အလျှော့မပေးလိုသော ပါရာဂွန်တစ်ဦး၏ဝိညာဉ်
Vol. 97 Ch. 1349
ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်လုံးများသည် မန်ဟို့အရှေ့ရှိ မြူအရိပ်ကို ကြည့်ပြီး တလက်လက်တောက်ပလာ၏။ အံ့ဩခြင်းလှိုင်းတံပိုင်းများက သူမ၏နှလုံးသားကို ရိုက်ခတ်နေသည်။ မန်ဟိုက ယခုလိုအကူအညီယူနိုင်လိမ့်မည်ဟု သူမပင် မထင်ထားခဲ့ပေ။
ပါရာဂွန်တစ်ဦးကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲခြင်း
ပါရာဂွန်တစ်ဦးကို ကျွန်ပြုခြင်း
အောဂူသည် အနှစ်သာရ ၇ ခုအဆင့်သာဖြစ်သော်လည်း ထိုအဆင့်က ပါရာဂွန်အင်မော်တယ်လောက၌ပင် အင်အားကြီးမားသည်ဟု သတ်မှတ်နိုင်သည်။ ထိုခေတ်တုန်းက အနှစ်သာရ ၉ ခု ပါရာဂွန်တစ်ဦး၊ အနှစ်သာရ ၈ ခု ပါရာဂွန်တစ်ဦးနှင့် အနှစ်သာရ ၇ ခု ပါရာဂွန်တစ်ဦးတို့ ရှိခဲ့ကြသည်။ ပင်လယ်အိပ်မက်က နောက်ဆုံးတစ်ယောက်ဖြစ်၏။
လက်ရှိကောင်းကင်ဘုံ ၃၃ ဘုံတွင် ပါရာဂွန်ငါးဦးရှိပြီး တစ်ဦးတစ်ယောက်ချင်းစီ၏ ကျင့်ကြံအဆင့်ကို မသိသော်လည်း သူတို့တွင် အနှစ်သာရ ၉ ခု ပါရာဂွန်မရှိကြောင်း ပင်လယ်အိပ်မက် အသေအချာသိသည်။ အနှစ်သာရ ၉ ခု ပါရာဂွန်သာ ရှိခဲ့လျှင် သည့်ထက်ပို၍ စစ်စောဖြစ်လိမ့်မည်။ အမှန်တွင် ကောင်းကင်ဘုံ ၃၃ ဘုံ မလှုပ်ရှားဘဲ နေခဲ့ခြင်းမှာ ထိုအကြောင်းပြချက်ကြောင့်ပင်။
သို့ဖြစ်၍ စစ်မြေပြင်တွင် အနှစ်သာရ ၇ ခု ပါရာဂွန်တစ်ဦးအား အလွန်အရေးပါသောအင်အားတစ်ရပ်အဖြစ် ထည့်တွက်နိုင်သည်။ မန်ဟိုသာ တစ်ယောက်ကို ကျွန်ခံစေနိုင်လျှင် ကောင်းကင်ဘုံ ၃၃ ဘုံနှင့် စစ်ပြိုင်ခြင်းကား .... မျှော်လင့်ချက်မရှိသော အားထုတ်မှုဖြစ်မည်မဟုတ်တော့ပေ။
“အနှစ်သာရ ၇ ခု ပါရာဂွန်တစ်ယောက်ဟာ ကောင်းကင်ဘုံငါးဘုံရဲ့ စုစုပေါင်းအင်အားနဲ့ ညီမျှတယ်” ပင်လယ်အိပ်မက်၏ အသက်ရှူသံများ မြန်နေသည်။ စိတ်ခွန်အားမြင့်မားပြီး နှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့ရသည့်တိုင် သူမပင်လျှင် အံ့ဩတုန်လှုပ်နေပြီး သူမ၏မျက်ဝန်းထဲတွင် မျှော်လင့်နေသောအလင်းရောင် တောက်ပလာသည်။
ခိတိဂဗ္ဗလည်း ထိုနည်းတူ မျက်လုံးများတောက်ပနေသည်။ အခြေအနေပြောင်းပြန်ဖြစ်သွားခြင်းက သူ့ကို တုန်လည်းတုန်လှုပ်စေသလို၊ စိတ်လည်းလှုပ်ရှားလာစေသည်။
