← Chapters

ရှေးဟောင်းနတ်ဘုရား၏ အမွေ (၃)

Vol. 005 Ch. 208

ရှေးဟောင်းနတ်ဘုရား၏ အမွေ (၃)

Vol. 005 Ch. 208

လိုအင်၆မျိုး နတ်ဆိုးသခင်က အေးစက်စက် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် လျင်မြန်စွာဖြင့် အစီအရင်များ ပြုလုပ်ပြီး တိုးတိုးလေး‌ ပြောလိုက်သည်… “ဆန္ဒစိတ်ဝိညာဉ်… ထွက်ပေါ်လာစမ်း…”

သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် သူ့နောက်တွင် ရောင်စုံ မီးခိုးတိုင်များ ပေါ်လာသည်။ မီးခိုးတိုင် တစ်ခုချင်းစီမှ ရက်စက် ကြမ်းကြုတ်သော စိတ်ဝိညာဉ်များက ထွက်လာပြီး ကောင်းကင်နတ်ဆိုး ပညာရှင်ကို ဟိန်းဟောက် ကြသည်။

ကောင်းကင်နတ်ဆိုး ပညာရှင်၏ မျက်လုံးထဲတွင် လောဘ အရိပ်အယောင်များ ပြည့်လာသည်။ သို့သော်လည်း သူက လိုအင်၆မျိုး နတ်ဆိုးသခင် အသုံးပြုသော သူ၏ နည်းစနစ်ကိုသာ အသုံးပြုလိုက်သည်။

“ဆန္ဒစိတ်ဝိညာဉ် … ထွက်ပေါ် လာစမ်း…”

ရုတ်တရက် ကောင်းကင် နတ်ဆိုး ပညာရှင်၏ နောက်တွင် မီးခိုးတိုင်များ ထွက်ပေါ်လာပြီး ရက်စက် ကြမ်းကြုတ်သော စိတ်ဝိညာဉ် ၆ကောင် ပေါ်လာသည်။ စိတ်ဝိညာဉ်များက ထွက်ပေါ် လာသည်နှင့် ချက်ချင်း ရှေ့သို့ ပြေးဝင် သွားသည်။

လိုအင်၆မျိုး နတ်ဆိုးသခင်က ခနဲ့ပြုံး ပြုံးလိုက်သည်။ သူ့ဆရာဆီမှ သင်ခဲ့သော ကောင်းကင်နတ်ဆိုး ကျင့်စဉ်တွင် သူ့ဆရာက သူ့ကို မသင်ပေးဘဲ ချန်ခဲ့သည့်အရာ ရှိသည့်ကို သူက သိ၏။ ကောင်းကင်နတ်ဆိုး ကျင့်စဉ်ကို သူက အချိန်တော်တော် ကြာအောင် လေ့လာခဲ့ပြီး နောက်တွင် ကျင့်စဉ်ကို တိုးတက်လာအောင် ပြင်ဆင်နိုင်ခဲ့သည်။ ထို့ကြောင့် သူ၏ ကောင်းကင်နတ်ဆိုး ကျင့်စဉ်သည် သူ့ဆရာ၏ ကျင့်စဉ်ထက် မနိမ့်ကျဟု ယုံကြည်နေသည်။

ကောင်းကင်နတ်ဆိုး ပညာရှင်က လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်ပြီး သူ့ခန္ဓာကိုယ်က အပေါ်သို့ တက်သွား၏။

သူ၏ဆံပင်များက လေမတိုက်ဘဲ လွင့်နေပြီး သူ့ခန္ဓာကိုယ်မှ စိတ်စွမ်းအင်များ ထွက်နေလေသည်။

ထို့နောက် သူက ရေရွတ် လိုက်သည်… “အရိုးကို လမ်းပြအဖြစ် သုံးမယ်…”

ထိုအခါ လိုအင်၆မျိုး နတ်ဆိုးသခင်၏ လက်ထဲမှ ရွှေရောင် အရိုးသည် တုန်လာပြီး ရွှေမှုန်များ အဖြစ် ပေါက်ကွဲသွား၏။

