အခန်း ၄၂၁
Vol. 43 Ch. 421
အခန်း (၄၂၁)
ကျင်းကျိုးကျဆုံးသွားပြီးနောက် ကျင်းတိုင်းပြည်တပ်မတော်သည် ဟွိုင်ကျိုးဆီသို့ ချီတက်လာခဲ့လေပြီ။
အကယ်၍ ဟွိုင်ကျိုးပါ ထပ်မံကျဆုံးသွားခဲ့လျှင် ချင်တိုင်းပြည်၏ အသည်းနှလုံးနယ်မြေဆီသို့သွားရာ တံခါးပေါက်ကြီး ဟင်းလင်းပွင့်သွားမည့်အပြင် ချင်တိုင်းပြည်၏ မြို့တော်ကြီးပင်လျှင် ကျဆုံးမည့်အန္တရာယ်နှင့် ရင်ဆိုင်ရပေတော့မည်။
ထိုအခြေအနေသို့ ရောက်သွားလျှင် ရှောင်မိုသည်လည်း မတတ်သာဘဲ တပ်ဆုတ်ကာ ချင်တိုင်းပြည်သို့ ပြန်လာရပေမည်။
သို့သော် အစစ်အမှန် ဒုက္ခကြီးက တပ်ဆုတ်ပြီးနောက်မှ ရောက်လာမည်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ရှောင်မိုသာ တပ်ဆုတ်သွားခဲ့လျှင် ချူတိုင်းပြည်အနေဖြင့် သက်ပြင်းကြီးကြီး ချနိုင်သွားမည့်အပြင် ယခင်က သိမ်းပိုက်ထားခဲ့သော နယ်မြေများကိုလည်း ပြန်လည်စွန့်လွှတ်ရဖွယ် ရှိလေသည်။
ချူတိုင်းပြည်က တပ်များ ပြန်လည်စုစည်းမိသွားသည်နှင့် တန်ပြန်တိုက်ခိုက်မှုပင် ပြုလုပ်လာနိုင်ချေရှိပေ၏။
ထိုအချိန်တွင် စစ်မျက်နှာပြင်များ ကျုံ့ဝင်သွားပြီး တိုင်းပြည်သုံးပြည်၏ တပ်မတော်ကြီးများသည် ချင်တိုင်းပြည်၏ အသည်းနှလုံးနယ်မြေထဲ၌ စုရုံးလာကြမည်ဆိုပါက ချင်တိုင်းပြည်အတွက် အလွန်တရာ အန္တရာယ်ကြီးမားလှပေသည်။
ကျင်းတိုင်းပြည်၏ ဦးဆောင်စစ်သူကြီးဖြစ်သော ယန်လျိုယွင်က ဤအချက်ကို သဘာဝကျကျပင် သိရှိထားလေသည်။
ထို့ကြောင့် ယန်လျိုယွင်သည် ဟွိုင်ရှန်းတောင်ကြားတံခါးကို အမြန်ဆုံးသိမ်းပိုက်ပြီး ဟွိုင်ကျိုးအတွင်းသို့ ချီတက်ကာ ချင်တိုင်းပြည်မြို့တော်ကို တိုက်ရိုက်ချေမှုန်းရန် ဆန္ဒပြင်းပြနေလေ၏။
သို့သော်ငြား ယန်လျိုယွင် ဟွိုင်ရှန်းတောင်ကြားတံခါးသို့ ရောက်လာချိန်တွင် ပထမမင်းသားက ထိုနေရာ၌ ကြိုတင်ရောက်ရှိနေခဲ့ချေပြီ။
ပထမမင်းသားသည် ချင်တိုင်းပြည်၏ ကျန်ရှိနေသေးသော တပ်သားငါးသိန်းငါးသောင်းကို စုစည်းထားခဲ့လေသည်။
၎င်းသည် ချင်တိုင်းပြည်အနေဖြင့် လက်ရှိတွင် စုစည်းနိုင်သမျှသော အင်အားအားလုံးဖြစ်ပြီး ချင်တိုင်းပြည်မြို့တော်ကို ကာကွယ်နေသော သံမဏိကျားတပ်မတော်နှင့် နန်းတွင်းကိုယ်ရံတော်အဖွဲ့တို့၏ ခုနစ်ဆယ်ရာခိုင်နှုန်းကိုပင် စစ်မှုထမ်းရန် ဆင့်ခေါ်ထားခဲ့ရပေသည်။
ပထမမင်းသားသည် သူ၏ရည်မှန်းချက်ကို အလွန်ရှင်းလင်းစွာ သိမြင်ထား၏။ သူ၏ရည်ရွယ်ချက်မှာ ဟွိုင်ရှန်းတောင်ကြားတံခါးကို အစွမ်းကုန်ကာကွယ်ထားရန်ဖြစ်ပြီး ဆီးနှင်းမင်းသားရှောင်မိုနှင့် အနောက်ပိုင်းကာကွယ်ရေးမင်းသားတို့က လုံလောက်သော အသာစီးရယူမှုများ ဖန်တီးပြီးနောက် သူ့ထံသို့ လာရောက်ကူညီနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ထားလေသည်။
ထို့အပြင် ဝေ့တိုင်းပြည်၏ နယ်မြေဟောင်းတွင် မငြိမ်မသက်မှုများကို အခွင့်ကောင်းယူလိုသူများ ရှိနေသော်ငြား ကျန်းပေမင်းသားက ထိုကိစ္စကို အမြန်ဆုံး ဖြေရှင်းနေပြီး ပြီးဆုံးသွားသည်နှင့် ကျန်းပေမင်းသားကိုယ်တိုင်လည်း ချက်ချင်းလာရောက် ကူညီနိုင်မည်ဖြစ်ပေသည်။