တိတ်ဆိတ်စွာ ထိုင်နေသော ကျီတျန်းမှအပ ကျန်တောင်ပင်လယ်သခင်အားလုံးလည်း နှလုံးသွေးတို့ပွက်နေကြသည်။
ထို့နောက် ရွှေတုန်းလျှို၊ သူက မှင်သက်စွာဖြင့် သူ့ညာလက်ကို ဖြည်းဖြည်းချင်း ပြန်ချလိုက်သည်။ ဤရုတ်တရက်အပြောင်းအလဲကြောင့်သာ မဟုတ်လျှင် သူအနေဖြင့် မဖြစ်မနေ ဝင်ပါခဲ့ရလိမ့်မည်။ ယခုတွင် မန်ဟိုသည် တောင်ပင်လယ်လောကအတွက် မရှိမဖြစ်အရေးပါကြောင်း ထင်ရှားသွားလေပြီ။
“အဲဒါက သူတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့ ကံကြမ္မာကောင်းပဲ ....” ရွှေတုန်းလျှိုက တောက်ပစွာ ပြုံးလျက် ရေရွတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် တောင်ပင်လယ်လောက၏ နေရာအနှံ့အပြားရှိ ကျင့်ကြံသူများသည် ဖြစ်ပျက်နေသောအရာကို ခန့်မှန်းနိုင်သွားကြ၍ ချက်ချင်းဆိုသလို ဝမ်းသာလုံးဆို့လျက် မယုံနိုင်ဖြစ်လာကြတော့သည်။
“ပါရာဂွန်တစ်ဦးကို ကျွန်ပြုတယ်တဲ့လား”
“ဘုရားရေ မန်ဟိုက တကယ်ပဲ ... ပါရာဂွန်တစ်ဦးကို ကျွန်ပြုနိုင်တာပါလား” တအံ့တဩအော်သံများ ဟိန်းထွက်နေစဉ် ဖြစ်ပျက်နေသောအရာကို မမြင်နိုင်သည့် တောင်ပင်လယ်ကျင့်ကြံသူများပင်လျှင် တုန်လှုပ်ကုန်ကြပြီး ကိုယ့်နားကိုယ်မယုံနိုင်ကြပေ။
အပြင်သူများမှာတော့ သူတို့၏သွေးချင်းဆက်နွှယ်မှုက ကြယ်တာရာကောင်းကင်တွင် ဖြစ်နေသောအရာကို ပို၍လွယ်ကူစွာ ခန့်မှန်းသိရှိစေသည်။ သူတို့ပါရာဂွန်၏ ကြောက်လန့်တကြား အော်သံများက သူတို့၏မျက်နှာပေါ်တွင် စိတ်ဓာတ်အောက်ဆုံးအထိ ကျသွားသော အရိပ်အယောင်များကို ပေါ်လာစေ၏။ မွေးရပ်မြေကို ဆုံးရှုံးလိုက်ရခြင်းမှ ဖြစ်ပေါ်လာသည့် နာကြည်းဒေါသက သူတို့ကို မည်းမည်းမြင်ရာ သတ်နိုင်အောင် တွန်းအားပေးခဲ့ကောင်း တွန်းအားပေးခဲ့နိုင်လိမ့်မည်။ သို့သော် ယခုတော့ သူတို့တွင် မျှော်လင့်ချက်မရှိတော့ပေ။
သူတို့၏အင်ပါယာသခင် ထွက်ပြေးနေသည်ကို သူတို့ အာရုံရနေကြပြီး ပါရာဂွန်၏အော်ဟစ်သံများကို သူတို့ ကြားနေရသည်။ သူတို့၏မွေးရပ်မြေ ဖျက်စီးခံခဲ့ရသည့်အချက်ကိုပါ ထည့်ပေါင်းလိုက်လျှင် ...အရှုံး၏အရိပ်မည်းကြီးက သူတို့၏နှလုံးသားကို ချက်ချင်း လွှမ်းမိုးလာသည်။
သူတို့ကား .. စစ်ရှုံးသွားလေပြီ။
