← Chapters

အခန်း ၅၉၆

Vol. 40 Ch. 596

အခန်း ၅၉၆

Vol. 40 Ch. 596

အခန်း ( ၅၉၆ ) ပူးပေါင်းမှု ကြေညာစာ။

ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ ဖြူဖျော့သွားသော မျက်နှာလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။ သူ သူမကို နှစ်သိမ့်ပေးလိုက်ပါသည်။ “ ဒီတိုင်း ကိုယ့်အထင် သက်သက်ပဲ ရှိသေးတာပါကွာ။ တကယ် ဖြစ်ချင်မှလည်း ဖြစ်လာမှာပါ။ ”

စုယန်ယန်က ခေါင်းခါလိုက်ရင်း ဟောက်ချန်ဟွမ်းရဲ့ မှန်းဆချက်က အမှန်တကယ် ဖြစ်လာနိုင်ကြောင်း ပြောပြလိုက်သည်။ “ ဟင့်အင်း ၊ ရှင် စိုးရိမ်တဲ့ ကိစ္စတိုင်းက တကယ် ဖြစ်လာတာချည်းပဲ။ ”

သို့ထျန်းယီရဲ့ ကောက်ကျစ် ဉာဏ်များသော စိတ်နေစိတ်ထားကို ကြည့်လျှင် သူ အဲ့လို ကိစ္စမျိုး လုပ်နိုင်ချေ အတော် များသည်။

“ သူ ဒါရိုက်တာလော့ကို တစ်ခုခု မကောင်းတာ လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ကျွန်မတို့ ဘာလုပ်ရမလဲ။ ”

ဒါရိုက်တာလော့နှင့် စုန့်လင်ဟွာတို့လို အသက်အရွယ် တစ်ခု ရနေပြီ ဖြစ်တဲ့ လူကြီး နှစ်ယောက်ဟာ သူမတို့ရဲ့ ဖိတ်ကြားချက်ကြောင့်သော ဒရာမာထဲမှာ ပါဝင်ပေးခဲ့ကြတာ ဖြစ်သည်။ ဒီကိစ္စကြောင့် ကုမ္ပဏီ နှစ်ခုကြား ရန်ပွဲမှာ ဒါရိုက်တာလော့တို့ နှစ်ယောက် မြေစာပင် ဖြစ်သွားမည် ဆိုလျှင် သူမ တစ်ဘဝလုံး အပြစ်မကင်းသလို ခံစားသွားရလိမ့်မည်။

“ စိတ်မပူပါနဲ့။ သူတို့မှာ တစ်ခုခု လုပ်ဖို့ ဘာအခွင့်အရေးမှ မရှိသေးသရွေ့ ဘာမှ စိတ်ပူစရာမလိုဘူး။ ဒီဇာတ်လမ်းတွဲအတွက် ရိုက်ကူးရေးက အနည်းဆုံး တစ်လ ၊ နှစ်လလောက်တော့ ကြာလိမ့်မယ်။ ဇာတ်ကောင်နေရာတွေကို မဆုံးဖြတ်ရသေးဘူး ဆိုတော့ ရိုက်ကူးရေးကလည်း တော်တော်နဲ့ စဦးမှာ မဟုတ်ဘူး။ ရိုက်ကူးရေးမစခင်မှာ ဒါရိုက်တာလော့နဲ့ အန်တီစုန့်ကို ကာကွယ်ပေးဖို့ ကိုယ် လူတွေ လွှတ်ထားလိုက်မယ်။ ရိုက်ကူးရေး တရားဝင် စတင်တဲ့ အချိန်ကျရင် သူတို့ နှစ်ယောက်က အသက်လည်း ကြီးပြီ ဆိုတော့ ထုတ်လုပ်ရေးအဖွဲ့ရဲ့ အိမ်မှာ နေ့တိုင်း အလုပ်တွေ အများကြီး လုပ်နေရင် အရမ်း ပင်ပန်းလိမ့်မယ်။ အဲ့တော့ ကုမ္ပဏီက ပြင်ဆင်ပေးထားတဲ့ ဟိုတယ်မှာ သူတို့ နေလို့ ရတယ်။ ”

ဟောက်ချန်ဟွမ်းက ခဏ စကားရပ်ပြီးမှ ဆက်ပြောလိုက်သည်။ “ ကိုယ့်ဦးလေးရဲ့ ဟိုတယ်တွေက တစ်နိုင်ငံလုံး နေရာအနှံ့မှာ ရှိတယ်။ ကိုယ် ဟိုတယ်ရဲ့ လုံခြုံရေးကို သေချာ ဂရုစိုက်ခိုင်းပြီးတော့ သူတို့ အပြည့်အဝ လုံခြုံအောင် လုပ်ခိုင်းထားလိုက်မယ်။ ”

