ရှေးဟောင်း နတ်ဘုရား၏ အမွေ (၆)
Vol. 005 Ch. 208
ရှေးဟောင်း နတ်ဘုရား၏ အသိစိတ် ပင်လယ်သို့ ဝင်ရန်အတွက် ရှေးဟောင်း နတ်ဘုရား၏ စွမ်းအား အမွေအနှစ်ကို ရရှိရန် လိုအပ်ပေသည်။ ထိုစွမ်းအား အမွေအနှစ်ကို အသုံးပြုပြီး ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်တွင်းတွင် ကျန်ရှိနေသေးသော စိတ်စွမ်းအင်များဖြင့် အသိစိတ် ပင်လယ်ကို ဖွင့်ရမည်ဖြစ်သည်။
သို့သော်လည်း ဝမ်လင်းက ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ် အစိတ်အပိုင်းကိုသာ အမွေဆက်ခံထား၏။ ဝမ်လင်း ရရှိထားသော မှတ်ဉာဏ်ထဲတွင် ရှေးဟောင်း နတ်ဘုရားထူစီက အမွေအနှစ်ကို ဖန်တီးရန်အတွက် ဘဝကို အရှုံးပေးလိုက်သည့် အကြောင်းရင်းကို အနည်းငယ် ဖော်ပြထားသည်။
ရှေးဟောင်း နတ်ဘုရား မျိုးနွယ်သည် ထူးခြား ဆန်းပြားသော မှော်နည်းစနစ်ကို ဟိုးအရင်နှစ်ပေါင်း များစွာ ကတည်းက လက်ဆင့်ကမ်း လာခဲ့ကြသည်။ ထိုနည်းစနစ်၏ နာမည်သည် စီးဆင်းမင် ပြောင်းလဲခြင်း နတ်ဘုရား နည်းစနစ် ဖြစ်သည်။
ထိုနည်းစနစ်ကို ကျွမ်းကျင် သွားသည်နှင့် ရှေးဟောင်း နတ်ဘုရားက သူ၏နတ်ဘုရား စိတ်အာရုံကို ၁၀ခုအထိ ခွဲနိုင်လိမ့်မည် ဖြစ်သည်။ ထို့နောက် ၁၀ခုမှ တစ်သောင်း၊ တစ်သောင်းမှ တစ်မီလီယံအထိ ခွဲနိုင်လိမ့်မည် ဖြစ်သည်။ နတ်ဘုရား စိတ်အာရုံ တစ်ခုချင်းဆီက မူရင်း ခန္ဓာကိုယ်၏ ကျင့်ကြံခြင်း အဆင့်အောက် နိမ့်ကျခြင်း မရှိပေ။ ထိုကျင့်စဉ်အား တီထွင်ခဲ့သူကိုတော့ မသိရပေ။ သို့သော်လည်း နှစ်ပေါင်းများစွာ ဖြတ်ကျော် လာပြီးသည့် နောက်တွင် ထိုကျင့်စဉ်အား မည်သူကမှ ကျွမ်းကျင်အောင် မလေ့ကျင့် နိုင်ကြတော့ပေ။
ထူစီက ကျင့်ကြံခြင်းတွင် ပါရမီရှိသည့်သူဟု ဆိုနိုင်သည်။ ထိုနတ်ဘုရား နည်းစနစ်ကို ကျင့်ကြံရာတွင် ကျရှုံးခဲ့ပြီး ရူးလောက်သည့် အကြံတစ်ခုကို ပြုလုပ်ခဲ့သည်။ ထိုအရာမှ ကျင့်စဉ်ကို ပြောင်းပြန် လှန်လိုက်ခြင်း ဖြစ်သည်။ သူက သူ့အသက်ကို အဆုံးရှုံးခံလိုက်သည်။ သူက သေသွားသည့် အခိုက်အတန့်တွင် သူ၏ ဝိညာဉ်က စတင် ပျက်စီး ပျောက်ကွယ်လာသည်။ ထိုအခိုက်တွင် ထိုနတ်ဘုရား နည်းစနစ်ဖြင့် သူ၏ ဝိညာဉ် အပိုင်းအစများကို ပျောက်ကွယ် သွားခြင်းမှ ထိန်းသိမ်း၏။
သို့သော်လည်း ထူစီ ကံဆိုးသွား၏။ သူ့တွင်သာ နောက်ထပ် အချိန်ပိုရခဲ့လျှင် သူက ထိုနည်းစနစ်ကို အောင်မြင် သွားလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ထိုပြောင်းလဲမှုမှာ သူ့ဆီသို့ အနီရောင်ဆံပင်နှင့် လူတစ်ယောက်က ပြေးဝင် လာခြင်းကြောင့် ဖြစ်သည်။
