အင်အားအလုံးအရင်းဖြင့် ပြန်တိုက်ခိုက်ခြင်း
Vol. 97 Ch. 1350
ဒူးထောက်နေသည်မှာ ပါရာဂွန်တစ်ဦး၏ ဝိညာဉ်မဲ့ ခန္ဓာကိုယ်သာ။
သို့သော် ထိုဒူးထောက်မှုက တောင်ပင်လယ်လောကအတွင်းရှိ အပြင်သူအားလုံးကို တိတ်ဆိတ်ငြိမ်ကျသွားစေသည်။ သူတို့မှာ အသက်မရှိတော့သလို ငိုင်ကုန်ကြသည်။
ဝါရင့်စစ်သည်များမှလွဲ၍ အပြင်သူအများစုမှာ မည်သည့်မျိုးနွယ်မှလာပါစေ သူတို့၏အိမ်၊ သူတို့၏အမျိုးနှင့် အထူးသဖြင့် ကျင့်ကြံခြင်းအရင်းအမြစ်များအတွက် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဘုံ (၁) ၏ပြိုကျမှုက အပြင်သူအားလုံး၏ စိတ်နှလုံးများကို တုန်လှုပ်သွားစေသည်။ သူတို့မှာ ငိုင်တွေထိတ်လန့်ကုန်ကြပြီး နောင်တရလာကြသည်။
သူတို့အိမ်လည်း မရှိတော့.... သူတို့၏မျိုးနွယ်တူများလည်း သေဆုံးကုန်ကြသည်။
ယခုတော့ ဆက်လက်တိုက်ခိုက်ရန် အကြောင်းမရှိတော့ပေ။ အချိန်တစ်ခုကြာလျှင်တော့ သူတို့၏လက်စားချေလိုစိတ်က သူတို့အား မနက်ဖြန်မရှိတော့သကဲ့သို့ တိုက်ခိုက်အောင် လှုံ့ဆော်နိုင်လိမ့်မည်။ သို့သော် ထိုသို့မဖြစ်နိုင်ခင် သူတို့၏ပါရာဂွန် ကျွန်ပြုခံလိုက်ရခြင်းက သူတို့၏စိတ်ဓာတ်အားမာန်ကို ဂိတ်ဆုံးအထိ ထိုးကျသွားစေသော ထိုးနှက်ချက်ကြီး ဖြစ်လာခဲ့လေပြီ။
အတေးတွင် ထွက်ပြေးနေသည့်အင်ပါယာသခင်သည် ရုတ်တရက် ရပ်၍ ပြန်လှည့်ကြည့်၏။ သူ မြင်လိုက်ရသည်မှာ မီတာသုံးသောင်းမြင့်မားသော ပါရာဂွန်အောဂူ မန်ဟို့အရှေ့၌ ဒူးထောက်နေခြင်းဖြစ်ရာ သူ့မှာ ချာချာလည်မူးဝေသွားတော့သည်။
“ရှုံးပြီ...” သူက မျှော်လင့်ချက်မဲ့နေသောအသံဖြင့် ရေရွတ်လိုက်သည်။ ကောင်းကင်ဘုံ (၁) ၏ပျက်သုဉ်းမှုကို ဦးတည်နေသောအဖြစ်အပျက်များက သူ့ကို ဒေါသူပုန်ထစေခဲ့၍ သူသည် တားဖို့ သူ့အသက်ကိုပင် ထည့်မတွက်ခဲ့ပေ။ တခြားအပြင်သူအများစုမှာ မှင်သက်နေခဲ့ကြသော်လည်း သူကတော့ အတွေးများကို ထိန်းချုပ်၍ တိုက်စစ်ဆင်နိုင်ခဲ့သည်။
သို့ရာတွင် သူတို့၏ပါရာဂွန် ကျွန်ပြုလိုက်ရသည်ကို ကိုယ်တိုင်မြင်ခဲ့ရ၍ သူ့မှာ ခါးသီးနေတော့သည်။ သူသည် ထွက်ပြေးခဲ့မိသည်ကိုပင် နောင်တရသွားပြီး အပြစ်ရှိသလို ခံစားလိုက်ရ၏။ လွန်ဆွဲနေသောအတွေးများနှင့် အပြင်သူအင်ပါယာသခင်လုပ်နိုင်သမျှမှာ ... ခါးသက်သက်ရယ်လိုက်ရုံသာ။
