အခန်း ၄၂၃
Vol. 43 Ch. 423
အခန်း (၄၂၃)
“အရှင်မင်းသား... ယန်လျိုယွင်တို့က မူလလမ်းကြောင်းအတိုင်း ပြန်လှည့်ပြီး ဝင်တိုက်နေပါပြီ။ သူတို့ရဲ့ ရှေ့ပြေးတပ်က ကျွန်တော်တို့နဲ့ ဆယ်မိုင်တောင် မဝေးတော့ပါဘူး” အချိန်အနည်းငယ်အကြာတွင် နဂါးတံခါးအဆင့်ရှိ ကင်းထောက်တစ်ဦးက လာရောက်သတင်းပို့လေ၏။
ထိုစကားကို ကြားသောအခါ ချင်ကျင်းယွမ်က ခဏတာ တွေးတောလိုက်ပြီးနောက် ခေါင်းကိုမော့ကာ ဝိညာဉ်စွမ်းအင်ကိုအသုံးပြု၍ တပ်မတော်တစ်ခွင်လုံးသို့ အသံလွှင့်လိုက်သည်။ “ကိုယ့်အသက်ကို စွန့်ရဲတဲ့သူတွေ ငါ့နောက်ကိုလိုက်ခဲ့... သားရဲနက်တောအုပ်ထဲကို ဝင်တိုက်ကြမယ်”
မင်းသား၏ အမိန့်ကို ကြားသည်နှင့် တစ်ပြိုင်နက် ပိုမိုများပြားလာသော စစ်သည်များက ဝိုင်းရံနေသည့် ကျင်းတိုင်းပြည်တပ်မတော်ကို တွန်းဖယ်ကာ တိုက်ခိုက်ရင်း ဆုတ်ခွာလာကြပြီး သားရဲနက်တောအုပ်အတွင်းသို့ အလုအယက် ပြေးဝင်သွားကြလေတော့သည်။
ချင်ကျင်းယွမ်၏ လက်အောက်ရှိ တပ်သားတစ်သောင်းခွဲတွင် အဆိပ်ဖြေဆေးလုံးများ မရှိသည့်အတွက် သားရဲနက်တောအုပ်ထဲသို့ ဝင်ရောက်ပြီး နာရီဝက်အတွင်း အဆိပ်သင့်ကာ သေဆုံးကြရမည်သာ ဖြစ်ပေသည်။
သို့ရာတွင် သူတို့က ထိုအချက်ကို လုံးဝဂရုမစိုက်ခဲ့ကြချေ။
ချင်ကျင်းယွမ် လုပ်ချင်သည့်အရာမှာ မည်သည့်ပေးဆပ်မှုမျိုးကိုမဆို ရင်းနှီးကာ သားရဲနက်တောအုပ်ကို ယန်လျိုယွင်တပ်မတော်၏ သင်္ချိုင်းမြေဖြစ်လာစေရန်သာ ဖြစ်လေ၏။
“ဝင်တိုက်ကြ... သူတို့ကို သတ်ကြ... အထဲကို ဝင်တိုက်ကြ”
သားရဲနက်တောအုပ်၏ အပြင်ဘက်တွင် ကျင်းတိုင်းပြည်စစ်သူကြီးတစ်ဦးက အဆက်မပြတ် အော်ဟစ်နေခဲ့သော်လည်း မည်သူကမျှ ချင်တိုင်းပြည်တပ်မတော်ကဲ့သို့ သားရဲနက်တောအုပ်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ရန် မဝံ့ရဲကြပေ။
အဘယ်ကြောင့်ဆိုသော် အဆိပ်ဖြေဆေးလုံး သောက်သုံးထားခြင်း မရှိပါက သူတို့ သေချာပေါက် သေဆုံးရမည်ကို သိနေသောကြောင့်ပင်။
“ဝင်တိုက်လို့ ငါပြောနေတယ်လေ... မင်းတို့ မကြားဘူးလား”