ပထမမင်းသားက မြို့ရိုးပေါ်သို့တက်ကာ အောက်ဘက်ရှိ သန်းချီသော ကျင်းတိုင်းပြည်တပ်မတော်ကြီးကို ငုံ့ကြည့်လိုက်သည်။ အထူးသဖြင့် စစ်ကြောင်း၏ရှေ့ဆုံးတွင် ရပ်နေသော သူ၏ညီတော်ဒုတိယမင်းသားကို မြင်လိုက်ရသောအခါ ပထမမင်းသား၏ မျက်ခုံးများ တင်းမာစွာ တွန့်ချိုးသွားလေတော့သည်။
"ညီတော် မင်းနဲ့ငါက ညီအစ်ကိုတွေလေ ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်လာရတာလဲ"
ပထမမင်းသားက သူ၏အသံကို ဝိညာဉ်စွမ်းအင်သုံး၍ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။
"မင်းပုန်ကန်တဲ့အကြောင်းကို မယ်တော်မိဖုရားကြီး သိသွားပြီးကတည်းက ထမင်းမစား ရေမသောက်နိုင်ဘဲ တစ်နေ့တခြား ပိုပိုပိန်ချုံးလာတယ်ဆိုတာ မင်းသိရဲ့လား။ ပြီးတော့ ငါတို့ရဲ့ နှမတော်လေးက မင်းပုန်ကန်တဲ့အကြောင်းကို ကြားတော့ ငါ့ရဲ့အင်္ကျီလက်ကိုဆွဲပြီး မျက်ရည်တွေနဲ့ မျက်နှာသစ်ခဲ့ရတယ်ဆိုတာရော မင်းသိရဲ့လား"
ပထမမင်းသား စကားပြောဆိုပြီးသွားသောအခါ ကျင်းတိုင်းပြည်၏ စစ်သူကြီးအားလုံးက ချင်ကျင်းယွမ်ထံသို့ လှမ်းကြည့်လိုက်ကြပြီး သူမည်သို့ တုံ့ပြန်မည်ကို သိချင်နေကြလေသည်။
"ဘယ်လိုလုပ်ပြီး ဒီအခြေအနေအထိ ရောက်လာရတာလဲဆိုတော့ အုပ်ချုပ်ရေးစွမ်းရည်၊ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ကျင့်ကြံခြင်းပါရမီတွေမှာ ကျွန်တော်က အစ်ကိုတော်ကို ဘယ်နေရာမှာများ ရှုံးနေလို့လဲ။ ဒီအိမ်ရှေ့မင်းသားနေရာက ကျွန်တော့်ရဲ့နေရာ ဖြစ်သင့်တာကို အခုတော့ အကိုတော့်လက်ထဲ ရောက်သွားရတယ်။ ဘာအကြောင်းပြချက်များ ရှိလို့လဲ"
"အစ်ကိုတော်က ကျွန်တော့်ထက် နှစ်အနည်းငယ်စောပြီး မွေးလာခဲ့လို့လား"
ချင်ကျင်းယွမ်က မြင်းဇက်ကြိုးကို တင်းကျပ်စွာဆုပ်ကိုင်ရင်း သူ၏အစ်ကိုတော်အား ဒေါသတကြီး စိုက်ကြည့်လိုက်လေ၏။
ညီဖြစ်သူ၏ မေးခွန်းထုတ်မှုများကို နားထောင်ရင်း ပထမမင်းသားက သက်ပြင်းချလိုက်ရာ သူ၏မျက်လုံးများထဲတွင် ဝမ်းနည်းပူဆွေးမှုများ ပေါ်လွင်နေပေသည်။ "ညီတော့်အတွက် ဒီဧကရာဇ်ပလ္လင်က အဲဒီလောက်တောင် အရေးကြီးနေတာလား။ ဒီနေ့ မင်းဒီလမ်းကို လျှောက်မယ်ဆိုတာကိုသာ ကိုယ်တော်ကြိုသိခဲ့ရင် ဒီချင်တိုင်းပြည်ရဲ့ ရာဇပလ္လင်ကို ကိုယ်တော် မယူဘဲနေလိုက်မှာပဲ"
"ဟားဟားဟား" ချင်ကျင်းယွမ်က ရူးသွပ်စွာ ရယ်မောလိုက်လေသည်။ "စကားတွေကို ဒီလောက်တောင် ရက်ရက်ရောရော ပြောနေတာက အခြေအနေအရပ်ရပ်က ဆုံးဖြတ်ပြီးသွားလို့ မဟုတ်ဘူးလား။ ကျွန်တော်က နောက်ဆုတ်လို့မှ မရတော့တာ"
"ကျင်းယွမ် မင်းနဲ့ငါက မိခင်တစ်ဝမ်းတည်းက မွေးဖွားလာတဲ့ ညီအစ်ကိုအရင်းတွေကွ" ပထမမင်းသားက ဒေါသတကြီး ပြောလိုက်၏။
"တော်ဝင်မိသားစုမှာ အစက်ဆုပ်ရဆုံးက ညီအစ်ကိုသံယောဇဉ်ပဲ" ချင်ကျင်းယွမ်က တည်ငြိမ်သော မျက်နှာထားဖြင့် သူ၏အစ်ကိုတော်ကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။ "ပထမမင်းသား ထပ်ပြောနေစရာ မလိုတော့ပါဘူး။ တိုက်ခိုက်ကြရအောင်"
ထိုသို့ပြောပြီးနောက် ချင်ကျင်းယွမ်က ဟူမြို့စားကြီး ယန်လျိုယွင်ကို ဦးညွှတ်ကာ ဆိုလေ၏။ "စစ်သူကြီး ကျွန်တော့်ကို မြို့ကိုတိုက်ခိုက်ဖို့ ကူညီပေးပါလို့ တောင်းဆိုချင်ပါတယ်။ အကယ်၍ ကျွန်တော်သာ ချင်တိုင်းပြည်ရဲ့ဘုရင် ဖြစ်လာခဲ့ရင် ချင်နဲ့ ကျင်းတိုင်းပြည်ကြားက မဟာမိတ်ဆက်ဆံရေးကို မျိုးဆက်အဆက်ဆက် ထိန်းသိမ်းသွားမှာပါ။ ဒါ့အပြင် ချင်တိုင်းပြည်ရဲ့ ပြည်နယ်သုံးခုကိုလည်း စစ်သူကြီးကို ပေးအပ်ဖို့ လိုလိုလားလား ရှိပါတယ်"