ထိုလူ၏ ကျင့်ကြံခြင်း အဆင့်က အလွန်မြင့်မား၏။ ထိုလူက စွမ်းအား အမွေအနှစ်ကို အတင်းအကြပ် လုယူခဲ့ပြီး ကျန်ရှိနေသေးသော ရှေးဟောင်း နတ်ဘုရားထူစီ၏ ဝိညာဉ်နှင့် တိုက်ခိုက်ကြသည်။ နောက်ဆုံးတွင် ထူစီက သေပြီးသား ဖြစ်နေသည့်အတွက် သူ၏လက်ကျန် ဝိညာဉ်က ဖျက်ဆီး ခံလိုက်ရသည်။
ထိုအခါ အသိစိတ် ပင်လယ်က ၂ပိုင်း ကွဲသွား၏။ တစ်ပိုင်းသည် အနီရောင် ဆံပင်နှင့်လူကို ဖမ်းထားရန်အတွက် သွေးပင်လယ် ဖြစ်သွားပြီး အနီရောင် ဆံပင်နှင့်လူကို ထိုသွေးပင်လယ်မှ ထွက်မရအောင် လုပ်ခဲ့သည်။ ကျန်တစ်ပိုင်းက တစ်ယောက်ယောက် ဝင်လာခြင်းမှ ကာကွယ်ရန် ဝိညာဉ်သေ ပင်လယ် ဖြစ်သွား၏။ ထိုနေရာတွင် ဖုံးကွယ်ထားသော မှတ်ဉာဏ် အမွေအနှစ် အပြည့်အစုံ ရှိနေလေသည်။
ဝမ်လင်း၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်သွား၏။ ထို့နောက် သူက ရရှိထားသော မှတ်ဉာဏ် အမွေအနှစ်ကို ဂရုတစိုက် စစ်ဆေးကြည့် လိုက်သည်။ သူက သတင်းများကို ပိုပြီး သိရလျှင် အခြေအနေကို ဖြေရှင်းရန် အတွက် အကြံဉာဏ်များ ပိုပြီး ထွက်လာ လိမ့်မည် ဖြစ်သည်။
မှတ်ဉာဏ်ထဲမှ သတင်း အချက်အလက်များ အားလုံးကို ဖတ်ပြီးနောက် သူက ရှေးဟောင်း နတ်ဘုရားနယ်မြေ အတွင်းသို့ ဝင်လာပြီး နောက်တွင် သူ၏ အကြီးမားဆုံး အကျိုးအမြတ်မှာ “ရှေးဟောင်း နတ်ဘုရား နည်းဗျူဟာ” ဆိုသည့် စကားလုံးများ ဖြစ်သည်ဟု ခံစားရသည်။
ထို့အပြင် ရှေးဟောင်း နတ်ဘုရားထူစီ၏ မှတ်ဉာဏ်ထဲတွင် မပြည့်စုံသော သဘာဝလွန် စွမ်းအား ဥပဒေသတစ်ခု ပါဝင်နေသည်။ ထိုရှေးဟောင်း နတ်ဘုရား နည်းဗျူဟာသည် ရှေးဟောင်း နတ်ဘုရားများက သဘာဝလွန် စွမ်းအားများကို ထိန်းချုပ်ရန် သူတို့၏ အသက်စွမ်းအားများကို လေ့ကျင့်ရသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။
ထိုသဘာဝလွန် စွမ်းအား၏ အဓိက အနှစ်ချုပ်သည် “လုယက်ခြင်း” ဟူသော စကားလုံး တစ်လုံးတည်းသာ ရှိသည်။
ဝမ်လင်း ရရှိထားသော မှတ်ဉာဏ်ထဲတွင် ပထမဆုံး အဆင့်၂ဆင့်သာ ပါဝင်သည်။ သို့သော်လည်း ဝမ်လင်းက အဆင့်၂ဆင့်မှ လင်္ကာများကို လေ့လာပြီးနောက် သူ၏စိတ်ထဲတွင် အလွန် အံ့ဩသွားခဲ့ပြီး နှလုံးက တဒုန်းဒုန်း ခုန်လာသည်။ သူကသာ ဤနည်းစနစ် အတိုင်း ကျင့်ကြံမည်ဆိုလျှင် စဦးဝိညာဉ်ကို ဖွဲ့စည်းရန်မှာ အိပ်မက်တစ်ခုအဖြစ် ရှိနေတော့မှာ မဟုတ်ပေ။
ဝမ်လင်းက အချိန်ခဏလောက် စဉ်းစားပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွား၏။ သူက လက်ကို သူ့ပတ်လည်တွင်ရှိသော အလွှာပါးဆီသို့ လက်ကို ဆန့်ထုတ် လိုက်သည်။ ထို့နောက် သူက လင်္ကာတချို့ကို ရွတ်လိုက်ရာ သူ၏ခန္ဓာကိုယ်က တောက်ပလာပြီး သူ့တစ်ကိုယ်လုံးက ရုတ်တရက် ထိုနေရာမှ ပျောက်ကွယ်သွားကာ ယခင် ပျောက်သွားသည့် နေရာတွင် ပြန်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် ပြန်ပေါ်လာပြီးနောက် သူက အဝေးမှ ချီလှိုင်းလုံးကို မြင်လိုက်ရသည်။ အဆုံးမရှိသည့် ချီလှိုင်းကြီးက ဝမ်လင်းဆီသို့ အော်သံပေး၍ ပြေးဝင်လာသည်။