ရွှေမှုန်များသည် ကောင်းကင်နတ်ဆိုး ပညာရှင်ဆီသို့ ရွှေရောင်မြစ်ကြီး တစ်ခုသဖွယ် စီးဆင်းသွားပြီး ကောင်းကင်နတ်ဆိုး ပညာရှင်၏ ရှေ့တွင် ရွှေရောင် လက်မောင်း တစ်ခုအဖြစ် ပြန်လည် ဖွဲ့စည်းသွား၏။ ထို့နောက် သူက လက်နှစ်ဖက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လက်ညှိုးဖြင့် လိုအင်၆မျိုး နတ်ဆိုးသခင်ကို ညွှန်လိုက်သည်။

ဝမ်လင်းက သူ့ရှေ့မှ မြင်ကွင်းကို သေချာ ကြည့်နေလေသည်။ အစက လိုအင်၆မျိုး နတ်ဆိုးသခင်သည် ရှေးဟောင်း နတ်ဘုရား၏ ဆန္ဒများကို အလွယ်တကူ စုပ်ယူနိုင်သည့် အတွက် သူ့စိတ်ထဲတွင် ထူးဆန်း နေခဲ့သည်။ သို့သော်လည်း ကောင်းကင်နတ်ဆိုး ပညာရှင် ပေါ်လာသည့် အချိန်မှာတော့ အရာအားလုံးကို ကောင်းကင်နတ်ဆိုး ပညာရှင်က စီစဉ်ထားကြောင်း ဝမ်လင်းက နားလည်လိုက်၏။

လိုအင်၆မျိုး နတ်ဆိုးသခင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး တိုက်ခိုက်နေသည့် စိတ်ဝိညာဉ်များကို လျစ်လျူရှုကာ သူက နောက်သို့ ဆုတ်သွားသည်။ ထို့နောက် အနီရောင် အလင်းတစ်ခုက သူ့ဘေးပတ်လည်တွင် ပေါ်လာပြီး သူက ချက်ချင်း ထွက်ပြေးသွား၏။ ထိုအခိုက်အတန့်တွင် သူက တတိယနယ်မြေ၏ ထွက်ပေါက်၌ ရွှေရောင် လက်မောင်းဖြင့် ပြုလုပ်ခဲ့သော ဝဲကတော့၏ ပြိုကွဲသွားရသည့် အကြောင်းရင်းကို နားလည် လိုက်လေပြီ။

အရိုး လက်မောင်းသည် သူ့ပစ္စည်း မဟုတ်ပေ။ ထို့အပြင် အရိုးလက်မောင်းက ယခုအချိန်ထိ ကောင်းကင်နတ်ဆိုး ပညာရှင်၏ ပစ္စည်းအဖြစ် ရှိနေဆဲ ဖြစ်သည်။ မဟုတ်လျှင် ကောင်းကင်နတ်ဆိုး ပညာရှင်၏ စကားတစ်ခွန်းကြောင့် သူ့ဆီမှ အလွယ်တကူ ထွက်သွားလိမ့်မည် မဟုတ်ပေ။

အရိုးလက်မောင်းက သူ့ဆီမှ ထွက်သွားသည်နှင့် နှစ်တစ်ထောင်ခန့် တည်ဆောက် ထားခဲ့သော အရိုးလက်မောင်းနှင့် ဆက်သွယ်မှုများ အားလုံးက ပြတ်တောက် သွားခဲ့သည်။ ထိုအချက်က သူ့ကို အံ့အားသင့်သွားစေပြီး အတွေးများစွာ ဝင်သွားစေသည်။

ကောင်းကင်နတ်ဆိုး ပညာရှင်သည် ကျေနပ်အားရသော မျက်နှာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်… “ဆန္ဒက ဓားဖြစ်စေ…”

တိုက်ခိုက်နေသော ကောင်းကင်နတ်ဆိုး ပညာရှင်၏ စိတ်ဝိညာဉ် ၆ကောင်သည် ကျယ်လောင်စွာ အော်ဟစ်ပြီး အနက်ရောင် မီးခိုးအဖြစ် ပြောင်းသွားကာ အနက်ရောင် လူရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။