အပြတ်အသတ်ရှုံးနိမ့်သွားပြီဖြစ်သည်။ သူတို့အတွက် ထွက်ပြေးစရာလည်း နေရာမရှိ။ ကောင်းကင်ဘုံ (၁) ၏ကျူးကျော်မှုက သူတို့၏ပျက်သုဉ်းခြင်းအဖြစ် ပြောင်းလဲသွားခဲ့ချေပြီ။
မကျူးကျော်ခင်တုန်းက သူတို့သည် တောင်ပင်လယ်လောကကို အထင်သေးစက်ဆုပ်ခဲ့ကြ၏။ သို့သော် တောင်ပင်လယ်လောက သည့်ထက်ပို၍ အားနည်းလျှင်တောင်မှ ကောင်းကင်ဘုံ (၁) အနေဖြင့် ၎င်းကို ဘယ်တော့မှ အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ဝန်ခံရလိမ့်မည်။
ဤနေရာသည် တစ်ချိန်က သူတို့အားလုံးထက် တန်ခိုးကြီးမားသော အဆင့်မြင့်လောကဖြစ်ခဲ့သည့် ပါရာဂွန်အင်မော်တယ်လောက တည်ရှိခဲ့ရာမဟုတ်ပါလော။
အပြင်သူများမှာ တုန်ရီလာကြပြီး ဖရိုဖရဲ ထွက်ပြေးကုန်ကြတော့သည်။ သို့သော် တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ တုံ့ပြန်မှုကတော့ ဆန့်ကျင်ဘက်ပင်။ သူတို့၏သွေးများ တပွက်ပွက်ဆူလာသဖြင့် ရွှင်မြူးတက်ကြွနေသော အော်ဟစ်ကြွေးကြော်သံများ ဟိန်းထွက်လာ၏။
ကောင်းကင်ဘုံ (၁) ပြိုကျသွားခဲ့၍ တောင်ပင်လယ်လောကသားအပေါင်း၏ စိတ်ဓာတ်အားမာန်တို့ တက်ကြွလာခဲ့သည်။
ပါရာဂွန်တစ်ဦး ကျွန်ပြုခံရတော့မည်ကို မြင်လျှင် သူတို့နှလုံးသားထဲ၌ မျှော်လင့်ချက်တို့ ပေါက်ဖွားလာသည်။ နောက်ဆုံးတော့ အိပ်ပျော်နေသော တောင်ပင်လယ်လောက မျက်လုံးများဖွင့်နေလေပြီ။ ၎င်းကား နိုးထလာနေပြီဖြစ်သည်။
ဝုန်းးးးးးးးးးးး
ကြယ်တာရာကောင်းကင်ထက်တွင် မန်ဟို့မျက်လုံးများသည် အပြင်သူပါရာဂွန်အောဂူ သူ့ထံ တရွေ့ရွေ့လျှောက်လာနေသည်ကို ကြည့်ရင်း ထူးဆန်းစွာ တောက်ပနေ၏။ တစ်ချိန်တည်းမှာပင် မြစိမ်းဧကရာဇ်ထာဝရဂါထာက သူ့ကို လျင်မြန်စွာ ကုစားပေးနေသည်။
ထိုစဉ် ပါရာဂွန်အောဂူ၏ပါးစပ်မှ အလျှော့မပေးလိုသောဟိန်းသံကြီး ထွက်လာသည်။ နောက်ဆုံးတော့ စိတ်ထဲရှိ အကြောက်တရားကို ဖိနှိပ်နိုင်ခဲ့သည့်အတွက် သူ၏အလျှော့မပေးလိုသောနှလုံးသားတွင် ခွန်အားတို့ ပြည့်နှက်လာ၏။
“ငါက ပါရာဂွန်” သူက ဟိန်းဟောက်ရင်း သူ့ကို တုပ်နှောင်ထားသော မီးခိုးရောင်အမျှင်များကို ဖြတ်တောက်ဖို့ ကြိုးစားနေသဖြင့် တဆတ်ဆတ် တုန်နေသည်။ ထို့နောက် သူသည် လမ်းလျှောက်နေသည်ကို ရပ်၍ မန်ဟို့အရှေ့ရှိ မြူအရိပ်ကို လှမ်းကြည့်၏။