ဝမ်လင်းက ခံစားချက် မရှိသည့် အမူအရာဖြင့် မျက်လုံးကို ပိတ်လိုက်ပြီး သူ့လက်က လက်သင်္ကေတ တချို့ကို ပြုလုပ်လိုက်၏။ ချီလှိုင်းက သူ့ဆီသို့ ရောက်လာသည်နှင့် သူက လက်ကို ရှေ့သို့ တွန်းပို့ လိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်က ချီလှိုင်းနှင့် ပေါင်းစည်း သွားပြီး ချီလှိုင်းက သူ့ကို အဝေးသို့ ခေါ်ဆောင် သွား၏။
ယခင်ကဆိုလျှင် ဝမ်လင်းက ဤသို့ မလုပ်နိုင်ခဲ့ပေ။ သို့သော်လည်း ယခုအချိန်တွင် သူက ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ် အစိတ်အပိုင်းတစ်ခုကို ရရှိထား၏။ ထို့ကြောင့် သူက တခြားသူများထက် ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ် အကြောင်းကို ပိုသိနေသည်။
ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် သူက ပုန်းနေချင်လျှင် မည်သူကမှ ရှာလို့ တွေ့လိမ့်မည် မဟုတ်ချေ။ သို့သော်လည်း သွေးပင်လယ်ထဲတွင် ပိတ်မိနေသည့် စွမ်းအား အမွေအနှစ်ကို ရရှိထားသော အနီရောင်ဆံပင်နှင့် လူကတော့ သူ၏မြင့်မားလှသော အစွမ်းကို အစွမ်းကုန် အသုံးချမှသာ ဝမ်လင်းကို ရှာတွေ့နိုင်ရန် အခွင့်အရေး ရှိပေလိမ့်မည်။
သူက ချီလှိုင်းကို စီးနေရင်း အကြံတစ်ခုက အတွေးထဲတွင် လက်သွား၏။ သူက တစ်နေရာသို့ ရောက်သောအခါ ချီလှိုင်းပေါ်မှ ဆင်းလိုက်သည်။ ချီလှိုင်း၏ အကူအညီကြောင့် သူက ကောင်းကင်ကြီး၏ အစွန်းသို့ ရောက်လာခဲ့လေပြီ။ သူက လေဟာနယ်ထဲတွင် ညာလက်ကို အပေါ်မှ ဆွဲချလိုက်ရာ အက်ကွဲကြောင်း တစ်ခု ပေါ်လာသည်။ ထို့နောက် သူက အက်ကွဲကြောင်း အတွင်းသို့ ဝင်သွား၏။
သူက ပြန်ပေါ်လာသည့် အချိန်တွင် သူက ချီပင်လယ်ကို ထွက်ခွာ လာခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူက ဘိုးဘေးနေရာ၌ ရှိသည့် အသိစိတ် ပင်လယ်ဆီသို့ ပျံသန်း သွားလိုက်သည်။ ဝမ်လင်းက ပျံသန်းနေရင်း အသိစိတ် ပင်လယ်၏ အပြင်ဘက်ရှိ ဝိညာဉ်သေ ပင်လယ်ကို သေချာလေ့လာရန် ဆုံးဖြတ်ချက် ချလိုက်သည်။
ဝမ်လင်းက ချီပင်လယ်မှ ထွက်လာပြီးနောက် သူက ခမ်းနား ထည်ဝါလှသော ကမ္ဘာကြီးကို မြင်တွေ့လိုက်ရသည်။ ယခင်ကဆိုလျှင် ဤနေရာကြီးက အဆုံးမရှိဟု သူက တွေးမိလိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် သူက မှတ်ဉာဏ် အမွေအနှစ်ကို ရရှိထားသော လူဖြစ်သည်။ ဤနေရာသည် သူ့အတွက် ထူးခြား ဆန်းပြားသော နေရာတစ်ခု မဟုတ်တော့ချေ။
