်က တာဝန်ယူထားတဲ့ ခေါင်းဆောင် တစ်ယောက် ဆိုရင်ဝောာင် သို့ထျန်းယီ စီစဉ်သမျှကို ဘာမှ မတွန်းလှန်ရဲဘဲ ငြိမ်ခံနေရတဲ့ တခြား ရာထူးအကြီးပိုင်း ပုဂ္ဂိုလ်တွေကလည်း မကျေမနပ် ဖြစ်မှာ အသေအချာပင်။

စုယန်ယန်က ထိုအကြောင်းကို လေးလေးနက်နက် တွေးကြည့်နေမိသည်။ လူတွေကို ပရိယာယ်ဆင်သည့် နေရာမှာ သူမက ဟောက်ချန်ဟွမ်းလောက် မတော်ဘူး ဆိုတာကို သူမ ဝန်ခံရမည်။

“ ဟားယီအတွက် ပြဿနာ ဖန်တီးဖို့ မခက်ပါဘူး။ ခက်နေတာက ကိုယ်တို့ရဲ့ လူတွေကို ဘယ်လို ကာကွယ်ရမလဲ ဆိုတာပဲ။ ”

စုယန်ယန် ထိတ်ခနဲ ရင်တုန်သွားသည်။ “ သူတို့က ကျွန်မတို့ကုမ္ပဏီကို ပစ်မှတ်ထားမှာကို ရှင် စိုးရိမ်နေတာလား။ ”

“ သူတို့ လူအချင်းချင်းကြားမှာ ပြဿနာဖြစ်အောင် မီးစလေးတွေကို ကိုယ်တို့ ထည့်ပြီးသွားပြီလေ ၊ သူတို့ကို အထိနာအောင် လုပ်ဖို့ တခြားလူတွေကိုလည်း ကိုယ်တို့ အသုံးချပြီးသွားပြီ။ သူတို့က မင်းရဲ့ ရိုက်ကူးရေးကို ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ဖို့ လှည့်ကွက်တွေ သုံးလာနိုင်တယ်။ ပြီးတော့ လော့ပေါင်ကမ်းကလည်း မငယ်တော့ဘူး။ ရိုက်ကူးရေး လုပ်နေတဲ့ အချိန်အတွင်း ကိစ္စ တစ်ခုခု ဖြစ်လာခဲ့ရင် မင်းရဲ့ ထုတ်လုပ်ရေးအဖွဲ့မှာ နောက်ဆက်တွဲ တာဝန်ယူရမယ့် ကိစ္စတွေ ၊ အကျိုးဆက်တွေ ရှိလာလိမ့်မယ်။ ”

စုယန်ယန်က မျက်မှောင်ကြုတ်လိုက်သည်။ “ သူတို့ ဒါရိုက်တာလော့ကို ပစ်မှတ်ထားနိုင်တယ်လို့ ရှင် ပြောနေတာလား။ ”

++++++

All Chapters