"ကောင်းပြီ" ယန်လျိုယွင်က လက်ဝှေ့ယမ်းလိုက်ရာ သူ၏အသံက တပ်မတော်ကြီးတစ်ခွင်လုံးသို့ ပဲ့တင်ထပ်သွားပေသည်။ "တပ်သားအားလုံး ငါ့အမိန့်ကို နားထောင်ကြ မြို့ကိုတိုက်ခိုက်ကြ"
ယန်လျိုယွင်၏ စကားအဆုံးတွင် ကျင်းတိုင်းပြည်တပ်မတော်ကြီးက ရှေ့သို့ အဟုန်ပြင်းစွာ ချီတက်သွားကြလေတော့သည်။
သို့သော် ချင်တိုင်းပြည်၏ အရေးကြီးဆုံးသော ကာကွယ်ရေးခံတပ်တစ်ခုအနေဖြင့် ဟွိုင်ရှန်းတောင်ကြားတံခါးမှာ ကာကွယ်ရန်လွယ်ကူပြီး တိုက်ခိုက်ရန်ခက်ခဲသော နေရာတစ်ခုဟု ဆိုနိုင်ပေသည်။ ဤမျှလွယ်ကူစွာဖြင့် မည်သို့လျှင် ကျိုးပေါက်သွားနိုင်မည်နည်း။
ပထမမင်းသားကိုယ်တိုင်ကလည်း သာမန်လူတစ်ယောက်မဟုတ်ဘဲ ယခင်က စစ်မြေပြင်တွင် တပ်များကို ဦးဆောင်ခဲ့ဖူးသူဖြစ်ပေသည်။
ထို့အပြင် ပထမမင်းသားကိုယ်တိုင် စစ်မြေပြင်တွင် ရှိနေသဖြင့် ချင်တိုင်းပြည်စစ်သည်များ၏ တိုက်ခိုက်လိုစိတ်က ပို၍ပင် မြင့်တက်နေလေ၏။
မျက်စိတစ်မှိတ်အတွင်း လေးလတိတိ အချိန်ကုန်လွန်သွားခဲ့ချေပြီ။
ကျင်းတိုင်းပြည်အနေဖြင့် နည်းလမ်းပေါင်းစုံကို အသုံးပြုခဲ့သော်လည်း မည်သည့်တိုးတက်မှုမျှ မရရှိခဲ့ပေ။
ဆန့်ကျင်ဘက်အားဖြင့် ချူတိုင်းပြည်ဘက်တွင်မူ ရှောင်မိုနှင့် ရှာဟောက်နန်တို့က စစ်မျက်နှာနှစ်ခုခွဲကာ ချူတိုင်းပြည်အတွင်းသို့ ချီတက်နေကြသဖြင့် ချူတိုင်းပြည်၏ အခြေအနေမှာ တစ်နေ့တခြား ပို၍တင်းမာလာနေလေသည်။
ဤလေးလအတွင်း ချူတိုင်းပြည်ရှိ မြို့မည်မျှကို သိမ်းပိုက်နိုင်ခဲ့သည်ကိုပင် မသိနိုင်တော့ပေ။
ယန်တိုင်းပြည် စစ်မျက်နှာပြင်၏ အခြေအနေမှာလည်း အဆင်ပြေလှသည်တော့ မဟုတ်ပေ။
အနောက်ပိုင်းကာကွယ်ရေးမင်းသားသည် ပိုင်ချီအမည်ရှိသော လူငယ်စစ်သူကြီးတစ်ဦးကို အကြီးအကျယ် အသုံးပြုနေလေ၏။ ကောလာဟလများအရ ထိုစစ်သူကြီးသည် အတိတ်က ဆီးနှင်းမင်းသား၏ အမူအကျင့်မျိုးရှိပြီး စစ်ချီရာနှင့် တိုက်ခိုက်ရာတွင် အလွန်ဖန်တီးဉာဏ်ကောင်းကာ မကြာခဏဆိုသလို မမျှော်လင့်ထားသည့် လုပ်ရပ်များကို လုပ်ဆောင်တတ်သည်ဟု ဆိုကြသည်။
ယန်တိုင်းပြည်တပ်မတော်၏ မူလအသာစီးရမှုမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ချင်တိုင်းပြည်တပ်မတော်ကပင် တဖြည်းဖြည်း အသာစီးရလာနေလေသည်။
"အရှင်မင်းသား မင်းသားရဲ့တပ်သား တစ်သိန်းခွဲက မြို့ကို လုံးဝမတိုက်ခိုက်ဘဲ ကျွန်တော်တို့ ကျင်းတိုင်းပြည်စစ်သည်တွေ မြို့ရိုးပေါ်မှာ သေဆုံးနေတာကို ဒီတိုင်းရပ်ကြည့်နေကြတာ။ ဒါက သင့်တော်ရဲ့လား"
စစ်စခန်းအတွင်း၌ ကျန်းကန်လင်းအမည်ရှိသော လူတစ်ယောက်က ချင်ကျင်းယွမ်အား ဤရက်များအတွင်း စုပုံလာခဲ့သော ဒေါသများအပြည့်ဖြင့် ပြောလိုက်လေသည်။
ချင်ကျင်းယွမ်က သူ့အား လျစ်လျူရှုထားသည့်ဟန်ဖြင့် ကြည့်ကာ ဆို၏။ "ငါ့နောက်ကိုလိုက်လာတဲ့ စစ်သည် တစ်သိန်းခွဲရှိပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ချင်တိုင်းပြည်ကလာတာဖြစ်ပြီး မြို့ရိုးပေါ်က စစ်သည်တွေနဲ့ မျိုးနွယ်တူ၊ အရင်းအမြစ်တူတွေပဲလေ။ အကယ်၍ သူတို့သာ မြို့ရိုးပေါ်တက်ပြီး တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်ရေးစွမ်းရည် ဘယ်လောက်များ ထုတ်သုံးနိုင်မှာတဲ့လဲ"