ဝမ်ယိုက သူ၏တပ်ကို ဦးဆောင်ကာ ချင်ကျင်းယွမ်နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သော်လည်း တပ်မတော်မှာ သားရဲနက်တောအုပ်ရှေ့တွင် ရပ်တန့်သွားခဲ့ပြီး မည်သူမျှ တစ်လက်မပင် ရှေ့သို့မတိုးရဲကြချေ။
အခြားတစ်ဖက်တွင်မူ ယန်လျိုယွင်က သူ၏တပ်မတော်ကို ဦးဆောင်ကာ အပြင်းအထန် နောက်ဆုတ်၍ ပြန်လည်ဝင်တိုက်လာချိန်နှင့် တိုက်ဆိုင်နေပေသည်။
ချင်ကျင်းယွမ်က သံချပ်ကာမြင်းသည်တော် သောင်းချီကို ဦးဆောင်ကာ နောက်ထပ် တပ်သားသောင်းချီနှင့်အတူ သူ့ထံသို့ အရှိန်ပြင်းပြင်းဖြင့် ချီတက်လာနေသည်ကို ယန်လျိုယွင် မြင်တွေ့လိုက်ရလေ၏။
“ချင်ကျင်းယွမ်... မင်းလို တိရစ္ဆာန်ကောင်... သွားသေလိုက်စမ်း” ယန်လျိုယွင်က ဒေါသတကြီးဖြင့် သူ၏စစ်လက်နက် ဧရာမလှံရှည်ကြီးကို ကိုင်ဆောင်ကာ မြင်းကိုဒေါက်ခတ်၍ ရှေ့သို့ ထွက်လာခဲ့လေသည်။
“ခင်ဗျားမှာ စွမ်းရည်ရှိရင် လာယူလှည့်လေ”
ချင်ကျင်းယွမ်က မည်သည့်ကြောက်ရွံ့မှုမျှ မပြဘဲ သူ၏လှံရှည်ကြီးကို ရှေ့သို့ ထိုးစိုက်လိုက်သည်။
တပ်မတော်နှစ်ရပ်မှာ ပြင်းထန်သော တိုက်ပွဲကြီးအတွင်းသို့ ရောက်ရှိသွားကြလေတော့သည်။
ချင်တိုင်းပြည်မှ စစ်သည်သိန်းချီတို့သည် ကျင်းတိုင်းပြည်တပ်မတော်ထံသို့ အမီလိုက်လာခဲ့ကြပြီး စစ်ကြောင်း၏ နောက်ပိုင်းတွင်မူ ဓားလှံလက်နက်များ ရိုက်ခတ်သံများနှင့်အတူ အပြင်းအထန် တိုက်ခိုက်နေကြပြီ ဖြစ်ပေသည်။
သို့ရာတွင် သူတို့သည် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံနေရပြီး သားရဲနက်တောအုပ်မှ လွတ်မြောက်ခြင်းကသာ အသက်ရှင်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေသောကြောင့် ကျင်းတိုင်းပြည်တပ်မတော်ထံမှ ပြင်းထန်လှသော အသက်ရှင်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာကာ သူတို့၏ တိုက်ခိုက်မှု ဖိအားအားလုံးကို ချင်ကျင်းယွမ်ထံသို့ ပုံချလိုက်ကြလေ၏။
သို့သော် ချင်ကျင်းယွမ် ဦးဆောင်သော တပ်မတော်က သံမဏိတံတိုင်းကြီးတစ်ခုအလား ကျင်းတိုင်းပြည်တပ်မတော်ကို သေရမည်ကိုပင် မကြောက်ရွံ့ဘဲ ပိတ်ဆို့ထားခဲ့ပေသည်။