ထိုစဉ်တွင် အနီရောင် အလင်းတန်းများဖြင့် ထွက်ပြေးနေသော လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ်က စတင် ပျောက်ကွယ်လာပြီး အနက်ရောင် လူရိပ်နားတွင် ပြန်ပေါ်လာသည်။ ထိုအခါ လိုအင်၆မျိုး နတ်ဆိုးသခင်၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပေါ်လာသည်။

ထို့နောက် အနက်ရောင် လူရိပ်က လိုအင်၆မျိုး နတ်ဆိုးသခင်နှင့် ပေါင်းစပ်သွား၏။

ထိုအခါ ကောင်းကင်နတ်ဆိုး ပညာရှင်၏ အက်ကွဲကွဲ အသံကြီးက ပေါ်လာပြန်သည်။

“ဒီလူရဲ့ သွေးနဲ့ အဆီအနှစ်ကို ယစ်ပူဇော်မယ်…”

ထိုစကားကို ပြောလိုက်သည်နှင့် လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ်က လုံးဝ ခုခံနိုင်ခြင်း မရှိတော့ဘဲ ခန္ဓာကိုယ်တွင် အသေးစား ပေါက်ကွဲမှုများ ဖြစ်သွားပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် အပေါက်များ ဖြစ်သွား၏။ ထိုအပေါက်များမှ သွေးများက ချက်ချင်း စီးကျလာသည်။

ကောင်းကင်နတ်ဆိုး ပညာရှင်၏ လက်တစ်ချက် အဝေ့တွင် လိုအင်၆မျိုး နတ်ဆိုး သခင်ဆီမှ ထွက်လာသော သွေးများအားလုံးက သွေးဘောလုံးအဖြစ် ပြောင်းလဲသွားပြီး ‌လေထဲသို့ မြောက်တက် လာသည်။

“ဒီလူရဲ့ ကျင့်ကြံခြင်းကို အသုံးပြုပြီး လမ်းဖွင့်ပေးပါ … ရှေးဟောင်း နတ်ဘုရားရဲ့ ဆန္ဒ၆မျိုးကို သုံးပြီး ဆက်သွယ်ပေးပါ… ရှေးဟောင်း နတ်ဘုရားရဲ့ ဝိညာဉ်အနားယူရာ နေရာကို ဖွင့်ပေးပါ…”

ကောင်းကင်နတ်ဆိုး ပညာရှင်၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် နီရဲနေသည်။ သူက ဒီနေ့အတွက် နှစ်ပေါင်း ၄၀၀၀ခန့် စောင့်ဆိုင်းခဲ့ရသည်။

လွန်ခဲ့သည့် နှစ်၁၀၀၀က ဤနေရာသို့ လာခဲ့သည့်အကြိမ်သည် သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပေ။ တတိယ အကြိမ်မြောက် ဖြစ်သည်။ လွန်ခဲ့သည့်နှစ် ၄၀၀၀ခန့် ဤနေရာကို ပထမဆုံးအကြိမ် ရောက်ခဲ့စဉ်က မှော်ရတနာ တစ်ခုကို သုံးပြီး တတိယနယ်မြေကို ဖြတ်ကာ စတုတ္ထနယ်မြေဆီသို့ ရောက်ခဲ့သည်။ သူက အရိုးလက်မောင်းကို ရသွားသည့် အချိန်က ဤနေရာတွင် ဆန္ဒစွမ်းအင်များ အလွန်သိပ်သည်း နေသည်ကို သတိထားမိခဲ့သည်။

တခြားသူများက ဆန္ဒစွမ်းအင်များကြောင့် နေရခက်မည် ဖြစ်သော်လည်း သူကတော့ အလွန် ပျော်ရွှင်နေသည်။ အဘယ်ကြောင့် ဆိုသော် သူက ဆန္ဒစွမ်းအင်များကို တိုက်ခိုက်မှုအဖြစ် အသုံးပြုသောကြောင့် ဖြစ်သည်။

ကောင်းကင်နတ်ဆိုး ပညာရှင်က ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ဟုပင် ဆိုနိုင်သည်။ သူက ထူးဆန်းသော ဆန္ဒများကို သတိပြုမိပြီး ဆန္ဒများကို ချက်ချင်း မစုပ်ယူခဲ့ပေ။ ထိုအစား အရိုး လက်မောင်းကို အသုံးပြု၍ ရှေးဟောင်း နတ်ဘုရား နယ်မြေမှ ထွက်ခွာခဲ့သည်။