မန်ဟို့ထံ လမ်းလျှောက်မသွားတော့သော်လည်း သူ့မှာ တုန်ရီနေပြီး သွေးများက သူ၏ခန္ဓာကိုယ်အနှံ့အပြားမှ ပန်းထွက်လာသည်။ သို့သော် သူသည် မလှုပ်မယှက် ရပ်နေဆဲပင်။
အောဂူက မန်ဟို့ကို လှည့်ကြည့်ပြီး မာနခေါင်ခိုက်နေသောအငွေ့အသက်က သူ့ထံမှ ဖြာထွက်လာသည်။ “ငါကျင့်ကြံအားထုတ်ခဲ့တာ နှစ်ပေါင်းထောင်သောင်းချီပြီ။ ငါ့သက်တမ်းဟာ မိုးနှင့်မြေနဲ့ အတူတူပဲ။ ငါက ပါရာဂွန်၊ မရေမတွက်နိုင်တဲကမ္ဘာတွေကို ပိုင်စိုးသူ၊ သက်ရှိသတ္တဝါတွေရဲ့ ကိုးကွယ်ခံရသူ။ ငါလိုလူက ... မင်းဆီမှာ ဘာကြောင့် ကျွန်ခံရမှာလဲ”
သူသည် တဆတ်ဆတ်တုန်နေပြီး သွေးများက သူ၏ခန္ဓာကိုယ်မှ စိမ့်ထွက်နေသည့်တိုင် သူ၏အသက်စွမ်းအားနှင့် မာနကို အမှီပြု၍ သူ့အား ကျွန်ပြုဖို့ ကြိုးစားနေသော မန်ဟို့အရှေ့ရှိ ဝါးတားတားအရိပ်ကို ခုခံရင်း မလှုပ်မယှက်ရပ်နေသည်။
သူက တုန်ရီနေသောညာလက်ကို မြှောက်၍ မန်ဟို့ထံ ဝှေ့ယမ်းလိုက်သော်လည်း မီးခိုးရောင်အမျှင်များက သူ၏ကျင့်ကြံခြင်းအခြေခံကို မလှုပ်ရှားနိုင်အောင် ထိန်းချုပ်ထားကြောင်း တွေ့လိုက်ရသဖြင့် ထိုရိုးရိုးသာမန်လှုပ်ရှားမှုလေးက သူ့မျက်နှာကို လူသေကောင်လို ဖြူဆုပ်သွားစေတော့သည်။
ထိုမီးခိုးရောင်အမျှင်များနှင့် မန်ဟို့အရှေ့ရှိ အရိပ်က သူ့နှလုံးသားတွင် ကြောက်စိတ်တို့ ပြည့်ကြပ်လာစေသည်။
ရုတ်တရက် သူက ခါးသီးစွာ ရယ်ပြီးနောက် ခေါင်းနောက်လှန်ကာ ခံပြင်းပြင်း ဟိန်းဟောက်လိုက်သည်။
“ငါက အောဂူ။ ပါရာဂွန်အင်မော်တယ်လောကရဲ့ ပျက်သုဉ်းမှုကို စောင့်ကြည့်ခဲ့တဲ့သူ၊ ကောင်းကင်ဘုံ (၃၃) ဘုံ ခေါင်းပြန်မော့နိုင်အောင် ကူညီပေးခဲ့တဲ့သူ။ ငါဟာ တောင်ပင်လယ်လောကအပေါ် ချုပ်နှောင်ထားတာတွေကို ကိုယ်တိုင်မြင်ခဲ့ရတဲ့သူ။ တောင်ပင်လယ်လောကသား တစ်ယောက်မကျန် သတ်ဖို့ ဒီစစ်ပွဲကို ဆင်နွှဲခဲ့တဲ့သူကွ
“ငါအသက်ရှင်နေထိုင်ခဲ့တာ နှစ်ပေါင်းသောင်းချီပြီ။ ငါက ပါရာဂွန်အဆင့်ရောက်တဲ့အထိ ကျင့်ကြံအားထုတ်ခဲ့တာကွ
“ငါက ပါရာဂွန်၊ ပါရာဂွန်အောဂူ” ပါရာဂွန်အောဂူ၏ ခံပြင်းပြင်းရယ်သံကြီးက တောင်ပင်လယ်လောကတစ်ခုလုံးတွင် ဟိန်းထွက်နေပြီး အပေါ်ရှိ ကောင်းကင်ဘုံ ၃၂ ဘုံသို့ပင် ပဲ့တင်ထပ်သွားသည်။