ကျွန်ပြုခံလိုက်ရသော ပါရာဂွန်ကို ကြည့်နေစဉ် ပင်လယ်အိပ်မက်၏မျက်ဝန်းများသည် တစ်မျိုးတောက်ပနေ၏။ သူမမှာ စိတ်လှုပ်ရှားမိသော်လည်း သက်ပြင်းမချမိဘဲ မနေပေ။ သူမသည်လည်း မိုးနှင့်မြေ၏ထိပ်ဆုံး၌ ရပ်တည်သော ပါရာဂွန်တစ်ဦးမဟုတ်ပါလော။ သို့ဖြစ်၍ ထိုလျှို့ဝှက်ဆန်းကြယ်သောအရိပ်အတွက် အောဂူကို အညံ့ခံအောင် လုပ်ဖို့ မည်မျှခက်ခဲခဲ့မည်လဲ သူမ ကောင်းကောင်းသိသည်။
အပြင်သူများနှင့်ဆန့်ကျင်ဘက်ကတော့ တောင်ပင်လယ်လောကသားကျင့်ကြံသူများပင်။ တဒင်္ဂတိတ်ဆိတ်နေပြီးနောက် သူတို့က မိုးနှင့်မြေကို တသိမ့်သိမ့်တုန်သွားစေသည်အထိ တစ်ခနဲ ကြွေးကြော်လိုက်ကြသည်။ ကြွေးကြော်သံသည် စတုတ္ထတောင်ပင်လယ်မှစတင်၍ ပထမနှင့်နဝမတောင်ပင်လယ်များအထိ တောက်လျှောက်ကူးစက်သွား၏။ မကြာမီ တောင်ပင်လယ်တစ်လောကလုံး၏အသံများကား တစ်သံတည်းဟိန်းထွက်လာတော့သည်။
“တောင်ပင်လယ်လောက နိုင်ပြီ”
“တောင်ပင်လယ်လောက နိုင်ပြီ”
“တောင်ပင်လယ်လောက နိုင်ပြီ”
မည်သူ ပထမဆုံးစပြောလိုက်သလဲ မပြောနိုင်သော်လည်း ထိုစကားလုံးများသည် တောင်ပင်လယ်လောကတစ်ခုလုံးတွင် ဟိန်းထွက်နေ၏။ အရာအားလုံး တဝုန်းဝုန်းတုန်ခါနေစဉ် အပြင်သူများကို ပြန်တိုက်ခိုက်ဖို့ အမိန့်များ ထွက်ပေါ်လာကြသည်။
တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံးတွင် ကျင့်ကြံသူအားလုံး ပြန်တိုက်ခိုက်နေလေပြီ။
အပြင်သူများမှာတော့ တိုက်ခိုက်လိုစိတ်မရှိကြတော့ပေ။ သူတို့၏မျက်လုံးများက ငိုင်တွေနေပြီး သူတို့မှာ ကြောက်လန့်တုန်ရီနေကြသည်။
ကောင်းကင်ဘုံ (၁) ဖျက်စီးခံလိုက်ရပြီ။ သူတို့အိမ် မရှိတော့ပြီ။ မျိုးနွယ်တူများ သေဆုံးကုန်ကြပြီ။ သူတို့၏ပါရာဂွန်လည်း ကျွန်ပြုခံလိုက်ရပြီ။
ဖြစ်ပျက်သွားခဲ့သောအရာအားလုံးက သူတို့ကို အကြီးအကျယ်စိတ်ပျက်လက်မှိုင်ကျသွားစေသည်။
တောင်ပင်လယ်လောက ပြန်လည်တိုက်ခိုက်ပြီး စိတ်လှုပ်ရှားနေသော စစ်ငြာသံများ ဟိန်းထွက်နေသည့်အချိန် မန်ဟိုက ဒူးထောက်နေသည့် မီတာသုံးသောင်းအမြင့်ပါရာဂွန်ကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
ထို့နောက် သူသည် လက်ယှက်၍ လေးလေးနက်နက် အရိုအသေပေးလိုက်၏။
သူ အရိုအသေပေးနေသည်မှာ အလျှော့မပေးခဲ့သော ပါရာဂွန်၏ဝိညာဉ်ကို ဖြစ်သည်။ သူ့မှာ ပါရာဂွန်အောဂူ၏ဝိညာဉ် ဖယ်ရှားခံလိုက်ရသည့်အတွက် သနားမိသော်လည်း တခဏကြာသော် သူ့မျက်ဝန်းထဲတွင် အေးစက်မှုတို့ အစားထိုးဝင်ရောက်လာသည်။ အစွမ်းထက်ပညာရှင်များ ရန်သူဖြစ်လျှင် တစ်ယောက်ကိုတစ်ယောက် လေးစားနိုင်သော်လည်း ဘယ်တော့မှ အလျှော့ပေး၍မရပေ။