"ဒါ့အပြင် ငါသာမရှိဘူးဆိုရင် မင်းတို့ကောင်တွေ ငါ့ချင်တိုင်းပြည်ရဲ့ နယ်စပ်ထဲကို ဝင်လာဖို့နေနေသာသာ ဒီဟွိုင်ရှန်းတောင်ကြားတံခါးရဲ့ တံခါးဝကိုတောင် ရောက်နိုင်မှာ မဟုတ်ဘူး"
"ခင်ဗျား" လက်ထောက်စစ်သူကြီး ကျန်းကန်လင်းက ချင်ကျင်းယွမ်နှင့် လက်သီး၊ ခြေထောက်များကိုသုံး၍ အကြောင်းပြချက်ကောင်းကောင်းတစ်ခု ဆွေးနွေးချင်နေသည့်အလား ရှေ့သို့ခြေလှမ်းလှမ်းရန် ပြင်လိုက်လေသည်။
သို့သော် ယန်လျိုယွင်က ကျန်းကန်လင်းကို အချိန်မီ ဆွဲထားလိုက်သည်။ "ကောင်းပြီ အားလုံး စကားနည်းနည်းလျှော့ကြပါ။ စစ်သူကြီးကျန်းက ဒေါသထွက်လွယ်တယ်။ မြို့ကိုတိုက်ခိုက်နေတာ လေးလရှိနေပြီ ဘာတိုးတက်မှုမှ မရှိသေးတော့ စိုးရိမ်ပူပန်တာ ပုံမှန်ပါပဲ။ အရှင်မင်းသားက သဘောထားကြီးကြီးထားပြီး ခွင့်လွှတ်ပေးပါ"
အမှန်တကယ်တော့ ယန်လျိုယွင်ကိုယ်တိုင်လည်း အလွန်မကျေမနပ် ဖြစ်နေပေသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ သူ၏ကျင်းတိုင်းပြည်စစ်သည်များကသာ ရှေ့တန်းမှ တိုက်ခိုက်နေရခြင်းဖြစ်သည်။ ချင်ကျင်းယွမ်ကို ပို၍ပါဝင်ကူညီရန် တောင်းဆိုတိုင်း ချင်ကျင်းယွမ်က ငြင်းပယ်ရန် နည်းလမ်းများကိုသာ ရှာဖွေနေခဲ့လေသည်။
တကယ်တော့ ချင်ကျင်းယွမ်သည် မိမိ၏တိုက်ခိုက်ရေးအင်အားကို ထိန်းသိမ်းထားရန်သာ ဤသို့လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ယန်လျိုယွင်လည်း သိရှိထား၏။ ချင်တိုင်းပြည်မြို့တော် ကျိုးပေါက်သွားချိန်တွင် မိမိအတွက် ပိုမိုမြင့်မားသော အပေးအယူလုပ်နိုင်သည့် အခွင့်အရေးများ ရှိလာလိမ့်မည်ဟု သူက ခံစားနေခြင်းဖြစ်သည်။
သို့သော် ယန်လျိုယွင်သည် နောက်ဆုံးတွင် သည်းခံလိုက်လေသည်။
ယခုအချိန်တွင် သဘောထားကွဲလွဲခြင်းက မည်သည့်အကျိုးကျေးဇူးမျှ ရှိမည်မဟုတ်ပေ။ ချင်တိုင်းပြည်ကို အပြီးတိုင်သိမ်းပိုက်ပြီးနောက် အင်အားစုသုံးခုက ချင်တိုင်းပြည်ကို ခွဲဝေကြချိန်ကျမှသာ သူဘာလုပ်နိုင်သည်ကို စောင့်ကြည့်ရပေမည်။
"ဒါနဲ့ အခု ကျွန်တော်တို့တွေ တန့်နေတာက တကယ်တော့ ဖြေရှင်းချက်တစ်ခုတော့ မဟုတ်ဘူး။ အရှင်မင်းသားမှာများ ထူးချွန်ပြောင်မြောက်တဲ့ အကြံအစည်တွေ ရှိနေမလားလို့ စဉ်းစားမိပါတယ်" ယန်လျိုယွင်က ချင်ကျင်းယွမ်ကို မေးလိုက်၏။
သူတို့အနေဖြင့် ချင်တိုင်းပြည်မြို့တော်ကို မချိုးဖျက်နိုင်လျှင် ချင်ကျင်းယွမ် စိုးရိမ်ပူပန်မှု မရှိဘဲ နေမည်ဟု သူ မယုံကြည်ပေ။
"ထူးချွန်ပြောင်မြောက်တဲ့ အကြံအစည်လို့တော့ မဆိုလိုပါဘူး ဒါပေမယ့် ကျွန်တော့်မှာ နည်းလမ်းတစ်ခုတော့ ရှိတယ်။ စစ်သူကြီးက အဲဒီနည်းလမ်းကို အကောင်အထည်ဖော်ရဲသလား ဆိုတာတော့ မသိဘူး" ချင်ကျင်းယွမ်က လှောင်ပြုံးပြုံးလိုက်လေသည်။
"ကျင်းမင်းသား လွတ်လွတ်လပ်လပ် ပြောပါ" ယန်လျိုယွင်က ပြုံးလျက် မေးလိုက်၏။