“ချင်ကျင်းယွမ်... မင်း အခုနောက်ဆုတ်သွားမယ်ဆိုရင် မင်းအသက်ကို ချန်ထားပေးလို့ရသေးတယ်။ မင်း ဒီမှာ ဆက်နေမယ်ဆိုရင်တော့ ငါနဲ့အတူ ဒီမှာ သေဖို့သာ စောင့်နေလိုက်တော့” ချင်ကျင်းယွမ်နှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ယန်လျိုယွင်က အေးစက်စွာ ပြောလိုက်လေသည်။
ချင်ကျင်းယွမ်၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးတက်သွားပြီး ပြုံးလျက် ဆို၏။ “ဒီနေရာမှာ သေရတာကလည်း တော်တော်လေး ကောင်းပါတယ်”
“မင်းက ကိုယ့်အသက်ကို စွန့်လွှတ်ဖို့ တကယ်ပဲ ဆန္ဒရှိနေတာလား” ယန်လျိုယွင်၏ မျက်လုံးများထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
ချင်ကျင်းယွမ်က မည်သို့မျှ ပြန်လည်မဖြေကြားခဲ့သော်လည်း သူ၏လှံရှည်ကြီးက သူ့အတွက် အဖြေပေးလိုက်ပြီဖြစ်၏။
အေးစက်သော အလင်းတန်းတစ်ခုက ယန်လျိုယွင်၏ မျက်ခုံးနှစ်ခုကြားဆီသို့ ထိုးစိုက်ဝင်ရောက်သွားကာ နှစ်ဖက်စလုံး ထပ်မံ၍ အသေအလဲ ရင်ဆိုင်တိုက်ခိုက်ကြပြန်လေသည်။
ချင်ကျင်းယွမ်မှာ ရွှေအမြူတေအဆင့် အစောပိုင်းအဆင့်တွင်ရှိပြီး ယန်လျိုယွင်ကမူ ရွှေအမြူတေအဆင့် အလယ်အလတ်အဆင့်တွင် ရှိပေသည်။
ချင်ကျင်းယွမ်၏ ကျင့်ကြံခြင်းအဆင့် အရည်အသွေးက နိမ့်ကျမနေသည့်အပြင် သူ့ထံတွင် မှော်ရတနာများစွာ ရှိနေသော်ငြား ယန်လျိုယွင်ကိုယ်တိုင်ကလည်း သာမန်လူတစ်ယောက် မဟုတ်ချေ။
အဆင့်ငယ်တစ်ခု ကွာဟနေမှုနှင့်အတူ ချင်ကျင်းယွမ်သည် အရေးနိမ့်သော အနေအထားသို့ ရောက်ရှိသွားလေတော့သည်။
ထို့အပြင် ချင်ကျင်းယွမ် ဦးဆောင်သော တပ်သားတစ်သောင်းခွဲမှာ ရန်သူ့တပ်သား သောင်းချီ၏ အပြင်းအထန် ဝင်ရောက်တိုက်ခိုက်မှုများကို ခက်ခဲစွာ တောင့်ခံနေရပြီး မကြာမီ ပြိုလဲသွားတော့မည့်ပုံ ပေါ်နေပေသည်။
“သွားသေလိုက်စမ်း”
အခွင့်အရေးတစ်ခုကို ရရှိသွားသည်နှင့် ယန်လျိုယွင်က ပန်းချီလိပ်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏အဆီအနှစ်သွေးတစ်စက်ကို ထိုပန်းချီလိပ်ပေါ်သို့ ထိလိုက်လေသည်။
ယန်လျိုယွင်က သူ၏အသက်ဝိညာဉ် မှော်လက်နက်ဖြစ်သော သရုပ်လေးပါး ပုံရိပ်ယောင် ဝင်္ကပါပန်းချီကို ဆင့်ခေါ်လိုက်ခြင်းပင်။
ပန်းချီလိပ် ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သရုပ်လေးပါး ပုံရိပ်ယောင် ဝင်္ကပါက စက္ကူပေါ်မှ ကွာကျလာကာ ချင်ကျင်းယွမ်ကို ရစ်ပတ်လွှမ်းခြုံသွားလေတော့သည်။