အပြင် ရောက်လာပြီးနောက် သူက ဆန္ဒစွမ်းအင်များကို လေ့လာခဲ့ပြီး ကောင်းကင်နတ်ဆိုး ကျင့်စဉ်ကို ဖန်တီးခဲ့သည်။ သူက ဒုတိယအကြိမ် လာသောအခါ စတုတ္ထနယ်မြေသို့ နောက်တစ်ခေါက် ရောက်အောင် လာနိုင်ခဲ့ပြန်သည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် သူက ရှေးဟောင်း နတ်ဘုရား၏ ဆန္ဒစွမ်းအင်များကို ပို၍ နားလည်လာခဲ့သည်။ ထို့အပြင် မိစ္ဆာကျင့်ကြံသူများ ကိုလည်း စတင် မြင်ခဲ့ရသည်။

ထိုမိစ္ဆာများကို မြင်ပြီး သူက ထွက်ပြေးခဲ့သည်။ သို့သော်လည်း သူက ထိုမိစ္ဆာများနှင့် တိုက်ခိုက်ခဲ့ရပြီး လွတ်ရုံလေး လွတ်မြောက် ခဲ့ရသည်။ ဒုတိယအကြိမ်တွင် သူက ရှေးဟောင်း နတ်ဘုရား နယ်မြေ၏ တချို့ လျှို့ဝှက်ချက်များကို သိခဲ့၏။

လွတ်မြောက် လာပြီးနောက် ရှေးဟောင်း နတ်ဘုရား နယ်မြေကို ပို၍ စိတ်ဝင်စား လာသည်။ ထို့ကြောင့် သူက လေးလေးနက်နက် စဉ်းစားပြီးနောက် နှစ်တစ်ထောင်လုံး သေချာ ပြင်ဆင်ကာ တတိယအကြိမ် ထပ်သွားပြန်သည်။

ထိုအကြိမ်တွင် သူက သေဆုံးသောအခါ အမွေအနှစ် ရတနာကို လိုအင်၆မျိုး နတ်ဆိုးသခင်ဆီသို့ လက်ဆင့်ကမ်း ပေးခဲ့သည်။ အရာအားလုံးက သူ စီစဉ် ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။

တတိယနယ်မြေတွင် ခါးကုန်းကြီးမုန့်က သူ့ကို မခေါ်ထုတ်လျှင် တောင်မှ လိုအင်၆မျိုး နတ်ဆိုးသခင်က အန္တရာယ်နှင့် တွေ့သည့်အခါ သူက ထွက်လာလိမ့်မည် ဖြစ်သည်။ သူ၏ ရည်မှန်းချက်သည် ရှုလီချင်းအား စတုတ္ထနယ်မြေသို့ ရောက်စေရန် ဖြစ်သည်။

ကောင်းကင်နတ်ဆိုး ပညာရှင်သည် ဤနေ့အတွက် လိုအင်၆မျိုး နတ်ဆိုးသခင်အား တပည့်အဖြစ် လက်ခံခဲ့သည် ဟုတောင်မှ ဆိုနိုင်သည်။

လိုအင်၆မျိုး နတ်ဆိုးသခင်၏ ခန္ဓာကိုယ်က နောက်ဆုံးတွင် သွေးမြူများအဖြစ် ပေါက်ကွဲသွား၏။ သူ၏ စဦးဝိညာဉ်ကိုတော့ ကောင်းကင်နတ်ဆိုး ပညာရှင်က ဆွဲယူပြီး အကန့်အသတ်မဲ့ စိတ်စွမ်းအင်များ အဖြစ်သို့ ပြောင်းလဲ လိုက်သည်။

ကောင်းကင်နတ်ဆိုး ပညာရှင်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေပြီး စိတ်စွမ်းအင်များကို လက်နှစ်ဖက်ဖြင့် ရှေ့သို့ ပို့လွှတ်လိုက်သည်။ ထို့နောက် သူက ကြောက်မက်ဖွယ် အသံကြီးနှင့် ပြောလိုက်သည်… “ရှေးဟောင်း နတ်ဘုရား… လမ်းပြခေါ်ဆောင် သွားပေးပါ… ရှေးဟောင်း နတ်ဘုရားရဲ့ ထိတ်လန့်မှုဆန္ဒ…”