ပျံသန်းနေစဉ်တွင် ဝမ်လင်း၏ အမူအရာက တည်ငြိမ်နေသည်။ တစ်ခါတစ်ရံတွင် ဝမ်လင်းက လေထဲကို လက်ဖြင့် ဆွဲပြီး အက်ကွဲကြောင်းများကို ဖန်တီးကာ ဝင်သွားတတ်သည်။ သူက ပြန်ပေါ်လာသည့် အချိန်တွင် သူက အက်ကွဲကြောင်း အတွင်းသို့ ဝင်လာခဲ့သည့် နေရာနှင့် ပေထောင်ပေါင်း များစွာ ဝေးလာခဲ့ပြီ ဖြစ်သည်။
ထိုအရာက ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်ထဲတွင် အသုံးပြုနိုင်သော အထူး နည်းစနစ်တစ်ခု ဖြစ်သည်။ သူက မှတ်ဉာဏ် တစ်ခုလုံးကို ရရှိခဲ့လျှင် အတွေး တစ်ချက်ဖြင့် ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်အတွင်းရှိ မည်သည့် နေရာကိုမဆို ရောက်နိုင် လိမ့်မည် ဖြစ်သည်။
ဝမ်လင်းက အက်ကွဲကြောင်း အတွင်းမှ ထွက်လာပြီးနောက် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သရော်ပြုံး ပြုံးလိုက်သည်။ ရုတ်တရက် သူ့ရှေ့ရှိ လေဟာနယ်က တွန့်လိမ့်လာပြီး မိစ္ဆာကျင့်ကြံသူ တစ်ယောက် ရောက်လာသည်။ သူက ဝမ်လင်းကို မြင်သောအခါ အံ့အားသင့်သွားပြီး နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ရယ်မော လိုက်သည်။
“ကောင်လေး … နောက်ဆုံးတော့ ဒီအဘိုးကြီးက မင်းကို ရှာတွေ့ပြီပဲ…”
သူက ပြောရင်း ညာလက်ဖြင့် ဝမ်လင်းအား ဖမ်းဆွဲလိုက်သည်။ ဝမ်လင်းက တည်တည် ငြိမ်ငြိမ်ဖြင့် နောက်သို့ တစ်လှမ်းဆုတ်ပြီး ရှုတ်ထွေးသော လင်္ကာတစ်ခုကို ရွတ်လိုက်သည်။
ထိုအခါ ချက်ချင်းပင် ပတ်ဝန်းကျင်က ရှည်သွားသကဲ့သို့ ဝမ်လင်းနှင့် မိစ္ဆာကျင့်ကြံသူ၏ ကြားရှိ အကွာအဝေးက ပေအနည်းငယ်မှ ပေတစ်သောင်းကျော် ကွာဝေးသွားသည်။
ထိုအခါ မိစ္ဆာကျင့်ကြံသူ၏ ညာလက်က လေကိုသာ ဖမ်းဆုပ်မိသွား၏။ သူက ရှေ့တွင် ဖြစ်ပျက်သွားသော အဖြစ်အပျက်ကြောင့် အံ့အားသင့်သွားပြီး သူ့မျက်နှာက မည်းမှောင်သွားကာ ကျယ်လောင်စွာဖြင့် ငိုကြွေး လိုက်သည်။ ထို့နောက် သူက ညာလက်ကို ရှေ့သို့ ပစ်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ပေတစ်သောင်းကျော် အကွာအဝေးတွင် ရှိနေသော ဝမ်လင်းဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွား၏။
ဝမ်လင်းက မိစ္ဆာကျင့်ကြံသူကို ကြည့်ပြီး အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက ဝှေ့ယမ်းပြီး အက်ကွဲကြောင်း တစ်ခု ဖန်တီးကာ အက်ကွဲကြောင်း အတွင်းသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။
မိစ္ဆာကျင့်ကြံသူက နောက်တစ်ကြိမ် အံ့အားသင့် သွားပြန်သည်။ သူက မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး သူ၏နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ အနားအနားရှိ နေရာတစ်ခုလုံးကို စစ်ဆေး ကြည့်လိုက်သည်။