တစ်ခါတရံ သေဖို့သာ ရွေးချယ်စရာရှိတတ်သည်။
နှစ်ယောက်ထဲမှ တစ်ယောက်မဟုတ် တစ်ယောက် သေရလိမ့်မည်။ စစ်ပွဲတွင် သနားကြင်နာစိတ်ကို မထားရသလို၊ အားနည်းကြောင်းလည်း ပြသမရပေ။ ထို့အပြင် ဤစစ်ပွဲသည် ... အစသာရှိသေး၏။
“ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းရဲ့ ဝိညာဉ်ကို မလိုအပ်ဘူး။ မင်းရဲ့ ပါရာဂွန်ခန္ဓာကိုပဲ လိုအပ်တာ။ မင်းရဲ့အတိုက်အခိုက်စွမ်းရည်က နည်းနည်းတော့ ကျဆင်းသွားပေမယ့် ပါရာဂွန်တော့ ဖြစ်နေသေးတုန်းပဲ” မန်ဟိုက မီတာသုံးသောင်းအမြင့် ပါရာဂွန်၏ခေါင်းပေါ်သို့ ရိပ်ခနဲ ခုန်တက်လိုက်သည်။ ယခုတွင် ဤခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ပြီဖြစ်၍ သူ တွေးလိုက်ရုံနှင့် ပါရာဂွန်ရုပ်သေးရုပ်ကို အလိုရှိသလို စေစားနိုင်လေပြီ။
မန်ဟို ပါရာဂွန်၏ခေါင်းပေါ် ဆင်းလိုက်သည်နှင့် ပါရာဂွန်ရုပ်သေးရုပ်က စွမ်းအားများတဟုန်းဟုန်းတောက်လျက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် မည်သည့်ရှုထောင့်မှကြည့်ကြည့် ရင်သပ်ရှုမောဖွယ်ကောင်းနေလေပြီ။ သူ၏ကျင့်ကြံခြင်းအခြေခံက သူ့ကို တောင်ပင်လယ်လောကတွင် အဆင့်အမြင့်ဆုံးဖြစ်စေသည်သာမက အတိုက်အခိုက်စွမ်းရည်အရလည်း ပါရာဂွန်ရုပ်သေးရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ထား၏။
သို့သော် ထိုအရာတစ်ခုကမှ မန်ဟို ကိုယ်စားပြုသောအရာကို မယှဉ်နိုင်ပေ။ ကောင်းကင်ဘုံ (၁) ကို ဖျက်စီး၍ ပါရာဂွန်တစ်ဦးကို ကျွန်ပြုပြီးနောက် သူသည် .. တောင်ပင်လယ်လောက၏ စိတ်ဓာတ်အားမာန်ကို ကိုယ်စားပြုသော အမှတ်သညာဖြစ်လာ၏။
သူက မျက်လုံးများ လင်းလက်နေလျက် ပင်လယ်အိပ်မက်ကို လှည့်ကြည့်ကာ ချက်ချင်း လက်ယှက်အရိုအသေပေးလိုက်သည်။ သူမကို မြင်လျှင် သူ့မှာ အတော်လေးအားနာမိသည်။ သူက နူးညံ့သောလေသံဖြင့် ပြောလိုက်၏။ “စီနီယာပင်လယ်အိပ်မက် အဲဒီတုန်းက ... ကျွန်တော် တုံးအပြီး အရိပ်အကဲနားမလည်ခဲ့ဘူး။ ကျွန်တော်ဟာ တောင်ပင်လယ်တွေအတွက်မစဉ်းစားဘဲ ကိုယ့်အတွက်ကိုယ်ပဲ တွေးခဲ့မိတယ်။ စီနီယာ ကျွန်တော်ပြောခဲ့တာတွေကို ဗွေမယူဖို့ မျှော်လင့်ပါတယ်ခင်ဗျာ”
ထို့နောက် သူက လက်ယှက်၍ အရိုအသေပေးလိုက်ပြန်သည်။ သူပြောခဲ့သည့်အတိုင်း လွန်ခဲ့သောနှစ်များက သူသည် တောင်ပင်လယ်လောကအား လုံးဝခေါင်းထဲမထည့်ခဲ့၍ လေဟုန်ခွင်းလောကအဖြစ်အပျက်ပြီးနောက် ပင်လယ်အိပ်မက်နှင့် အငြင်းအခုံဖြစ်ခဲ့ရ၏။