ယန်လျိုယွင်က မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ ဧရာမဆွဲငင်အားကြီးတစ်ခုက ချင်ကျင်းယွမ်ကို ပန်းချီလိပ်ထဲသို့ ဆွဲသွင်းသွားပေသည်။
“ကျစ်... ငါ့ရဲ့ သက်တမ်း အနှစ်ငါးဆယ်ကိုတောင် ဖြုန်းတီးပစ်ရတယ်လို့။ မင်းဒီဝင်္ကပါပန်းချီကားထဲမှာ သွေးပြည်တွေအဖြစ် အရည်ပျော်သွားလိုက်တော့”
ယန်လျိုယွင်က ချောင်းဆိုးလိုက်ရင်း ဝင်္ကပါပန်းချီကို သိမ်းဆည်းလိုက်ကာ ရှေ့သို့ ဆက်လက်၍ ချီတက်သွားလေသည်။
ဝင်္ကပါပန်းချီကားထဲတွင်မူ ချင်ကျင်းယွမ်မှာ ဟင်းလင်းပြင်တစ်ခုအတွင်း လွင့်မျောနေခဲ့၏။
သူက မျက်လုံးများကိုမှိတ်ကာ နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးက သူ၏ရုပ်ခန္ဓာကို တဖြည်းဖြည်း ဝါးမြိုသွားလေတော့သည်။
အချိန်အနည်းငယ်အကြာတွင် ချင်ကျင်းယွမ်၏ မျက်ခုံးများက တွန့်ချိုးသွားပြီးနောက် တဖြည်းဖြည်း ပြန်လည်ပြေလျော့သွားကာ အရာတစ်ခုခုကို အိပ်မက်မက်နေသည့်နှယ် ရှိလေသည်။
“မွေးပြီ... မွေးပါပြီ အရှင်မင်းကြီး။ မိဖုရားကြီးရှီက သမီးတော်လေးကို မွေးဖွားလိုက်ပါပြီ”
နန်းတွင်းအစေခံမလေးတစ်ဦးက အခန်းထဲမှ ပြေးထွက်လာရင်း ဝမ်းသာအားရ အော်ဟစ်လိုက်လေ၏။
“ကောင်းတယ် ကောင်းတယ် ကောင်းတယ်ကွာ” ချင်တိုင်းပြည်ရဲ့ဘုရင်က ကောင်းတယ် ဟု သုံးကြိမ်ဆက်တိုက် ရေရွတ်လိုက်ပြီးနောက် အိပ်ဆောင်အတွင်းသို့ အလျင်အမြန် ဝင်ရောက်သွားခဲ့သည်။
“ညီတော် ငါတို့လည်း နှမတော်လေးကို သွားကြည့်ရအောင်” ချင်ကျင်းယွမ်၏ လက်ကောက်ဝတ်ကို သူ့ထက် သုံးနှစ်ကြီးသော အစ်ကိုတော်ဖြစ်သူက ဆွဲကိုင်လိုက်ပြီး မိခင်ဖြစ်သူ၏ အိပ်ဆောင်အတွင်းသို့ ဝမ်းသာရွှင်မြူးစွာ ဆွဲခေါ်သွားလေသည်။
ချင်ကျင်းယွမ်က အနှီးထုပ်ထဲတွင် ငိုယိုနေသော ကလေးငယ်လေးကို ကြည့်ကာ မနေနိုင်တော့ဘဲ လက်ညိုးလေးကိုဆန့်ထုတ်၍ ကလေးငယ်၏ ပါးပြင်လေးကို ညင်သာစွာ ထိုးစမ်းကြည့်လိုက်၏။
ကလေးငယ်လေးက သူမအစ်ကို၏ လက်ညိုးလေးကို ဆုပ်ကိုင်လိုက်ပြီး ပို၍ပင် ကျယ်လောင်စွာ ငိုယိုလာလေတော့သည်။