ချင်ကျင်းယွမ်က ရှေ့သို့တက်လာပြီး သဲစားပွဲပေါ်တွင် မျဉ်းတစ်ကြောင်းဆွဲလိုက်သည်။ "အကယ်၍ ကျွန်တော်တို့သာ သားရဲနက်တောအုပ်ထဲကနေ ချီတက်မယ်ဆိုရင် ဟွိုင်ရှန်းတောင်ကြားတံခါးကို တိုက်ရိုက်ရှောင်ကွင်းသွားနိုင်ပြီး ဟွိုင်ရှန်းမြို့ကို အနောက်ဘက်ကနေ တိုက်ခိုက်လို့ရတယ်"
"ခင်ဗျား ဘာတွေပြောနေတာလဲ။ ကျွန်တော်တို့ကို ငတုံးတွေလို့ ထင်နေတာလား"
လက်ထောက်စစ်သူကြီး ကိုက်ကျင်းက ဒေါသတကြီး ရှေ့သို့ ထွက်လာလေသည်။
"သားရဲနက်တောအုပ်ထဲက အဆိပ်ငွေ့တွေက အင်မတန် ကြောက်စရာကောင်းတယ်။ နဂါးတံခါးအဆင့် ကျင့်ကြံသူတွေမှသာ သူတို့ရဲ့ ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ် ထိန်းသိမ်းထားပြီး ဖြတ်သန်းနိုင်တာ။ ကျွန်တော် ခင်ဗျားကို မေးပါရစေ၊ ကျွန်တော်တို့ တပ်မတော်ထဲမှာ နဂါးတံခါးအဆင့် ကျင့်ကြံသူ ဘယ်နှယောက်ရှိလို့လဲ။ အကယ်၍ ကျွန်တော်တို့သာ သားရဲနက်တောအုပ်ကို ဖြတ်သွားမယ်ဆိုရင် ကျွန်တော်တို့ ကျင်းတိုင်းပြည်တပ်မတော်က ဘယ်နှယောက် ကျန်တော့မှာလဲ။ သားရဲနက်တောအုပ်ကို ဖြတ်ကျော်နိုင်ခဲ့ရင်တောင် ဘာဖြစ်လဲ။ ကျွန်တော်တို့က ချင်တိုင်းပြည်ကို ယှဉ်နိုင်မယ့် ပြိုင်ဘက်တွေလို့ ထင်နေလား"
ချင်ကျင်းယွမ်က ကိုက်ကျင်းကို အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်ကာ ဆက်ပြောလေ၏။
"သားရဲနက်တောအုပ်ထဲက အဆိပ်ငွေ့တွေက ပြင်းထန်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ နယ်မြေမှာ ရှိနေတုန်းက မိတ်ဆွေတွေ အများကြီးဖွဲ့ခဲ့တယ်။ ဖြတ်သန်းသွားလာနေတဲ့ ဆေးပညာကျင့်ကြံသူတစ်ယောက်နဲ့ သေရည်သောက်နေတုန်းက သူက ကျွန်တော့်ကို ဝမ်းသာအားရ ပြောပြဖူးတယ်။ နဂါးဟစ်ကြွေးသံမြက်နဲ့ ဖီးနစ်သွေးပန်းကို အဓိကပါဝင်ပစ္စည်းအဖြစ်သုံးပြီး ဆေးလုံးတစ်လုံး ဖော်စပ်လိုက်ရင် အဆိပ်ငွေ့တွေကို ငါးနာရီကြာအောင် ခံနိုင်ရည်ရှိစေတယ်တဲ့"
"မူလကတော့ သူက ဒီဆေးညွှန်းကို ကျွန်တော့်ခမည်းတော်ဆီ ဆက်သချင်ခဲ့တာ။ ဒါပေမယ့် နောက်ဆုံးတော့ ကျွန်တော်က ကြားဖြတ်ယူလိုက်တယ်"
"အဲဒီ ဆေးပညာကျင့်ကြံသူကိုတော့ သတင်းလုံသွားအောင် ကျွန်တော် သတ်ပစ်လိုက်ပြီ။ အခုလောက်ဆို သူတောင် နောက်တဘဝပြန်ဝင်စားနေလောက်ပြီ"
"ငါးနာရီဆိုတဲ့ အချိန်က ကျွန်တော်တို့ သားရဲနက်တောအုပ်ကို ဖြတ်သန်းဖို့ လုံလောက်ပါတယ်"
"သားရဲနက်တောအုပ်ကို ဖြတ်ကျော်ပြီးတာနဲ့ ဟွိုင်ရှန်းမြို့ရဲ့ နောက်ကျောကို ရောက်သွားလိမ့်မယ်"
"ဟွိုင်ရှန်းမြို့ရဲ့ အနောက်ဘက်ကာကွယ်ရေးက အလွန်အားနည်းပြီး အဲဒီမှာ တပ်စွဲထားတဲ့ တပ်သားတွေဆိုတာ နီးပါးလောက်ကို မရှိပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ အလစ်အငိုက် ဝင်တိုက်နိုင်မှာ သေချာတယ်"
"ဒါမှမဟုတ်ရင် ဟွိုင်ရှန်းတောင်ကြားတံခါးကို ခင်ဗျားတို့ လွယ်လွယ်ကူကူ သိမ်းပိုက်နိုင်မယ်လို့ ဘာလို့ထင်နေတာလဲ"
"ခင်ဗျား ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ဒီနည်းလမ်းကို အသုံးပြုပါ"
"မယုံဘူးဆိုရင်လည်း ကိုယ့်ဘာသာကိုယ် မြို့ကို တိုက်ခိုက်ကြပေါ့"
"အခု ကျွန်တော်က ပုန်ကန်ပြီး ခင်ဗျားတို့နဲ့ လှေတစ်စင်းတည်း စီးနေရတဲ့အခြေအနေမှာ ကိုယ့်အနာဂတ်ကို ကိုယ်တိုင် ဖြတ်တောက်ပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
"..."