“ ရှင့်ဦးလေး .. ဟုတ်လား။ ” စုယန်ယန် အံ့ဩသွားသည်။ “ ရှင့်မှာ ဦးလေး ရှိတယ်လား။ ”

အတိတ်တုန်းက သူမက ဟောက်ချန်ဟွမ်းနံဘေးမှာ နှစ်ဝက်လောက် ကြာအောင် နေခဲ့တာ ဖြစ်သည်။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းခဲ့ပါစေ ၊ သူ့မှာ ဦးလေး တစ်ယောက် ရှိတယ်လို့ သူ ဘယ်တော့မှ ပြောမပြခဲ့ချေ။

ဟောက်ချန်ဟွမ်းက နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ကာ နှုတ်ဆိတ်နေခဲ့သည်။

သူ ထိုအကြောင်း မပြောပြချင်မှန်း နားလည်သောကြောင့် စုယန်ယန်ကလည်း ဘာမှ ဆက်မေးမနေတော့ပေ။

“ ယုံကြည်ရတဲ့ လူတွေ ရှိတယ် ဆိုတော့လည်း အဲ့အတိုင်း လုပ်ကြတာပေါ့။ ကျွန်မ ဒါရိုက်တာလော့ကို ဆက်သွယ်ပြီး‌ ကြေညာစာ ထုတ်ပြန်ခိုင်းလိုက်မယ်။ ”

“ အင်း။ ”

စုယန်ယန်က သွက်သွက်လက်လက် လှုပ်ရှားသွားသည်။ သူမက ဖြစ်နေတဲ့ အဖြစ်အပျက်တွေကို လော့ပေါင်ကမ်းအား အတိုချုံ့ ပြောပြပြီး ကုမ္ပဏီရဲ့ ဆိုရှယ်မီဒီယာ အကောင့်ပေါ်မှာ သူမကိုယ်တိုင် ကြေညာစာ ထုတ်ပြန်ခဲ့လေသည်။

ဟွမ်းဟွမ်းမိသားစုရဲ့ စုစုလေး : “ ကျွန်မတို့ရဲ့ ဖိတ်ကြားချက်ကို လက်ခံပေးလို့ ကျေးဇူးတင်ပါတယ်။ ဇာတ်လမ်းတွဲအသစ်အတွက် ဒါရိုက်တာကို ရွေးချယ်ပြီးသွားပြီ။ ကျွန်မတို့နဲ့ ပူးပေါင်းပေးလို့ @ဒါရိုက်တာလော့ပေါင်ကမ်းကို ကျေးဇူးတင်ပါတယ်ရှင်။ အနာဂတ်မှာ ကျွန်မတို့ အတူတူ ကြိုးစားသွားကြရအောင်နော်။ ”

ခဏအကြာမှာ လော့ပေါင်ကမ်းကလည်း စုယန်ယန်ရဲ့ Post ကို Repost ပြန်လုပ်ခဲ့သည်။ “ အတူတူ ကြိုးစားသွားကြရအောင်။ ”

သူမနှင့် ဒါရိုက်တာလော့ အပြန်အလှန် ပြောဆိုထားသည့် Post တွေ တက်လာသည့် အခိုက်အတန့်မှာပဲ မီဒီယာတွေရဲ့ စိတ်အာရုံကို သိမ်းကျုံးယူသွားလေသည်။

[ ဟမ်။ သူတို့က ဒါရိုက်တာကို အခုလို အချိန်မျိုးမှာ ရုတ်တရက်ကြီး ကြေညာတယ်တဲ့လား။ သူတို့ဇာတ်လမ်းတွဲနဲ့ အပြိုင် နာမည်ကြီးနေတဲ့ ‘ ဧကရီ ’ ဇာတ်လမ်းတွဲရဲ့ အောင်မြင်မှုကို အမြတ်ထုတ်ဖို့ ကြိုးစားနေတာလား။ ကုမ္ပဏီရဲ့ ဥက္ကဌကိုယ်တိုင်က ကြေညာတာ ဆိုတော့ ဒီအသုံးမကျတဲ့ ကုမ္ပဏီက တကယ့်ကို အဆင့်အတန်း မရှိတာပဲ။ ]

