အခန်း ၅၉၈
Vol. 40 Ch. 598
အခန်း ( ၅၉၈ ) မင်းမှာ အရည်အချင်းတော့ ရှိသားပဲ။
ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာ အမူအရာက အနည်းငယ် သတိအနေအထား ဖြစ်သွားကာ ခေါင်းခါရင်း ပြန်ပြောလိုက်၏။ “ ကျွန် .. ကျွန်မ အဆင်ပြေပါတယ်။ ”
နောက် တစ်စက္ကန့်အကြာမှာပဲ သန်မာသော ခွန်အား တစ်ခုက သူမရဲ့ လက်ကို ဆွဲဆောင့်သွားသည်။
အငိုက်မိသွားသော ဝမ်ကျင့်ဖျင်သည် ခလုတ်တိုက်မိပြီး တစ်ဖက်ကို ယိမ်းယိုင်ကာ သို့ထျန်းယီရဲ့ ရင်ခွင်ထဲ လဲပြိုကျသွားလေသည်။
ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိသော အပြုအမူ ဖြစ်ပြီး ဝမ်ကျင့်ဖျင်သည် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားတဲ့အထိ အကြောက်ကြီး ကြောက်သွားမိ၏။ သူမ လှုပ်တောင် မလှုပ်ရဲဘဲ သို့ထျန်းယီရဲ့ ပေါင်ပေါ်မှာ ငြိမ်နေမိသည်။
“ လော့ပေါင်ကမ်းက ပန်ယို့အန်ထက် ပိုစီနီယာကျပြီး ပိုအရည်အချင်းရှိတဲ့ ဒါရိုက်တာ တစ်ယောက်ပဲ။ ပန်ယို့အန်တောင်မှ သူ့ကို လေးစားသမှုနဲ့ စီနီယာလို့ ခေါ်ရလိမ့်မယ်။ ”
ဝမ်ကျင့်ဖျင်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားကာ သူမရဲ့ ကြောက်ရွံ့စိတ်ကို ယာယီ မေ့လျော့သွားသည်။
“ သူက အဲ့လောက်တောင် အရှိန်အဝါကြီးတယ်လား။ “”
“ အင်း။ ”
“ ဒါဆို … ကျွန်မတို့ အခု ဘာလုပ်ကြမလဲ။ သူတို့က အဲ့ဒီ ဒါရိုက်တာကို ငှားလိုက်ရင် ကျွန်မတို့ရဲ့ ဇာတ်လမ်းတွဲ အသစ် ထိခိုက်သွားမှာလား။ ကျွန်မတို့ကကျ ဘာလို့ ဒါရိုက်တာလော့ကို ရှာပြီး ငှားရမ်းဖို့ မကြိုးစားခဲ့ရတာလဲ ၊ ဒါမှမဟုတ် … ”
ဝမ်ကျင့်ဖျင်ရဲ့ စကားမဆုံးသေးခင်မှာပဲ အေးစက်မှုနှင့် စိတ်ရှုပ်မှု အငွေ့အသက်တွေ ပါဝင်နေသော သို့ထျန်းယီရဲ့ မျက်လုံးတွေက သူမဆီ ဖျတ်ခနဲ ရောက်လာသည်။
ဝမ်ကျင့်ဖျင်သည် သူမကိုယ်သူမတောင် သတိမထားမိလိုက်ဘဲ အလိုလို လက်သီးဆုပ်ကာ စိတ်ထဲကနေ ကျိန်ဆဲလိုက်မိသည်။ ဒီလူက အပြစ်တင်ခံရတာရယ် ၊ ဘာလုပ်ပါလို့ အမိန့်ပေးခံရတာရယ်ကို မုန်းမှန်း သူမ နောက်တစ်ခေါက် ထပ်မေ့သွားပြန်သည်။
“ လော့ပေါင်ကမ်းက ပန်ယို့အန်နဲ့ မတူဘူး။ သူ့ကို ပိုက်ဆံ ပုံပေးပြီး ဝယ်လို့ မရဘူး။ ကိုယ်တို့ သူ့ဆီ သွားလည်း သူ မုန်းတာ ခံရပြီး ကိုယ်တို့ဘာသာ ကိုယ့်အရှက်ကိုယ် ပြန်ခွဲသလိုပဲ ဖြစ်မှာ။ ”
“ ဒါဆို သူတို့ ကျွန်မကို ထပ်စော်ကားသွားတာကို ကျွန်မတို့က ဒီတိုင်း ရပ်ကြည့်နေရမှာလား။ ” ဝမ်ကျင့်ဖျင်သည် သူမရဲ့ နှုတ်ခမ်းကို ခပ်တင်းတင်း စေ့ပိတ်ရင်း မတရားခံရ၍ ဝမ်းနည်းနေသလို ပုံစံလေး ဖြစ်နေခဲ့သည်။ “ ကျွန်မ လုပ်နေတဲ့ အလုပ်ကနေ အလုပ်ထွက်ဖို့လည်း ဖိအားပေးခံရပြီးပြီ ၊ နာမည်ပျက်လည်း ထွက်ပြီးပြီ။ သူတို့ ဘာလို့ ကျွန်မကို အလွတ်မပေးနိုင်သေးတာပါလိမ့်။ ”
သို့ထျန်းယီက ဝမ်ကျင့်ဖျင်ကို ခပ်လှောင်လှောင် ကြည့်လိုက်သည်။ ဒီမိန်းမက လူတိုင်းကို အရူးလို့ ထင်နေတာလား။ တခြား လူတွေသာ ဒီကိစ္စရဲ့ အမှန်တရားကို မသိရင် မသိလောက်ပေမဲ့ သူကတော့ သိသည်။