“ဒါက သားတို့ရဲ့ နှမတော်လေးပဲ” မိဖုရားကြီးရှီက သူမ၏ သားနှစ်ယောက်နှင့် ယခုလေးတင် မွေးဖွားထားသော သမီးငယ်လေးကို ကြည့်ကာ ပြုံးလျက် ဆိုသည်။ “ဒီနေ့ကစပြီး သားတို့နှစ်ယောက်က အစ်ကိုတွေအနေနဲ့ နှမတော်လေးကို ကောင်းကောင်း ကာကွယ်စောင့်ရှောက်ပေးရမယ် နားလည်လား”
“ဟုတ်ကဲ့... နားလည်ပါပြီ မယ်တော်” ပထမမင်းသားနှင့် ချင်ကျင်းယွမ်တို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ “ဘာပဲဖြစ်လာဖြစ်လာ သားတို့ နှမတော်လေးကို သေချာပေါက် ကောင်းကောင်း ကာကွယ်ပေးမှာပါ”
“ဒုတိယအစ်ကိုတော် တိုက်ပါ”
“အစ်ကိုတော်ကြီး မြန်မြန်လုပ်”
“မကြောက်နဲ့ ဒုတိယအစ်ကိုတော် သွား”
ဂါဝန်လေး ဝတ်ဆင်ထားသော သုံးနှစ်အရွယ် မိန်းကလေးငယ်လေးမှာ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်လျက် သူမ၏ အစ်ကိုတော်ကြီးနှင့် ဒုတိယအစ်ကိုတော်တို့ လှံသိုင်းယှဉ်ပြိုင်နေသည်ကို စောင့်ကြည့်နေလေသည်။
ချင်ကျင်းယွမ်က သူ၏အစ်ကိုတော်ကြီးကို အနိုင်ယူနိုင်ရန် အစွမ်းကုန် ကြိုးစားနေခဲ့၏။
သို့ရာတွင် အကြိမ်ခုနစ်ဆယ်ခန့် ယှဉ်ပြိုင်ပြီးနောက် ပထမမင်းသား၏ လှံရှည်က လှစ်ခနဲ ပင့်ထုတ်ကာ ကာကွယ်လိုက်ရာ ချင်ကျင်းယွမ်၏ လှံမှာ လွင့်စဉ်သွားပြီး မြေကြီးထဲသို့ စိုက်ဝင်သွားလေတော့သည်။
“ကျွန်တော် ရှုံးသွားပြီ” ချင်ကျင်းယွမ်က သက်ပြင်းချလိုက်ရာ သူ၏မျက်လုံးများထဲတွင် မကျေချမ်းမှုများ ပြည့်နှက်နေပေသည်။ “ဒါပေမယ့် နောက်တစ်ခါကျရင်တော့ အစ်ကိုတော်ကြီးကို သေချာပေါက် အနိုင်ယူပြမယ်”
ပထမမင်းသားက လျှောက်လာပြီး ညီဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ “အနာဂတ်မှာ မင်းက ငါ့ကို သေချာပေါက် ကျော်တက်သွားနိုင်မယ်လို့ အစ်ကိုတော်လည်း ယုံကြည်ပါတယ်။ တကယ်တော့ ကျင်းယွမ်... မင်းက အကိုတော့်ထက် ပိုပြီးတော့တောင် စွမ်းဆောင်နိုင်ပါသေးတယ်။ အစ်ကိုတော်က မင်းထက် သုံးနှစ်ကြီးလို့ သိုင်းပညာကို သုံးနှစ်ပိုပြီး သင်ယူခွင့်ရခဲ့တာလေ။ အကယ်၍ အစ်ကိုတော်သာ မင်းအရွယ်မှာဆိုရင် မင်းကို တကယ်ပဲ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”
