← Chapters

အခန်း ၆၀၀

Vol. 40 Ch. 600

အခန်း ၆၀၀

Vol. 40 Ch. 600

အခန်း ( ၆၀၀ ) ငါကတော့ မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာလို့ပဲ ထင်တယ်။

ယုကျစ်ယန်ရဲ့ အမူအရာက ခဏလောက် ဗလာနတ္ထိ ဖြစ်သွားသည်။ မဟုတ်သေးဘူးလေ ၊ သခင်လေးနဲ့ သခင်မလေးက လက်ထပ်ထားတာပဲ ကြာလှပြီ။ သခင်လေးက ဘာလို့ ဒီတာဝန်ကို ကျွန်တော့်ပခုံးပေါ် လာပစ်တင်နေတာလဲ … ။

ဟောက်ချန်ဟွမ်း ပြောသော နောက်ဆက်တွဲ စကားကို ကြားချိန်မှာ ယုကျစ်ယန်သည် သူ့နှုတ်ခမ်းကို ထိန်းချုပ်လို့ မရတော့ဘဲ တင်းခနဲ စေ့ပိတ်လိုက်မိသည်။

“ စိတ်မပူပါနဲ့ သခင်လေး။ သခင်မလေးကို လန့်အောင် မလုပ်ဖို့ ကုမ္ပဏီထဲက ဝန်ထမ်းတွေကို ကျွန်တော် သေချာ ပြောထားလိုက်ပါ့မယ်။ ”

ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားတော့မှ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ ယုကျစ်ယန်အား စုယန်ယန်ကို ကုမ္ပဏီကို လာရန် ဖြားယောင်းရမည့် နည်းလမ်းကို အမြန် စဉ်းစားခိုင်းလိုက်၏။

အဲ့ဒီလို တာဝန်ကြီး တစ်ရပ်ကို အကြောင်းပြချက်မရှိ ခေါင်းခံလိုက်ရသော ယုကျစ်ယန် : “ … ” သူ့ကိုယ်သူ အမှားလုပ်ခဲ့မိသလို ခံစားရသော်လည်း ငိုမှာဝောာ့ မဟုတ်ပါ။

စုယန်ယန်ကို ယုကျစ်ယန် ဖုန်းလှမ်းဆက်ချိန်မှာ သူမက ချိန်ရှို့ချင်နှင့်အတူ အပြင်မှာ ချင်ရွယ်ရူအတွက် လက်ဆောင်ဝယ်နေတာ ဖြစ်သည်။

“ ဘာကိစ္စရှိလို့လဲ ကျစ်ယန်။ ”

“ အဟမ်း ၊ ဒီလိုပါ သခင်မလေး။ ကျွန်တော်တို့ကုမ္ပဏီက အခုတလော အလုပ်ရှုပ်နေတာ မဟုတ်လား။ လုပ်စရာ အလုပ်တွေလည်း အများကြီးပဲ ၊ ပြီးတော့ သခင်လေးလည်း ခံတွင်းပျက်နေတယ်။ နေ့လယ်စာဆို သိပ်မစားဘူး ၊ ညစာဆို ဘာမှကို မစားဝာာ။ ကျွန်တော်တို့ ဒီပုံအတိုင်း ဆက်သွားလို့ မဖြစ်ဘူး ဆိုတော့ သခင်မလေးကို … ”

ဟောက်ချန်ဟွမ်း အပြည့်အဝ မသက်သာခင်တုန်းက ယုကျစ်ယန်နှင့် ကျန်တဲ့ နှစ်ယောက်က အရေးပေါ်ကိစ္စတွေအတွက် နေ့တိုင်း သူ့ဘေးမှာ မခွဲမခွာ ရှိနေလေ့ရှိသည်။

ထိုအကြောင်းကို စုယန်ယန် သိသွားသောအခါ သူတို့ သုံးယောက်အား ဟောက်ချန်ဟွမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့ မှာခဲ့၏။ သူမက ဟောက်ချန်ဟွမ်းကိုလည်း တစ်နေ့ကို သုံးနပ် ‌ကောင်းကောင်း စားဖို့နှင့် ကျန်းမာရေးအထိခိုက်မခံဖို့ ပြောခဲ့သည်။

ဟောက်ချန်ဟွမ်း သက်သာသွားပြီးနောက်ပိုင်းမှာတောင် ထိုပုံစံအတိုင်းပဲ မပြောင်းမလဲ ဆက်သွားခဲ့ပါသည်။

ထို့ကြောင့် စုယန်ယန်က ယုကျစ်ယန်ရဲ့ စကားတွေကို သံသယမဖြစ်မိပါ။ သူမရဲ့ မျက်နှာ အမူအရာက အနည်းငယ် ‌မှိုင်းညို့သွားသည်။ “ သူ တစ်နေ့လုံး ဘာမှ သိပ်မစားဘူးတဲ့လား။ စားသောက်ဆိုင်က ဘာစားစရာမှ မပို့ဘူးလား။ ”

စုယန်ယန်ရဲ့ လေသံက တစ်ခုခု မူမမှန်ဘူးလို့ သူ ခံစားရသော်လည်း သူ့ကိုယ်သူ အားတင်းကာ ပြောလိုက်၏။ “ သူတို့ဘက်က ပို့ပါတယ်။ ဒါပေမဲ့ သခင်လေးက တကယ့်ကို နည်းနည်းလေးပဲ စားတာ။ ”

ခဏ တိတ်ဆိတ်သွားပြီးမှ စုယန်ယန်ဘက်က စကားသံ ထွက်လာသည်။ “ ငါ နားလည်ပြီ။ ခဏနေ ငါ ကုမ္ပဏီကို လိုက်သွားလိုက်မယ်။ ”