“ကောင်းကင်ဟာ ငါ့ကို ဦးညွှတ်အောင် မလုပ်နိုင်ဘူး။ မြေကြီးဟာ ငါ့ကို ဒူးထောက်အောင် မလုပ်နိုင်ဘူး။ ကြယ်တာရာကောင်းကင်ဟာ ငါ့ကို ခေါင်းငုံ့အောင် မလုပ်နိုင်ဘူး။ ငါ့စိတ်ဆန္ဒက ကောင်းကင်တာအို၊ ငါ့ခန္ဓာကိုယ်က အာကာပြင်ကျယ်ထဲမှာ အဆုံးမဲ့တယ်” ပါရာဂွန်အောဂူ ဟိန်းဟောက်နေစဉ် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် ကြီးထွားလာ၏။ မျက်စိတစ်မှိတ်အတွင်း သူကား မီတာသုံးထောင်မြင့်မားသွား၏။ ထို့နောက် မီတာတစ်သောင်းခွဲ၊ မီတာသုံးသောင်း။
မီတာသုံးသောင်းအရွယ်အစားဖြင့် သူသည် နတ်မင်းကြီးတစ်ပါးပမာ ဖြစ်နေ၏။ ဤအပြင်သူပါရာဂွန်၏ အလျှော့မပေးလိုသော စိတ်ဆန္ဒ၊ မိုးနှင့်မြေမှ ဖယ်ရှားပစ်နိုင်ပုံမရသော စိတ်ခွန်အားကို ခံစားလိုက်ရသဖြင့် မန်ဟို့သူငယ်အိမ်များ ကျုံ့သွားသည်။ ရုတ်တရက် ချုံမန်းတိုင်၏ မှော်အတတ်မှ မီးခိုးရောင်အမျှင်များသည် ပျက်ပြားစပြုလာ၏။
ပါရာဂွန်တစ်ဦးကို ကျွန်ပြုခြင်း .... လွယ်သယောင်ထင်ရသည်။ သို့သော် အမှန်က ပါရာဂွန်အာလုံးသည် မိုးနှင့်မြေအတွင်းရှိ လျှမ်းလျှမ်းတောက်နေများ ဖြစ်ကြ၏။ သူတို့က ကံကောင်းမှုနှင့် ကံကြမ္မာ၏ဒွန်တွဲမှုကို ကိုယ်စားပြုသည့်အတွက် .... အလွယ်တကူ ကျွန်ပြု၍မရပေ။
သူတို့၏စိတ်ခွန်အား၊ သူတို့၏အတွေးများနှင့် သူတို့၏နှလုံးသားသည် မိုးကောင်းကင်ထက် မြင့်မားသာလွန်၏။
ပို၍များပြားသော မီးခိုးရောင်အမျှင်များ တထောင်းထောင်း ပြတ်ထွက်သွားသည်။ မန်ဟိုမှာ ဤပါရာဂွန်၏စိတ်ခွန်အား၊ မာန်မာနနှင့် အလျှော့မပေးသောနှလုံးသားကို မလေးစားမိဘဲ မနေပေ။
ထိုအရာအားလုံးဖြင့် သူသည် ပါရာဂွန်ဘွဲ့နှင့် ထိုက်တန်၏။
ဤအခိုက်အတန့်တွင် မန်ဟို့အရှေ့ရှိ ဝိုးတိုးဝါးတားအရိပ်က အေးစက်စက် နှာမှုတ်လိုက်သည်။ ရုတ်တရက် စောစောကထက် ဆယ်ဆများပြားသော မီးခိုးရောင်အမျှင်များ ထွက်လာသည်။ ထို့နောက် အဆတစ်ရာ။ ၎င်းတို့က မီတာသုံးသောင်းအမြင့်ပါရာဂွန်ကို ပို၍ရှုပ်ထွေးစွာ ရစ်သိုင်းလိုက်ကြသည်။ ပါရာဂွန်အတွက် ထိန်းချုပ်မှုအောက်ပြန်ရောက်သွားသည်သာမက မန်ဟို့အရှေ့၌ စတင်ဒူးထောက်ရန် တခဏသာကြာလိုက်သည်။