“ရှုံးတာက ရှုံးတာပါပဲ... ချင်တိုင်းပြည်က ယောက်ျားတစ်ယောက်အနေနဲ့ ဆင်ခြေမပေးတတ်ဘူး” ချင်ကျင်းယွမ်က သူ၏အစ်ကိုတော်ကြီး၏ လက်ကို တွန်းဖယ်လိုက်လေ၏။
“ဟုတ်တယ် ဟုတ်တယ်... ဒုတိယအစ်ကိုတော် ရှုံးပြီ။ လာ လာ... စီယောင်က မြင်းစီးချင်တယ်” ခြေတံတိုတိုလေးများနှင့် သုံးနှစ်အရွယ် မိန်းကလေးငယ်လေးက ဝမ်းသာအားရ လျှောက်လာပြီး သူမ၏ ဒုတိယအစ်ကိုတော်၏ ဘောင်းဘီစကို ဆွဲကိုင်လိုက်သည်။ “ရှုံးတဲ့သူက စီယောင့်ကို မြင်းစီးပေးရမယ် သိလား”
ချင်ကျင်းယွမ်၏ မျက်နှာထားမှာ အနည်းငယ် ရှက်ရွံ့သွားသော်လည်း နောက်ဆုံးတွင်မူ သူ၏သုံးနှစ်အရွယ် နှမငယ်လေးကို ပခုံးပေါ်တွင် တင်ပိုးပေးလိုက်ရလေသည်။
“ဟီး... ဟီး... မြင်းစီးမယ် ဟီး...”
ချင်စီယောင်က သူမ၏ ဒုတိယအစ်ကိုတော်၏ ခေါင်းကို ဖက်ထားရင်း ပျော်ရွှင်စွာ အော်ဟစ်နေခဲ့သည်။
ပထမမင်းသားက သူ၏နှမငယ်လေး ပြုတ်ကျသွားမည်ကို စိုးရိမ်သဖြင့် ဘေးမှနေ၍ လိုက်ပါလာခဲ့၏။
မြင်း အဖြစ် အသုံးချခံနေရသော ချင်ကျင်းယွမ်ကိုယ်တိုင်ပင်လျှင် ညီအစ်ကိုမောင်နှမ သုံးယောက် အမြဲတမ်း ဤမျှပျော်ရွှင်နေနိုင်တော့မည့်အလား ပြုံးရွှင်နေခဲ့ပေသည်။
“ခမည်းတော်ကို ဂါရဝပြုပါတယ်”
ချင်ကျင်းယွမ် အသက်ဆယ့်ခြောက်နှစ်နှင့် ပထမမင်းသား အသက်ဆယ့်ကိုးနှစ် အရွယ်သို့ ရောက်သောအခါ သူတို့နှစ်ဦးစလုံးကို ချင်တိုင်းပြည်ရဲ့ဘုရင်က စာကြည့်ဆောင်သို့ ခေါ်ယူလိုက်လေသည်။
“အင်း”
ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏သားနှစ်ယောက်ကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။
“ငါတို့ရဲ့ ချင်တိုင်းပြည်ကို တည်ထောင်ခဲ့ကတည်းက မင်းသားတွေဆိုတာ အလိုလိုက်ခံထားရတဲ့ အသုံးမကျတဲ့သူတွေ မဟုတ်ဘူး။ ကျင်းယွမ်... မင်းလည်း မငယ်တော့ဘူး။ ဒီနေ့ကစပြီး မင်းတို့နှစ်ယောက်စလုံး ကိုယ်ပိုင်အဖွဲ့အစည်းတွေ ဖွဲ့စည်းလို့ရပြီ။ ပြီးတော့ မင်းတို့ရဲ့ အရည်အချင်းတွေ ဘယ်လိုရှိလဲဆိုတာ သိရအောင် နိုင်ငံတော်ရေးရာ ကိစ္စအချို့ကို စီမံခန့်ခွဲဖို့ ကိုယ်တော် လွှဲပြောင်းပေးမယ်”