ယခုပြန်တွေးကြည့်သောအခါ သူ အတန်ငယ်ရိုင်းခဲ့မိကြောင်း နားလည်လိုက်သည်။
ပင်လယ်အိပ်မက်က ပြုံးတောင့်ပြုံးခဲ ပြုံးလေသည်။ ထိုအပြုံးက သူမကို စန္ဒာပန်းလေးတစ်ပွင့်သဖွယ် လှပသွားစေသည်။ မန်ဟို့ကို ပြန်ကြည့်နေစဉ် သူမ၏မျက်ဝန်းထဲ၌ နွေးထွေးကြင်နာမှုတို့ ပြည့်နှက်နေသည်။ သူမအတွက် မန်ဟိုမှာ တကယ့်ကို ကလေးလေးတစ်ယောက်သာ ဖြစ်၏။
“ကဲ လုပ်စရာရှိတာသာ လုပ်ပါ” သူမက ပြောသည်။
မန်ဟိုက ခေါင်းညိတ်၍ တွန့်ဆုတ်မနေဘဲ တင်ပျဉ်ခွေထိုင်ကာ မျက်လုံးပိတ်လိုက်သည်။ ထို့နောက် သူသည် နတ်ဘုရားစိတ်ဆန္ဒတချို့ ထုတ်လွှတ်လိုက်ရာ ပါရာဂွန်ရုပ်သေးရုပ်၏မျက်လုံးများသည် မန်ဟို့မျက်လုံးများပမာ တောက်ပလာ၏။
သူ၏နတ်ဘုရားစိတ်ဆန္ဒကို ပါရာဂွန်ရုပ်သေးရုပ်ထဲ ပို့လွှတ်ပြီးနောက် ၎င်းသည် သူ၏ခန္ဓာကိုယ်ကဲ့သို့ သူ၏ထိန်းချုပ်မှုအောက် ရောက်သွားသည်။ တစ်ဆက်တည်းမှာပင် ပါရာဂွန်တစ်ဦး၏ ကြောက်ခမန်းလိလိအရှိန်အဝါကို ထုတ်လွှတ်လိုက်၏။
မှန်သည် ။ မန်ဟို့၌ ပါရာဂွန်အဆင့်နတ်ဘုရားအာရုံ၏ ရှစ်ဆယ်ရာခိုင်နှုန်း ရှိသည့်အတွက် သူ့အား ပါရာဂွန်အောဂူ၏စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကို လွယ်ကူစွာ ထုတ်လွှတ်နိုင်စေသည်။ တစ်လှမ်းချင်းလှမ်းရင်း ပါရာဂွန်ရုပ်သေးရုပ်သည် ကြယ်တာရာကောင်းကင်ကို ဖြတ်သန်းကာ အပြင်သူအင်ပါယာသခင်၏အရှေ့တွင် ပေါ်လာ၏။
“အညံ့ခံမလား အသေခံမလား” မန်ဟိုက ပါရာဂွန်ရုပ်သေးရုပ်၏နှုတ်မှတစ်ဆင့် ပြောသည်။ အသံက တောင်ပင်လယ်တစ်လောကလုံးတွင် ပဲ့တင်ရိုက်ခတ်သွားသည်။
အင်ပါယာသခင်က သူ့အရှေ့တွင် ရပ်နေသော ပါရာဂွန်ရုပ်သေးရုပ်၊ တစ်ချိန်က သူ့လူဖြစ်ခဲ့သော ပါရာဂွန်ကို ကြည့်ရင်း ခါးသီးစွာ ရယ်သည်။ သူ့မျက်လုံးများတွင် သေချင်စိတ်ပင် ထင်ဟပ်နေသည်။
“မင်းက ငါ့အိမ်ကို ဖျက်စီးခဲ့တယ်၊ ငါ့လူတွေကို သတ်ခဲ့တယ်။ အခု ငါက မင်းဆီမှာ အညံ့ခံမယ် ထင်တယ်ပေါ့လေ။ ငါ သေရင်တောင်မှ မင်းတို့တောင်ပင်လယ်လောကကို ကျိန်စာတိုက်မယ့် သရဲတစ်ကောင်ပဲအဖြစ်ခံလိုက်မယ်” အင်ပါယာသခင်သည် ခေါင်းနောက်လှန်၍ တဟားဟားရယ်ရင်း သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်ကာ သူ့အနောက်၌ ဝဲခြောက်ဝဲအား ပေါ်လာစေသည်။
မန်ဟိုက အင်ပါယာသခင်ကို အထူးအဆန်းသဖွယ် ကြည့်ပြီးနောက် ပြောသည်။ “မင်းစကားတွေကတော့ သိပ်ဖြောင့်မတ်နေသလို၊ သိပ်ခေါင်းမာသလို၊ သိပ်မုန်းနေသလိုပဲ....”