“ငါ လက်မခံဘူး” ပါရာဂွန်အောဂူက စူးစူးဝါးဝါး အော်သည်။ သွေးများက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာပြီး သူ့မှာ ပြင်းပြင်းထန်ထန် တုန်ရီနေသည်။ သို့သော် သူသည် မိုးနှင့်မြေပင် သူ့ခြေထောက်များကို ကွေးအောင် ဖိအားမပေးနိုင်သည့်အလား ခေါင်းမာမာ ရပ်နေ၏။
အရိုးကျိုးသံများ ထွက်လာပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သို့ထိတိုင် သူကား ဒူးမကွေးသေးပေ။ သူ့ကိုယ်ပေါ်တွင် လွန်စွာရှေးဆန်သောအငွေ့အသက်များကို ထုတ်လွှတ်နေသည့် အကြေးခွံများ ပေါ်လာသည်။ သူသည် ရှေးအိမ်မြှောင်ကြီးတစ်ကောင်အသွင် ပြောင်းတော့မည့်ပုံရ၏။
သို့သော် မီးခိုးရောင်အမျှင်များက သူ့ကိုယ်ထဲ ဆက်လက်ထိုးဖောက်ဝင်ရောက်၍ မှော်သင်္ကေတများပေါ်လာစေသည်။ သူ့မှာ ၎င်းကို တားဖို့ ဘာမှမလုပ်နိုင်ပေ။
မန်ဟိုသည် သိသိသာသာ စိတ်နှလုံးတုန်လှုပ်သွားသော်လည်း ခံစားချက်များရှုပ်ထွေးနေသော မျက်ဝန်းဖြင့် တိတ်ဆိတ်စွာသာ ကြည့်နေ၏။
“တောင်ပင်လယ်လောကနဲ့ ကောင်းကင်ဘုံ ၃၃ ဘုံသာ စစ်မဖြစ်ရင် ... ဒီပါရာဂွန်ဟာ သက်ရှိအားလုံးရဲ့ ကိုးကွယ်လေးစားမှုကို အမှန်တကယ် ခံယူထိုက်ပေတယ်” မန်ဟိုက သက်ပြင်းချပြီး ပါရာဂွန်အောဂူကို စကားပြောသည်။
“မင်း တောင်ပင်လယ်လောကကို ကူညီပေးရင် ငါ မင်းတို့ ကောင်းကင်ဘုံ (၁)သားတွေကို အသက်ချမ်းသာပေးမယ်”
ပါရာဂွန်အောဂူသည် တဆတ်ဆတ်တုန်နေပြီး နာကျင်နေသည့်တိုင် သူ့မျက်ဝန်းသည် အလျှော့မပေးမြဲ အလျှော့မပေးသေးပေ။ သူက ဟားတိုက်ပင် ရယ်လိုက်သေးသည်။
“တောင်ပင်လယ်လောကက ကျိန်းသေ သုတ်သင်ခံရမှာ။ အဆုံးသတ်မှာ ငါ့လူတွေထဲက တစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့တောင်မှ နောင်နှစ်တွေကြာရင် ဦးပြန်မော့နိုင်လိမ့်မယ်
“ငါက အောဂူ။ ငါဟာ အခုလည်း ပါရာဂွန်။ သေတဲ့အထိလည်း ပါရာဂွန်ပဲ
“မင်းက ငါ့ကို အညံ့ခံစေချင်တယ်ပေါ့။ ငါ့ကို မင်းရဲ့ကျွန် ဖြစ်စေချင်တယ်ပေါ့။ မင်း ကျွန်ပြုနိုင်မယ့်အရာက ငါ့ခန္ဓာကိုယ်ပဲ ငါ့ဝိညာဉ်ကိုတော့ မင်း ကျွန်မပြုနိုင်ဘူး” သူက ဟားတိုက်ရယ်နေစဉ် ခန္ဓာဖောက်ခွဲတော့မည့်လက္ခဏာများ ပေါ်လာသည်။
သူ့မျက်လုံးထဲတွင် ရူးမိုက်မှုမရှိ၊ ခေါင်ခိုက်နေသောမာနသာ ရှိသည်။ သူသည် ခေါင်းငုံ့၍ သိက္ခာအကျခံမည့်အစား အသေသာခံလိမ့်မည်။