ချင်တိုင်းပြည်ရဲ့ဘုရင်က သူ၏ဒုတိယသားတော်ကို လက်ညိုးထိုးကာ ပြုံးလျက် ဆိုသည်။ “ကျင်းယွမ်... မင်းက အစ်ကိုတော်ကြီးနဲ့ အမြဲတမ်း ယှဉ်ပြိုင်ချင်နေတာ မဟုတ်ဘူးလား။ မင်းရဲ့ အစ်ကိုတော်ကြီးကို အနိုင်ယူနိုင်မလား ဆိုတာကို ကိုယ်တော် စောင့်ကြည့်မယ်”
“အစ်ကိုတော်ကြီး... ဧကရာဇ် ဖြစ်ချင်သလား”
တစ်နေ့တွင် ချင်ကျင်းယွမ်နှင့် သူ၏အစ်ကိုတော်ကြီးတို့ ဓားသိုင်းလေ့ကျင့်ပြီးနောက် မြက်ခင်းပြင်ပေါ်တွင် အတူတကွလှဲလျောင်းကာ ကောင်းကင်ကို ကြည့်နေခဲ့ကြသည်။
ယခုအခါ အသက်ဆယ့်တစ်နှစ်အရွယ်ရှိပြီဖြစ်သော ချင်စီယောင်မှာမူ မလှမ်းမကမ်းတွင် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေလေ၏။
ပထမမင်းသားက အဝေးတွင် လိပ်ပြာများကို လိုက်ဖမ်းနေသော သူ၏နှမငယ်လေးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘေးရှိ ညီဖြစ်သူကိုပါ ကြည့်လိုက်သည်။ ခဏတာ တွေးတောပြီးနောက် သူက ခေါင်းညိတ်ကာ ဆိုလေသည်။ “အင်း”
“အဲဒီလိုလား” ချင်ကျင်းယွမ်က တွေးတွေးဆဆဖြင့် တုံ့ပြန်လိုက်၏။
“မင်းရော... ညီတော်” ပထမမင်းသားက ချင်ကျင်းယွမ်ကို မေးလိုက်သည်။
“ကျွန်တော်... ကျွန်တော်လည်း ဖြစ်ချင်တယ်” ချင်ကျင်းယွမ်က ထိုင်လိုက်ပြီး သူ၏အစ်ကိုတော်ကြီးကို လေးနက်စွာ ပြောလိုက်လေသည်။ “ကျွန်တော် အစ်ကိုတော်ကြီးကို အရှုံးပေးမှာ မဟုတ်ဘူး”
“ဟားဟားဟား... ဒါက ကောင်းတာပေါ့” ပထမမင်းသားက ရယ်မောလိုက်ပြီး ညီဖြစ်သူ၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ “ဒါဆိုရင် ကျင်းယွမ်က ကြိုးစားရမှာပေါ့”
“ကျွန်တော်က သဘာဝကျကျပဲ ကြိုးစားမှာပါ” ချင်ကျင်းယွမ်က ဘေးသို့ရွှေ့ထိုင်လိုက်၏။ “ဒါပေမယ့် အစ်ကိုတော်ကြီး... ကျွန်တော့်ခေါင်းကို လာမကိုင်နဲ့တော့ ကျွန်တော်က လူကြီးဖြစ်နေပြီ”
“လူကြီးဖြစ်နေပြီလား” ပထမမင်းသားမှာ ခဏတာ အံ့အားသင့်သွားပြီးနောက် သူနှင့်အရပ်အမောင်း နီးပါးတူနေပြီဖြစ်သော ညီဖြစ်သူကိုကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ “တကယ်ပါပဲ... ကျင်းယွမ်က လူကြီးဖြစ်နေပြီပဲ”
ထိုနေ့တွင် အစ်ကိုဖြစ်သူရော ညီဖြစ်သူပါ နှစ်ဦးစလုံးက ဧကရာဇ်ဖြစ်ချင်နေခဲ့ကြပေသည်။