ချင်ကျင်းယွမ်၏ စကားများကြောင့် စစ်စခန်းအတွင်းရှိ စစ်သူကြီးများအားလုံး သံသယဝင်သွားကြလေသည်။
ယန်လျိုယွင်နှင့် အခြားသူများကလည်း ချင်ကျင်းယွမ်ကို အပြည့်အဝ မယုံကြည်နိုင်ကြပေ။
သို့သော် ချင်ကျင်းယွမ်ပြောသကဲ့သို့ပင် ယခုအချိန်တွင် သူသည် ပုန်ကန်ထားပြီးဖြစ်ရာ မည်သည့်နေရာသို့ နောက်ဆုတ်နိုင်မည်နည်း။
ပုန်ကန်ယောင်ဆောင်ခြင်းနှင့်ပတ်သက်၍ဆိုလျှင်မူ ထိုအရာက လုံးဝမဖြစ်နိုင်ပေ။
အဘယ်ကြောင့်ဆိုသော် ချင်ကျင်းယွမ်ထံသို့ အရင်ချဉ်းကပ်ခဲ့သည်မှာ ကျင်းတိုင်းပြည်သာဖြစ်ပြီး ချင်ကျင်းယွမ်က ကျင်းတိုင်းပြည်ထံသို့ ချဉ်းကပ်ခဲ့ခြင်း မဟုတ်ပေ။
ထို့အပြင် ချင်ကျင်းယွမ်၏ ဘဝနှင့်ပတ်သက်၍ နန်းတွင်းမှ ကောက်ချက်ချမှုများအရ ဧကရာဇ်ပလ္လင်သည် သူ၏အသက်ကဲ့သို့ အရေးကြီးကြောင်း ကောက်ချက်ချထားသည်ကို ပြောနေရန်ပင် မလိုပေ။
ယန်လျိုယွင်သည် သူက သာမန်မင်းသားတစ်ပါးအဖြစ်သာ နေချင်သည်ဆိုခြင်းကို မယုံကြည်သကဲ့သို့ ထိုရာထူးနှင့်ပတ်သက်၍ မည်သည့်အတွေးအမြင်မျှ မရှိဘူးဆိုသည်ကိုလည်း လုံးဝမယုံကြည်ခဲ့ပေ။
"ဒါဆိုရင် ကျွန်တော်တို့ကြည့်ဖို့ ဆေးညွှန်းကို ယူလာခဲ့ပါ" စဉ်းစားပြီးနောက် ယန်လျိုယွင်က ပြောလိုက်သည်။
ချင်ကျင်းယွမ်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ဆေးညွှန်းကို ထုတ်ပေးလိုက်၏။
နောက်ဆုံးတွင် ဆေးညွှန်းကို ဖတ်ရှုပြီးနောက် ယန်လျိုယွင်က သူ၏ဘေးရှိ လက်ထောက်စစ်သူကြီးထံသို့ ကမ်းပေးလိုက်လေသည်။ "သွားပြီး ဒီဆေးညွှန်းကို တပ်ထဲက အကြီးအကဲကြိုးကြာမသေမျိုးဆီ ပေးလိုက်။ ဒီဆေးညွှန်းမှာ ပြဿနာ တစ်ခုခုရှိမရှိ သူ့ကိုကြည့်ခိုင်းလိုက်ပါ။ အကယ်၍ ပြဿနာမရှိဘူးဆိုရင် အမြန်ဆုံး ဖော်စပ်ခိုင်းလိုက်"
"ဟုတ်ကဲ့ပါ" လက်ထောက်စစ်သူကြီးက ချက်ချင်းပင် ဆေးညွှန်းကိုယူကာ အပြင်သို့ ထွက်သွားလေတော့သည်။
နောက်တစ်နေ့တွင် ကျင်းတပ်မတော်က ဆေးညွှန်းကို ဖော်စပ်ပြီးနောက် ချီသန့်စင်ခြင်းအဆင့်ရှိ စစ်သည်တစ်ဦးကို သောက်စေကာ သားရဲနက်တောအုပ်အတွင်းသို့ ဝင်ရောက်စေခဲ့သည်။
တကယ်ပင် ချင်ကျင်းယွမ်ပြောသကဲ့သို့ ဖြစ်နေခဲ့၏။
ဤဆေးလုံးက အဆိပ်ငွေ့များကို တားဆီးပေးနိုင်သည့် အာနိသင် အမှန်တကယ်ပင် ရှိနေလေသည်။
ယန်လျိုယွင်သည် လူအင်အားကို ချက်ချင်းစုရုံးကာ ဆေးဘက်ဝင်ပစ္စည်းများကို စုဆောင်းစေပြီး တပ်မတော်၏ နောက်တန်းတွင် ဆေးလုံးများကို လျှို့ဝှက်စွာ ဖော်စပ်စေခဲ့သည်။ ထို့နောက် တပ်မတော်ထံသို့ အသုတ်လိုက် ပို့ဆောင်ပေးခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ယန်လျိုယွင်က မြို့ကို ဆက်လက်တိုက်ခိုက်နေခဲ့၏။
နှစ်လကြာပြီးနောက် ဆေးလုံးပေါင်း ခုနစ်သိန်းခန့်ကို တပ်မတော်ထံ အပြည့်အဝ ပို့ဆောင်ပေးနိုင်ခဲ့သည်။
ယန်လျိုယွင်သည် အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ တပ်မတော်ကို နောက်တစ်နေ့ ယင်နာရီတွင် အစာစားစေပြီး ယင်နာရီ တစ်ဝက်ကျိုးချိန်တွင် ထွက်ခွာရန် အမိန့်ပေးလိုက်လေသည်။ မည်သည့်နေရာသို့ သွားမည်ဆိုသည်ကိုမူ အဆင့်မြင့်စစ်သူကြီးများမှလွဲ၍ မည်သူမျှ မသိကြပေ။
"စစ်သူကြီး မနက်ဖြန် ကျွန်တော်တို့ တကယ်ပဲ သားရဲနက်တောအုပ်ကို ဖြတ်သွားရမှာလား" မထွက်ခွာမီ ညပိုင်းတွင် လျှိုယင်းအမည်ရှိသော လက်ထောက်စစ်သူကြီးတစ်ဦးက ယန်လျိုယွင်၏ တဲအတွင်းသို့ ဝင်လာခဲ့သည်။ "ဒီကိစ္စမှာ တစ်ခုခုလွဲမှားနေတယ်လို့ ကျွန်တော် အမြဲခံစားနေရတယ်။ ဖော်ပြလို့မရတဲ့ ထူးဆန်းမှုတစ်ခုပဲ"