အခု သူမက သနားစရာ ပုံစံလေး ဖမ်းကာ သူမကို သူတို့ ဘာကြောင့် အလွှတ်မပေးရတာလဲဟု တခြားသူတွေကို မေးခွန်းထုတ်နေပြန်ပါပြီ။ ဟောက်မိသားစုရဲ့ သခင်လေးသာလျှင် သူမရဲ့ ခပ်ညံ့ညံ့ သရုပ်ဆောင်ချက်အောက်မှာ ကျရှုံးလိမ့်မည်။
သူမကို အသုံးချလို့ ရနေသေးတဲ့ အချက်ကြောင့်သာ မဟုတ်ရင် … ။ သို့ထျန်းယီသည် သည်းမခံနိုင်စိတ်ကို သူ့နှလုံးသားထဲမှာ ဖိနှိပ်ထားပြီး အေးစက်စွာ ပြောလိုက်သည်။ “ ဘာလို့ အရမ်း လောနေတာလဲ။ အခုမှ အစပဲ ရှိပါသေးတယ်။ သူတို့က ကိုယ်တို့ ပန်ယို့အန်ကို ဖြတ်ခုတ်သွားမှန်း သိလို့ လော့ပေါင်ကမ်းကို ဖိတ်ကြားလိုက်တာပါ။ သူတို့က ကိုယ်တို့ကို သေချာ စောင့်နေပြီးဝောာ့ စစ်ကြေညာလိုက်တာပဲ။ မင်း အခု လုပ်ရမှာက ကိုယ့်အရည်အချင်းကိုယ် ကောင်းကောင်း အသုံးချပြီး ဇာတ်လမ်းတွဲ ထွက်လာတဲ့အခါ သူတို့ကို မင်းရဲ့ အရည်အချင်းတွေနဲ့ အနိုင်ယူဖို့ပဲ။ ”
“ ဒါပေမဲ့ ကျွန်မ … ”
ဝမ်ကျင့်ဖျင်သည် ထပ်ပြောချင်သေးပေမဲ့ သို့ထျန်းယီရဲ့ မျက်လုံးတွေနှင့် အကြည့်ချင်း ဆုံသွားချိန်မှာ တစ်ခွန်းမှ မဟရဲတော့ပေ။
သူမ စိတ်ဓာတ်ကျသွားချိန်မှာပဲ သို့ထျန်းယီက သူမနားရွက်နား ရုတ်တရက် တိုးကပ်လာကာ သူမ မျက်နှာ ဘေးဘက်သို့ လေမှုတ်ထုတ်ရင်း သူမရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ကြက်သီးစိမ့်ဖြာထ၍ တောင့်တင်းအေးစက်သွားစေသည်။
“ ကိုယ် ဗိုက်ဆာတယ်။ ”
ရိုးရှင်းသည့် စကားလုံး ( ၄ ) လုံး ဆိုသော်လည်း ဝမ်ကျင့်ဖျင်ကတော့ အချက်ပြမှု တစ်ခုကို ရလိုက်သကဲ့သို့ သူ့ရင်ခွင်ထဲမှ ထပြီး နာခံစွာ ပြောလိုက်သည်။ “ ကျွန် … ကျွန်မ သွားချက်လိုက်ပါ့မယ်။ ”
“ ကောင်းပြီ။ ”
ဝမ်ကျင့်ဖျင်သည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားသလို ခံစားလိုက်ရ၏။ မကြာသေးမီတုန်းက သူမ ဒေါသထွက်နေခဲ့တာကိုလည်း ဂရုမစိုက်နိုင်ဝောာ့ဘဲ ခပ်သွက်သွက်လေး ပြေးထွက်လာခဲ့လိုက်သည်။
သို့ထျန်းယီက ဝမ်ကျင့်ဖျင် ထွက်သွားချိန်မှာ သူမရဲ့ ထိတ်လန့်နေသော ပုံစံကို မြင်လိုက်ရ၍ သူ့မျက်လုံးတွေ အေးစက်သွားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ငုံ့ကိုင်းကာ ပါးစပ်ကို လက်ကိုင်ပုဝါဖြင့် အုပ်ရင်း အကြိမ်ပေါင်းများစွာ ချောင်းဆိုးနေခဲ့သည်။
အဆက်မပြတ် ချောင်းဆိုးခြင်းက သို့ထျန်းယီရဲ့ သွေးမရှိသလို ဖြူစုတ်နေသော မျက်နှာကို အနည်းငယ် သွေးရောင်လွှမ်းသွားစေသော်လည်း သူ့ပုံစံက ပိုလို့တောင် ကြောက်စရာကောင်းတဲ့ ပုံစံ ပေါက်သွားလေသည်။
သူ အသက်ပြင်းပြင်း တစ်ချက် ရှူကာ ဝမ်ကျင့်ဖျင် ထားခဲ့သော ဖုန်းကို ဖွင့်ကြည့်လိုက်သည်။ အွန်လိုင်းပေါ်က ကွန်းမန့်တွေကို ဖတ်ရင်း သူ စိတ်ဝင်တစား ပြုံးလိုက်၏။
“ မဆိုးပါဘူး … မင်းမှာ အရည်အချင်းတော့ ရှိသားပဲ။ ”
++++++