ရုတ်တရက် ရွှေရောင် အရိုးလက်မောင်းက လေထဲသို့ မြောက်တက်လာပြီး ပေါက်ကွဲ သွားသည်။ ရွှေရောင် အမှုန်များက လေထဲတွင် လှည့်ပတ်ပြီး ရွှေရောင် စက်ဝိုင်းတစ်ခု အဖြစ် သိပ်သည်းသွား၏။

ထိုစဉ်တွင် အနက်ရောင် နဂါးတစ်ကောင်က သွေးမြူထဲမှ ထွက်လာသည်။ အနက်ရောင် နဂါးက လိုအင်၆မျိုး နတ်ဆိုးသခင်၏ စိတ်စွမ်းအင်များဆီသို့ ပျံသန်းသွားပြီး စိတ်စွမ်းအင် ၆ပုံ၁ပုံကို စုပ်ယူလိုက်သည်။ ထိုအခါ နဂါး၏ ခန္ဓာကိုယ်က တောက်ပလာပြီး ရွှေရောင် စက်ဝိုင်းပေါ်သို့ သူ့ခန္ဓာကိုယ်ဖြင့် ရိုက်ချလိုက်သည်။

ထိုအခိုက်အတန့်လေးတွင် ရှေးဟောင်း နတ်ဘုရားနယ်မြေ တစ်ခုလုံး တုန်ခါ သွားသကဲ့သို့ ဖြစ်သွား၏။ ကောင်းကင်နတ်ဆိုး ပညာရှင် ချထားခဲ့သော အတားအဆီး ကြောင့်သာ မဟုတ်လျှင် မိစ္ဆာကျင့်ကြံသူများကို သတိပြုမိသွား စေလိမ့်မည် ဖြစ်သည်။

အနက်ရောင် နဂါးက ဟိန်းဟောက်လိုက်ပြီး မမြင်နိုင်သည့် အတားအဆီးပေါ်သို့ ခန္ဓာကိုယ်ဖြင့် ရိုက်ချလိုက်သည်။ ထိုအခါ အနက်ရောင် နဂါး၏ ခန္ဓာကိုယ်ပေါ်တွင် အက်ရာများစွာ ပေါ်လာပြီး ပျက်စီး ပျောက်ကွယ် သွား၏။

ရှေးဟောင်း နတ်ဘုရားက ထိတ်လန့်မှုဆန္ဒကို ထာဝရ ဆုံးရှုံး သွားလေပြီ။

ဝမ်လင်းက ကောင်းကင်ဘုံ ဆန့်ကျင်ခြင်း ပုတီးစေ့အတွင်းမှ ကြည့်နေရင်း သူ့နှလုံးက တဒုန်းဒုန်းခုန်ကာ စိတ်လှုပ်ရှား နေလေသည်။ ထိုရွှေရောင် အရိုးလက်မောင်းသည် ရှေးဟောင်း နတ်ဘုရား၏ အရိုးဖြစ်သည်။ ထိုလက်မောင်းအရိုးမှ ပျောက်ဆုံးနေသော လက်ဆစ်သည် ဝမ်လင်း၏ သိုလှောင်အိတ်ထဲတွင် ရှိနေ၏။

သို့သော်လည်း အနက်ရောင်နဂါးက ရိုက်ခိုက်လိုက်သည့် နေရာကို မြင်ပြီး ပိုပြီး စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ ထို့နောက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ထိုနေရာကို စိုက်ကြည့် လိုက်သည်။

“သွား … ရှေးဟောင်း နတ်ဘုရားရဲ့ လောဘဆန္ဒ…”

သွေးမြူထဲတွင် အနီရောင် နဂါးတစ်ကောင် ပေါ်လာပြီး လိုအင်၆မျိုး နတ်ဆိုးသခင်၏ စိတ်စွမ်းအင်များကို ၆ပုံ ၁ပုံ စုပ်ယူကာ တူညီသော နေရာကို ခန္ဓာကိုယ်ဖြင့် ရိုက်ချပြန်သည်။