"အများကြီး မတွေးပါနဲ့" ယန်လျိုယွင်က မတ်တတ်ရပ်ကာ လျှိုယင်း၏ ပခုံးကို ပုတ်လိုက်သည်။ "ဆုံးဖြတ်ပြီးသွားမှတော့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲဆိုတာ မမေးပါနဲ့တော့။ ပြီးတော့ မင်းကို နောက်ဆုံးရ စစ်သတင်းကို ပြပေးမယ်"
လျှိုယင်းက ချူတိုင်းပြည်နှင့် ယန်တိုင်းပြည်တို့မှ နောက်ဆုံးရ စစ်သတင်းများကို ယူလိုက်ရာ သူ၏နှလုံးသားမှာ ရုတ်တရက် တုန်လှုပ်သွားလေသည်။ "ချူတိုင်းပြည်က စစ်သူကြီးရှန်က လက်နက်ချသွားပြီတဲ့လား။ ပိုင်ချီက ယန်တိုင်းပြည်တပ်မတော်ကို အနိုင်ယူပြီး ရန်သူ သုံးသိန်းကို သုတ်သင်ပစ်လိုက်တယ်"
"ဟုတ်တယ်"
ယန်လျိုယွင်က သက်ပြင်းချလိုက်၏။
"အခုဆို ချင်တိုင်းပြည်ရဲ့ စစ်ရေးစွမ်းရည်တွေက အရမ်းကို အားကောင်းနေပြီ။ ပြီးတော့ ကောင်းကင်ဘုံကလည်း ချင်တိုင်းပြည်ကို မျက်နှာသာပေးနေပုံရတယ် ဆီးနှင်းမင်းသားနဲ့ ပိုင်ချီလို လူငယ်ပါရမီရှင် နှစ်ယောက်ကို ဆက်တိုက်ဆိုသလို မွေးထုတ်ပေးလိုက်တယ်။ ရှာဟောက်နန်နဲ့ စစ်သူကြီးရှန်ဝမ်တောင်မှ ရှောင်မိုဆီမှာ လက်နက်ချသွားကြပြီ"
"ဒီလိုမျိုး ဆက်ပြီး အချိန်ဆွဲနေရင် ကျွန်တော်တို့ရဲ့ အခြေအနေက ပိုပြီးဆိုးရွားလာလိမ့်မယ်"
"ကျွန်တော်တို့ ဒီထက်ပိုပြီး အချိန်ဆွဲလို့ မရတော့ဘူး"
"မဟုတ်ရင် မတော်တဆမှုတစ်ခုခု ဖြစ်လာခဲ့ရင် ကျွန်တော်တို့ အရင်က ကြိုးစားအားထုတ်ခဲ့သမျှတွေ အလဟဿဖြစ်သွားပြီး ကျင်းတိုင်းပြည်ဆီ တပ်ဆုတ်ဖို့ပဲ တတ်နိုင်တော့မှာ"
"ဒါပေမယ့် ဒါက တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပဲ"
"အကယ်၍ ကျွန်တော်တို့သာ ချင်တိုင်းပြည်ကို ခွဲဝေနိုင်မယ်ဆိုရင် အမြင့်မားဆုံးသော ဂုဏ်ကျေးဇူးကို ရရှိနိုင်မယ်"
"အကယ်၍ မင်းသာဆိုရင်ရော... ဘာလုပ်မလဲ"
လျှိုယင်းက ခေါင်းငုံ့ထားလိုက်ပြီး စကားတစ်ခွန်းမျှ မဆိုတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤစစ်ရေးဂုဏ်ပြုမှုကို မည်သူက မလိုချင်ဘဲ နေမည်နည်း။
သူကိုယ်တိုင်ပင်လျှင် ချွင်းချက်မဟုတ်ချေ။
"ကောင်းပြီ သွားနားတော့။ အဲဒီချင်ကျင်းယွမ်ကိုတော့ ငါလည်း သတိထားစောင့်ကြည့်သွားမှာပါ။ ဒီကောင်က သူ့အသက်ကို တကယ်မလိုချင်ဘူးဆိုတာကိုတော့ ငါမယုံဘူး"
ယန်လျိုယွင်က လက်ကို နောက်ပစ်ကာ တဲအပြင်ဘက်သို့ လှောင်ပြုံးပြုံးလျက် ကြည့်လိုက်လေသည်။
ညဉ့်နက်ချိန်တွင် တဲအတွင်း၌ မင်းသမီးကျီယွဲ့မှာ အိပ်ပျော်နေပြီဖြစ်သည်။ သူမသည် ကုတင်ပေါ်တွင် ပက်လက်အိပ်ရင်း ပုံမှန်အသက်ရှူနေလေ၏။
ချင်ကျင်းယွမ်က ကုတင်ပေါ်မှထကာ လရောင်၏အကူအညီဖြင့် ဆန်စက္ကူပေါ်တွင် စုတ်တံနှင့် မှင်ကိုအသုံးပြုကာ စာလုံးတစ်လုံးပြီးတစ်လုံး ရေးချလိုက်သည်။
စာရေးပြီးနောက် ချင်ကျင်းယွမ်က မှင်ခြောက်စေရန် မှုတ်လိုက်ပြီး စာအိတ်ထဲသို့ ထည့်လိုက်၏။
ချင်ကျင်းယွမ်က ခေါင်းမော့ကာ မလှမ်းမကမ်းရှိ သူ၏ဇနီးဖြစ်သူအား ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်လေသည်။
"ဒီဘဝမှာ ကိုယ်နဲ့တွေ့ရတာ မင်းတကယ်ပဲ ကံဆိုးတာပါပဲ"
ချင်ကျင်းယွမ်က ပြုံးလိုက်ပြီး အမျိုးသမီး၏ နားရွက်နားရှိ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်သည်။
ထို့နောက် သူက သူမ၏ ခေါင်းအုံးဘေးတွင် စာအိတ်ကို ချထားလိုက်၏။
နောက်ဆုံးတွင် ချင်ကျင်းယွမ်က သူ၏လည်ပင်းမှ ကျောက်စိမ်းဆွဲကြိုးပြားကို ချွတ်လိုက်လေသည်။