မန်ဟို့အသံက အပြင်သူအင်ပါယာသခင်၏စွမ်းအားကို ချက်ချင်း ပြိုကွဲသွားစေသည်။
မန်ဟိုသည် လေအကုန်ခံမနေတော့ဘဲ ပါရာဂွန်ရုပ်သေးရုပ်၏လက်ကို ဆန့်တန်းလိုက်ရာ အပြင်သူအင်ပါယာသခင်၏ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင် ကြေမွသွားလေသည်။ အင်ပါယာသခင်၏ခန္ဓာကိုယ်မှာ တုန်ရီလာပြီး သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားသည်။ သူက မရေမတွက်နိုင်သောမှော်ပစ္စည်းများကို စေစားရင်း နောက်ဆုတ်သည်။ သူ့အနောက်ရှိ ဝဲခြောက်ဝဲက သူ့ကို ဖြတ်ကာ ပါရာဂွန်ရုပ်သေးရုပ်၏လက်သီးချက်ကို ထုတ်လွှတ်လိုက်သော မန်ဟို့ထံ ပြေးဝင်သွား၏။
“မင်းကြည့်ရတာ ကျူးကျော်သူတွေက တောင်ပင်လယ်လောကကမဟုတ်ဘဲ၊ ကောင်းကင်ဘုံ ၃၃ ဘုံက ဆိုတာ မေ့သွားတဲ့ပုံပဲ” မန်ဟို့အသံ ပဲ့တင်ထပ်နေစဉ် လက်သီးသည် ဟင်းလင်းပြင်ကို ခွဲ၍ ကြယ်တာရာကောင်းကင်ကို ခြေမွလိုက်၏။ မှော်ပစ္စည်းအားလုံး အမှုန့်ဖြစ်သွားပြီး အနှစ်သာရဝဲခြောက်ဝဲလည်း ပျက်စီးသွားလေပြီ။ ထို့နောက် လက်သီးချက်သည် အပြင်သူအင်ပါယာသခင်အပေါ် ကျရောက်ကာ သူ၏ခြေထောက်များကို ပေါက်ကွဲသွားစေသည်။ သူက သေဘေးမှလွတ်သွား၍ နောက်ဆုတ်လိုက်ပြန်၏။
“ဒီစစ်ပွဲက တောင်ပင်လယ်လောကရဲ့စိတ်ကူးမဟုတ်ဘူး။ မင်းတို့စိတ်ကူးလေ”
မန်ဟိုသည် ဤအပြင်သူအင်ပါယာသခင်ကို မည်ကဲ့သို့အလွှတ်ပေးနိုင်မည်နည်း။ မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်နေသော သူ့စကားလုံးများက .... လက်ခံရခက်သော်လည်း အမှန်ဖြစ်ကြောင်း နားလည်သဖြင့် အင်ပါယာသခင်၏စိတ်ကို ချာချာလည်သွားစေသည်။
ဤစစ်မီးကို ကောင်းကင်ဘုံ ၃၃ ဘုံမှ စမွှေးခဲ့ခြင်းဖြစ်သည်။ ကျူးကျော်သူများကလည်း သူတို့ပင် ဖြစ်သည်။
“အဲဒီတော့ရော ဘာဖြစ်လဲ” အင်ပါယာသခင်က ဟိန်းဟောက်သည်။ “ငါတို့က တောင်ပင်လယ်လောကကို အခုထက်ထိ ဖျက်တောင်မဖျက်စီးရသေးပေမယ့် မင်းက ငါတို့လူတွေကို သွားရှင်းပစ်တယ်လေ။ မင်းက ငါတို့အိမ်ကို အရင်ဖျက်စီးပစ်တဲ့ကောင်” သူ့စကားက အဓိပ္ပါယ်ရှိသလား စဉ်းစားမနေဘဲ သူသည် သူ၏ကိုယ်အစစ်သို့ ပြောင်းလဲလိုက်၏။ မီတာထောင်ချီရှည်လျားသော အိမ်မြှောင်ကြီးတစ်ကောင်ကား ပါရာဂွန်ရုပ်သေးရုပ်ထံ ပြေးဝင်သွားသည်။ “တောင်ပင်လယ်လောကက သေချာပေါက် အပြတ်ရှင်းခံရမှာ”