ထိုအခါ သူ၏ နတ်ဘုရား စိတ်အာရုံက တခြား မိစ္ဆာကျင့်ကြံသူ တစ်ယောက်နှင့် ချိတ်ဆက်မိသွားပြီး ထိုမိစ္ဆာ ကျင့်ကြံသူက ဝမ်လင်းအား တွေ့ပြီဆိုသည့် သတင်းကို လွှင့်လိုက်၏။ သူက ထိုမက်ဆေ့ကို ရသည်နှင့် ထိုမိစ္ဆာကျင့်ကြံသူ ရှိသည့် အရပ်ဆီသို့ အမြန်ဆုံး ပျံသန်း သွားလိုက်သည်။ အတားတူစွာပင် တခြားမိစ္ဆာ ကျင့်ကြံသူများ သည်လည်း ထိုမိစ္ဆာကျင့်ကြံသူ ရှိသည့် အရပ်ဆီသို့ အမြန်ဆုံး သွားနေကြ၏။
ထိုအချိန်တွင် မိစ္ဆာကျင့်ကြံသူ အနည်းငယ်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက် ထားသဖြင့် ဝမ်လင်းက ပေါ်လာသောအခါ သူတို့က တွေ့သွားပြီး ဝမ်လင်းဆီသို့ အမြန်ဆုံး ပျံသန်းကြ၏။
ဝမ်လင်း ရရှိထားသော ရှေးဟောင်း နတ်ဘုရား၏ မှတ်ဉာဏ်က သူ၏ ကျင့်ကြံခြင်းကို မတိုးမြှင့်ပေး နိုင်သော်လည်း ရှေးဟောင်း နတ်ဘုရား၏ ခန္ဓာကိုယ်တွင်း ဆိုလျှင် သူ သွားချင်သည့် နေရာကိုမဆို သွားနိုင်နေလေပြီ။ မည်သူကမှ သူ့လောက် ဤနေရာအကြောင်း မသိကြချေ။
ရှေးဟောင်း နတ်ဘုရား၏ စွမ်းအား အမွေအနှစ်ကို ရရှိသွားသော ဆံပင်အနီနှင့် လူတောင်မှ ဤနေရာတွင် သူနှင့် မယှဉ်နိုင်ပေ။ အမွေအနှစ်၂ခု၏ အမျိုးအစားကလည်း လုံးဝ ကွဲပြားနေသည့် အရာ၂ခုဆိုတာ ပြောနေစရာပင် မလိုပေ။
မိစ္ဆာကျင့်ကြံသူများက ဝမ်လင်းကို တွေ့သွားသည့် အချိန်တွင် သူတို့က ဝမ်လင်းဆီသို့ အမြန်ဆုံးနှုန်းဖြင့် လာနေကြသည်။ သို့သော်လည်း သူတို့က နတ်ဘုရား စိတ်အာရုံဖြင့် ဝမ်လင်းကို သေချာ ကြည့်နေလျှင်တောင်မှ သူတို့၏ နတ်ဘုရား စိတ်အာရုံအတွင်းမှ ဝမ်လင်းက ချက်ချင်း ပျောက်ကွယ် သွားသည်။ ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် ဝမ်လင်းက သူတို့ထက် ဤနေရာ အကြောင်း သိနေသည်မှာ အထင်အရှား ဖြစ်သည်။
မိစ္ဆာ ကျင့်ကြံသူများက ချီပင်လယ်နှင့် ဘိုးဘေးနေရာ၏ ကြားရှိနေရာသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ ကြသည်။ သူတို့၏ စုပေါင်း နတ်ဘုရား စိတ်အာရုံက ဝမ်လင်းကို အလွယ်အကူ ရှာတွေ့သော်လည်း ထူးဆန်းစွာဖြင့် ချက်ချင်း ပျောက်သွား၏။ ထိုကဲ့သို့ အကြိမ်ရေ အနည်းငယ်ခန့် ဖြစ်ပြီးနောက် ဝမ်လင်း၏ အရိပ်အယောင်ကို လုံးဝ ရှာမတော့ပေ။
ဝမ်လင်းက သရော်ပြုံး ပြုံးလိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းပြီး အက်ကွဲကြောင်း အတွင်းသို့ ဝင်လိုက်၏။ အက်ကွဲကြောင်း အတွင်းမှ ထွက်လာသောအခါ ဝမ်လင်းက အသိစိတ် ပင်လယ်၏ အပြင်ဘက် ဘိုးဘေးနေရာသို့ ရောက်နေလေပြီ။
***