ပျက်စီးတော့မည့်အငွေ့အသက်များ သူ့ထံမှ ထွက်ပေါ်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများကို ကြားရနိုင်သည်။ သို့သော် သူ့မှာ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို မထုတ်ဖော်နိုင်သည့်အတွက် အဖျက်စီးအားလှိုင်းက တောင်ပင်လယ်လောကသို့ ဖြာထွက်သွားမည်မဟုတ်ပေ။ သူ့အနေဖြင့် သူ့ကိုယ်သူသာ ဖျက်စီးနိုင်လိမ့်မည်။ သို့သော် ထိုသို့ဖျက်စီးပစ်၍ သူ သေသွားလျှင် သူ့ခန္ဓာကိုယ်သည် မန်ဟို့အတွက် အသုံးမဝင်တော့ပေ။
မန်ဟို မျက်မှောင်ကြုတ်လိုက်စဉ်မှာပဲ ချုံမန်းတိုင်၏အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ “ပါရာဂွန်တွေရဲ့ ဝိညာဉ်ကို မဖယ်ရှားသရွေ့ သူတို့ကို ကျွန်ပြုလို့မရဘူး”
“ဒါဆိုလည်း ဝိညာဉ်ကို ဖယ်ရှားလိုက်” မန်ဟိုက ပါရာဂွန်အောဂူကို ကြည့်ရင်း ပြတ်ပြတ်သားသား ဆိုသည်။
သူ ပြောလိုက်လျှင်ချင်း ပါရာဂွန်အောဂူကို တုပ်နှောင်ထားသော မီးခိုရောင်အမျှင်များသည် ရုတ်ခြည်း မည်းနက်သွားပြီး ထူးဆန်းသောအလင်းရောင်ကို ထုတ်လွှတ်စပြုလာ၏။ ၎င်းက ပါရာဂွန်အောဂူ၏ကိုယ်ထဲ စီးဆင်းဝင်ရောက်သွားသည့် အဖျက်စီးစွမ်းအားတစ်ရပ်ဖြစ်လာပြီး သူ့ဝိညာဉ်ကို သုတ်သင်ဖယ်ရှားလိုက်သည်။ သူ ခန္ဓာဖောက်ခွဲတော့မည့်အခိုက်အတန့်တွင် အမည်မသိအတတ်တစ်ခုက သူ့ဝိညာဉ်ကို ဖယ်ရှားလိုက်သဖြင့် တဝုန်းဝုန်းမြည်သံများ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
ထို့နောက် အမျှင်များ မှေးမှိန်ပျောက်ကွယ်သွားသည်။ ယခုတွင် မန်ဟို့အရှေ့ရှိ ဝါးတားတားအရိပ်မှာ မဖော်ပြနိုင်လောက်အောင် အားနည်းသွားပုံရ၏။ နောက်ဆုံးတော့ ခပ်တိုးတိုးအသံတစ်သံက စကားပြောသည်။ “ငါ ကတိတည်ပြီးပြီ .... ငါ့ဆရာ ရှင်သန်ထမြောက်လာတဲ့အချိန်အထိ ငါ အိပ်တော့မယ်... မင်းလည်း ကတိတည်နိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်..."
တဖြေးဖြေး အားနည်းနေသောအသံသည် တိမ်ဝင်ပျောက်ကွယ်သွား၏။
မြူအရိပ်လည်း ပျောက်သွားသည်။ ထိုအခိုက်အတန့်တွင် ပါရာဂွန်အောဂူ၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူ၏မျက်လုံးများမှာ ငေးကြောင်သွားတော့သည်။
ခန္ဓာဖောက်ခွဲလှိုင်းဂယက်များ လွင့်ပျယ်သွားပြီး အောဂူသည် ခေါင်းငုံ့ကာ မန်ဟို့အရှေ့၌ ဒူးထောက်လိုက်၏။