“တောင်ပင်လယ်လောက အပြတ်ရှင်းခံရမလား မခံရဘူးလား ဆိုတာကိုတော့ “ မန်ဟိုက အေးစက်စက် ပြန်ဖြေသည်။ “ငါ အပိုင်မပြောနိုင်ဘူး။ ဒါပေမဲ့ မင်း .... အခုချက်ချင်း သေရမှာကိုတော့ ငါ သိတယ်” ထို့နောက် ပါရာဂွန်ရုပ်သေးရုပ်၏လက်က မုဒြာလက်ကွက်တစ်ကွက်ဖော်ပြီးနောက် ဝှေ့ယမ်းကာ ပါရာဂွန်စွမ်းအားကို ထုတ်ဖော်လိုက်သည်။ ထိုစွမ်းအားက ပတ်ဝန်းကျင်တစ်ခုလုံးကို လှောင်အိမ်သဖွယ် ပိတ်လှောင်ပြီးနောက် ဖိအားကြီးဖြင့် ဖိချလိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းနေစဉ် အပြင်သူအင်ပါယာသခင်မှာ တဆတ်ဆတ်တုန်လာသည်။ သွေးများက သူ၏မျက်စိ၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော အနက်ရောင်မီးတောက်များ ငြိမ်းသွား၏။ သူ၏အကြေးခွံများ ပေါက်ကွဲသွားပြီး သူက ခါးသီးစွာ အော်သည်။ ထို့နောက် ဖိအားသည် သူ့ခန္ဓာကိုယ်ကို ဖောက်ခွဲ၍ သူ၏ဖြစ်တည်မှုကို ဖယ်ရှားလိုက်တော့၏။
အပြင်သူအင်ပါယာသခင်ကို သတ်ပြီးနောက် မန်ဟိုမှာ အားယုတ်သွားသည်ကို ခံစားလိုက်ရသည်။ ပါရာဂွန်ရုပ်သေးရုပ်ကို ကိုယ်တိုင်ထိန်းချုပ်ခြင်းက အတော်လေးအားကုန်လေသည်။ ပါရာဂွန်ရုပ်သေးရုပ်၏ခေါင်းပေါ်တွင် ထိုင်နေစဉ် သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာပြီး သူက တောင်ပင်လယ်လောကကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် ပါရာဂွန်ရုပ်သေးရုပ်ကို တောင်ပင်လယ်များထံ စေစားလိုက်၏။ ၎င်း ပေါ်လာသည့်အခါ အပြင်သူများမှာ မျှော်လင့်ချက်မဲ့ကုန်ကြသည်။ တချို့က ရူးချင်လာသည်၊ တချို့က ခါးသီးနေသည်။ သူတို့မှာ မျှော်လင့်ချက်မရှိသော တိုက်ပွဲကို တိုက်ခိုက်နေရပြီး... သူတို့တတ်နိုင်သည့်အရာလည်း မရှိသယောင်ပင်။
သူတို့သည် ကျူးကျော်သူများဖြစ်သော်လည်း အကျူးကျော်ခံနေရသလို ခံစားနေရတော့သည်။ စစ်ဆိုသည်ကား ... အသွားနှစ်ဖက်ချွန်သော ဓားပင် မဟုတ်ပါလော။
“အခု ကောင်းကင်ဘုံ ၃၃ ဘုံနဲ့ ပထမဆုံးတိုက်ပွဲကို နိဂုံးချုပ်လို့ရပြီ”
ကောင်းကင်ဘုံ (၁) မှ ကျန်ခဲ့သည့် အစွမ်းအထက်ဆုံးအပြင်သူမှာတော့ မှီခိုရာဂိုဏ်းချုပ်နှင့်တိုက်ခိုက်နေသော လောင်လင်းစစ်ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူသည် ကတုန်ကယင်ဖြင့် ထွက်ပြေး၏။ မှီခိုရာဂိုဏ်းချုပ်က အေးစက်စက်နှာမှုတ်ရင်း ချက်ချင်း လိုက်ဖမ်းသည်။
ကောင်းကင်ဘုံ (၁) ၏ အပြင်သူများကား ခြေဦးတည့်ရာထွက်ပြေးရင်း ဖရိုဖရဲဖြစ်နေကြတော့သည်။