[ မင်းမှာ ဦးနှောက်မရှိဘူး ဆိုရင် အင်တာနက်ပေါ်မှာ ကိုယ့်ကိုယ်ကိုယ် အရူးလို ဖြစ်အောင် မလုပ်မိအောင်လို့ စာပိုလေ့လာသင့်တယ်။ တုန်ချမ်းက ကုမ္ပဏီကြီး တစ်ခု မဟုတ်ပေမဲ့ ချမ်းသာတဲ့ ကုမ္ပဏီ တစ်ခုပဲ။ ပြီးတော့ ဒါရိုက်တာလော့လို ဒါရိုက်တာကြီး တစ်ယောက် ရှိနေတာတောင်မှ သူတို့က မင်းရဲ့ အသုံးမကျတဲ့ ဇာတ်လမ်းတွဲနဲ့ အသုံးမကျတဲ့ ဇာတ်လမ်းတွဲရဲ့ ကျော်ကြားမှုကို ဂရုစိုက်မယ်လို့ ထင်နေတာလား။ ]

[ ငါ တွေးလို့ ရသလောက်ဝောာ့ အရှက်မရှိတဲ့ ကုမ္ပဏီ တစ်ခုက သူတို့ရဲ့ ဇာတ်လမ်းတွဲ နာမည်ကြီးအောင်လို့ တုန်ချမ်းကို အသုံးချတဲ့အပြင် တုန်ချမ်းရဲ့ ဇာတ်လမ်းတွဲ အသစ်က တော်တော်လေး ဆိုးဝါးတယ်လို့တောင် ကဲ့ရဲ့လိုက်သေးတယ် ၊ နာမည်ကြီး ဒါရိုက်တာကတောင် အဲ့ဇာတ်လမ်းတွဲကို ရိုက်ပေးချင်စိတ် မရှိဘူးပေါ့လေ။ အခု တုန်ချမ်းက သူတို့ရဲ့ ဒါရိုက်တာကို ကြေညာလိုက်လို့ ဟားယီ အန်တာတိန်းမန့်ကို လူတွေ ကြိမ်းမောင်းနေတဲ့ အချိန်မှာတောင် မင်းက သူတို့ရဲ့ ဇာတ်လမ်းတွဲကို အမွှမ်းတင်နေတုန်းပဲ။ တကယ့်ကို ကိုယ့်ပေါင်ကိုယ် လှန်ထောင်းနေတဲ့ ကောင်။ ကိုယ့်ဇာတ်လမ်းတွဲ နာမည်ကြီးအောင်လို့ သူများကို အသုံးချတာ ဘယ်သူလဲ။ မင်း ဦးနှောက်မရှိဘူးလား။ ]

[ ဒီလူက ဘယ်က လူမသိသူမသိ ဒါရိုက်တာလဲ။ ငါ သူ့နာမည်ကို အရင်တုန်းက တစ်ခါမှ မကြားဖူးဘူး။ တုန်ချမ်းက ဘယ်ကမှန်း မသိတဲ့ ၊ နာမည်မရှိတဲ့ ဒါရိုက်တာကို ဖြစ်ကတတ်ဆန်း ရှာလိုက်တာလား။ ကြည့်ရတာတော့ ဇာတ်လမ်းတွဲ အသစ်က ခွက်ခွက်လန်အောင် ရှုံးမယ်နဲ့ တူတယ်။ ]

[ ခွီး ၊ မင်းက ငါ့ကို ရယ်ချင်အောင် လုပ်နေတာပဲ။ အခုခေတ်မှာ ဒါရိုက်တာလော့ပေါင်ကမ်းကို နာမည်မရှိတဲ့ ဒါရိုက်တာလို့ ပြောတဲ့ လူတွေ တကယ်ကြီး ရှိနေပါလား။ အမယ်လေး ၊ ငါ ခဏလောက် ရယ်ပါရစေဦး။ ]

[ ခဏလောက် ရယ်ရုံနဲ့ ဘယ်လိုလုပ် လုံလောက်မှာလဲ။ သုံးရက်လောက် ရယ်ပစ်လိုက်။ မင်းမှာ အခြေခံ ဗဟုသုတလေးတောင် မရှိရင် အင်တာနက်ပေါ်မှာ ကီးဘုတ်ဖိုက်တာ လာလုပ်မနေနဲ့။ မင်းက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းရုံတင် မဟုတ်ဘူး ၊ ကိုယ် ဉာဏ်နည်းတာကိုလည်း လူသိအောင် လုပ်ပြီး မိဘတွေကိုလည်း အရှက်ခွဲတယ်။ ]

++++++

All Chapters