သူက မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ကျောက်စိမ်းဆွဲကြိုးပြားအတွင်းရှိ မှော်ဝင်္ကပါက ထွက်ပေါ်လာပြီး မင်းသမီးကျီယွဲ့ အိပ်ပျော်နေသော ကုတင်ကို လွှမ်းခြုံသွားပေသည်။
ဤကျောက်စိမ်းဆွဲကြိုးပြားမှာ ချင်ကျင်းယွမ် အရွယ်ရောက်ချိန်တွင် ချင်တိုင်းပြည်ရဲ့ဘုရင်က သူ့အား မွေးနေ့လက်ဆောင်အဖြစ် ပေးထားခြင်းဖြစ်၏။
ပိုင်ရှင်သေဆုံးသွားခြင်းမှလွဲ၍ ချင်ကျင်းယွမ်ကလွဲပြီး ကျောက်စိမ်းသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းကို မချိုးဖျက်နိုင်ပေ။
သို့သော် ချင်ကျင်းယွမ်က အနည်းငယ် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားသဖြင့် ယခုအခါ ဤဝင်္ကပါသည် အိပ်မောကျစေသော အာနိသင်လည်း ရှိနေလေပြီ။
အရာအားလုံး ပြီးစီးသွားပြီးနောက် ချင်ကျင်းယွမ်က ထိုင်ခုံတစ်လုံးကို ရွှေ့ကာ သူအမြဲတမ်း ဆူပူကြိမ်းမောင်းလေ့ရှိသော သူ၏ဇနီးဘေးတွင် ဝင်ထိုင်လိုက်လေသည်။
ချင်ကျင်းယွမ်က သူမကို အချိန်အကြာကြီး စိုက်ကြည့်နေခဲ့ပေသည်။
နောက်တစ်နေ့ ယင်နာရီတွင် ကျင်းတပ်မတော်တစ်ခုလုံး အစာစားကြလေ၏။
ထိုအထဲမှ စစ်သည် ခုနစ်သိန်းက အဆိပ်ဖြေဆေးလုံးများကို သောက်သုံးခဲ့ကြသည်။
ယင်နာရီ ဒုတိယဆယ့်ငါးမိနစ်တွင် တပ်မတော်ကြီးတစ်ခုလုံး သားရဲနက်တောအုပ်ဆီသို့ ထွက်ခွာသွားကြလေတော့သည်။
"ကျင်းမင်းသား ဒီနေရာမှာပဲနေပြီး ကျွန်တော်တို့ရဲ့ နောက်ကျောကို လုံခြုံအောင် လုပ်ပေးပါ။ ကျွန်တော်တို့နဲ့အတူ လိုက်လာစရာ မလိုပါဘူး" မထွက်ခွာမီ ယန်လျိုယွင်က ချင်ကျင်းယွမ်ကို ပြုံးပြလိုက်သည်။ "ဒါ့အပြင် ကျင်းမင်းသား မကိုင်တွယ်နိုင်တဲ့ ကိစ္စတစ်ခုခု ဖြစ်လာခဲ့ရင် ကူညီပေးဖို့အတွက် ကျန်တဲ့ တပ်သားနှစ်သိန်းကိုလည်း ထားခဲ့ပါဦးမယ်"
"ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် မြို့စားကြီး ခရီးလမ်းချောမွေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" ချင်ကျင်းယွမ်က ပြုံးလျက် ဦးညွှတ်လိုက်၏။
ယန်လျိုယွင်က သူ့ကို ဘက်ပြောင်းသွားမည်ကို ကြောက်ရွံ့၍သော်လည်းကောင်း၊ တပ်သားတစ်သိန်းခွဲက တပ်ဖွဲ့စည်းပုံကို ရှုပ်ထွေးသွားစေမည်ကို စိုးရိမ်၍သော်လည်းကောင်း သို့မဟုတ် သူတစ်ခုခု လုပ်မည်ကို စိုးရိမ်၍သော်လည်းကောင်း မလိုက်ခိုင်းခြင်းဖြစ်ကြောင်း ချင်ကျင်းယွမ်က မည်သို့လျှင် မသိဘဲနေမည်နည်း။
ထို့အပြင် ချန်ရစ်ခဲ့သော ထိုတပ်သားနှစ်သိန်းမှာ အကူအညီပေးရန်ဟု ဆိုသော်လည်း သူ့ကို စောင့်ကြည့်ရန်မှလွဲ၍ အခြားမရှိပေ။
"ကျင်းမင်းသားရဲ့ ကောင်းမွန်တဲ့ စကားလေးတွေကို လက်ခံလိုက်ပါမယ်" ယန်လျိုယွင်က မြင်းပေါ်တက်လိုက်ရာ သူ၏ဝိညာဉ်စွမ်းအင်က တပ်မတော်တစ်ခွင်သို့ ပျံ့နှံ့သွားလေသည်။ "ထွက်ခွာကြ"
ယန်လျိုယွင်၏ အမိန့်နှင့်အတူ ဧရာမတပ်မတော်ကြီးသည် သားရဲနက်တောအုပ်ဆီသို့ ချီတက်သွားကြလေတော့သည်။
ချင်ကျင်းယွမ်က မြင်းပေါ်တွင်ထိုင်ရင်း ခုနစ်သိန်းသော တပ်မတော်ကြီး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။
နွေရာသီ လေပြေတစ်သုတ် တိုက်ခတ်လာရာ ချင်ကျင်းယွမ်က ခေါင်းမော့ကာ အပြာနုရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။
"ဇူလိုင်လ ထပ်ရောက်လာပြန်ပြီ"
ချင်ကျင်းယွမ်သည် သူ့အလိုလိုပင် သူ၏မင်္ဂလာဆောင်နေ့ကို တွေးမိသွားလေတော့သည်။
"အနီရောင်ဝတ်စုံရော၊ အဖြူရောင်ဝတ်စုံရော နှစ်ခုစလုံးက လတစ်လတည်းမှာဆိုတော့ မဆိုးပါဘူးလေ"