ယုကျစ်ယန်သည် သူမ လာမည် ဆိုသော စကားကို ကြားလျှင် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။ “ ဟုတ်ကဲ့။ သခင်မလေး ရောက်ရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်နော်။ ကျွန်တော် အောက်ဆင်းပြီး သခင်‌မလေးကို လာကြိုမယ်။ ”

“ အင်း။ ”

ယုကျစ်ယန်ဟာ သူ့အလုပ်ရှင် ပေးတဲ့ “ ခက်ခဲကြမ်းတမ်းသော တာဝန်ကြီး ” ကို အမှားအယွင်း တစ်စလေးတောင် မရှိဘဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို မှုတ်ထုတ်ရင်း တစ်ချိန်တည်းမှာပဲ သူ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ လူသုံးယောက်ဖြင့် ဖွဲ့ထားသော အွန်လိုင်း ဂရုလေးထဲကို ဝင်ကာ သူ စတင် ကြွားလုံးထုတ်လိုက်သည်။

“ သခင်မလေးက ပင်မရုံးချုပ်ကို မကြာခင် ရောက်လာတော့မယ်။ သူမ ငါတို့အတွက် အဆာပြေ ညလယ်စာ ယူလာမလား ဆိုတာ ငါ သိချင်တယ်။ ” ထို့နောက် သခင်မလေး ယူလာမည့် စားစရာတွေကို ဂုဏ်ယူဝံ့ကြွားစွာ စောင့်ဆိုင်းနေသည့် သူ့ဓာတ်ပုံကို ဂရုထဲ ပို့လိုက်တော့ ဂရုထဲမှာ ရှိတဲ့ ကျန်လူ နှစ်ယောက်ကို ဒေါသထွက်အောင် လုပ်တာ အောင်မြင်သွား၏။

“ မင်း သခင်မလေးကို နောက်တစ်ခေါက် ဘယ်လို စည်းရုံးသိမ်းသွင်းလိုက်ပြန်ပြီလဲ။ ”

“ အရင်တုန်းက ပြိုင်ဖက် ကုမ္ပဏီ တစ်ခုက သခင်မလေးကို ပြဿနာရှာတုန်းက ငါတို့ အားလုံး ဝင်ကူညီပေးခဲ့ရတယ်လေ။ သခင်မလေးက ငါတို့ရဲ့ ကူညီမှုအတွက် ဆုချချင်တယ် ဆိုရင် ငါတို့နဲ့ ထိုက်တန်တဲ့ ဆုတွေကိုပဲ ငါတို့ ရသင့်တယ်။ ငါတို့က မင်းကို ဘာလို့ အကုန်လုံးကို လက်ဝါးကြီးအုပ်ခွင့်ပေးရမှာလဲ။ ”

ယုကျစ်ယန်သည် မနာလိုမှုတွေ ၊ အမြင်ကတ်မှုတွေဖြင့် ပြည့်နှက်နေသော သူတို့ နှစ်ယောက်ရဲ့ ရှုံ့ရှုံ့မဲ့မဲ့ မျက်နှာတွေကို ကြည့်ကာ တိတ်တိတ်လေး ရယ်ချင်သွားသည်။ သူတို့ရဲ့ လှပသော မျှော်လင့်ချက်တွေကို သူ ပျော်ရွှင်စွာ ရိုက်ချိုးပစ်လိုက်ပါသည်။

“ မင်းတို့ အတွေးလွန်နေကြပြီ။ သခင်လေး ဒီနေ့ ခံတွင်းပျက်နေလို့ သခင်မလေးက ပင်မရုံးချုပ်ကို လာမှာ။ သခင်လေး အစားအသောက်ပျက်နေတယ်လို့ ကြားတော့ သခင်မလေးက စိတ်ပူသွားပြီး လာကြည့်ချင်တာလေ။ သူမက သူ့အတွက် စားစရာတွေတောင် ယူရင် ယူလာခဲ့နိုင်တယ်။ ”

ကုရှောက်ယန်က ယုကျစ်ယန်ရဲ့ တုံ့ပြန်စာကို မြင်ချိန်မှာ မယုံနိုင်ပေ။ “ သခင်လေးက ဒီနေ့ ခံတွင်းပျက်နေတယ် .. ဟုတ်လား။ သခင်လေး စားတဲ့ သုံးနပ်စာလုံးကို သခင်မလေးရဲ့ စားသောက်ဆိုင်က ပို့ပေးနေတာ မဟုတ်ဘူးလား။ တစ်ခါတလေ သူ ကံကောင်းတဲ့နေ့တွေဆို သခင်မလေးက သူ့အတွက် ကိုယ်တိုင် ချက်ပေးလိုက်သေးတယ်။ အဲ့လို အရသာရှိတဲ့ စားစရာတွေကို သူ စားချင်စိတ်မရှိဘူး ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

“ ဒါပေါ့ ၊ အဲ့ဒါက တကယ့်အကြောင်းပြချက်တော့ ဘယ်ဟုတ်မလဲ။ ”

ယုကျစ်ယန်က သူတို့ နှစ်ယောက်ကို ဖြစ်စဉ် တစ်ခုလုံးအား ပြန်ဖောက်သည်ချလိုက်သည်။

ကုရှောက်ယန် : “ … ”

ကျိုးယန်ပိုင် : “ … ”

“ မင်းတို့ ဘယ်လို ထင်လဲ။ ”

ကုရှောက်ယန် : “ … မင်းကတော့ မီးနဲ့ ကစားနေတာလို့ ငါ ထင်တယ်။ ”

ကျိုးယန်ပိုင် : “ ငါကတော့ မင်း ကိုယ့်သေတွင်းကိုယ် တူးနေတာလို့ပဲ ထင်တယ်။ ”

++++++

All Chapters