ထို့နောက် ပျော်ရွှင်မှုဆန္ဒ၊ မနာလိုခြင်း ဆန္ဒနှင့် မသိ၊ နားမလည်ခြင်း ဆန္ဒတို့က နဂါးတစ်ကောင်စီ အဖြစ် ထွက်ပေါ်လာပြီး ရွှေရောင်စက်ဝိုင်း ပေါ်သို့ ရိုက်ချကြသည်။ မသိ၊ နားမလည်ခြင်းဆန္ဒမှ ဖြစ်တည်လာသော နဂါးက ထိုရေရာကို ရိုက်ချလိုက်သောအခါ ထိုနေရာက အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားပြီး လိုဏ်ခေါင်းတစ်ခု ပေါ်လာသည်။

ကောင်းကင်နတ်ဆိုး ပညာရှင်က ကျယ်လောင်စွာ ရယ်မော လိုက်သည်။ သူက လက်ကို လိုဏ်ခေါင်း အတွင်းသို့ နှိုက်ပြီး အပြာရောင် စက်ဝိုင်းသဏ္ဌာန် ရေခဲသလင်းကျောက်ကို ဆွဲထုတ်ယူ လိုက်သည်။ ရေခဲသလင်းကျောက်က ၁၀ပေခန့် ကျယ်သော်လည်း လိုဏ်ခေါင်းက ၃ပေ အကျယ်တောင် မရှိချေ။

ဝမ်လင်းက လိုဏ်ခေါင်းကို စိုက်ကြည့်လိုက်ပြီး အနည်းငယ် တုံ့ဆိုင်းသွားကာ စွန့်စားမည့် သူ့အကြံကို စွန့်လွှတ်လိုက်သည်။

ကောင်းကင်နတ်ဆိုး ပညာရှင်၏ လက်ထဲတွင် အစီအရင်တစ်ခု ဖြစ်လာပြီး ရေခဲသလင်း ကျောက်ဆီသို့ စိတ်စွမ်းအင်လှိုင်း တစ်ခုဖြစ် လွှတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဆိုး ပညာရှင်၏ အမူအရာက ပြောင်းလဲသွား၏။ တစ်စုံတစ်ယောက်က သူ၏ အတားအဆီးကို ဖျက်ဆီးကာ သူ့ဆီသို့ လျင်မြန်စွာ လာနေသည်ကို ခံစားမိသွားကြောင့် ဖြစ်သည်။

သူ၏မျက်နှာတွင် မလိုလားသည့် အမူအရာတစ်ခု ပေါ်လာသည်။ ပြောရလျှင် သူ ချထားသည့် အတားအဆီးသည် သူ၏ အစွမ်းထက်ဆုံး အတားအဆီး ဖြစ်၏။ သူက ထိုအတားအဆီး ပေါ်တွင် တခြား အတားအဆီးတချို့ကို ထပ်ပေါင်း ထားသေး၏။ သူ့တောင်မှ ထိုအတားအဆီးကို ဖျက်ဆီးချင်လျှင် အချိန်တော်တော် ပေးရလိမ့်မည် ဖြစ်သည်။

သည်တစ်ကြိမ်တွင် ဝိညာဉ်စားသုံးသူ တစ်ကောင် ပေါ်လာ လိမ့်မည်ဟုလည်း သူက ထင်မထားမိခဲ့ချေ။ မဟုတ်လျှင် သွေးပင်လယ်သခင်က ထိုဝိညာဉ်စားသုံးသူကို လိုက်ဖမ်းရန် မိစ္ဆာကျင့်ကြံသူ အားလုံးကို ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲသို့ လွှတ်လိုက်မည် မဟုတ်ပေ။

ထိုအရာများကြောင့် သူ၏ အစီအစဉ်တွင် ပြောင်းလဲမှုတချို့ ဖြစ်သွားနိုင်သည်။ သို့သော်လည်း သူက သည်တစ်ကြိမ် အခွင့်အရေးကို လက်မလွှတ်နိုင်ပေ။ ထို့အပြင် သူက သူ၏ အတားအဆီး ပညာရပ်တွင် အလွန် ယုံကြည်မှု ရှိ၏။ ထို့ကြောင့်လည်း သူက သူ၏အစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။

***

All Chapters