အခန်း ၁၃၅၁
Vol. 91 Ch. 1351
အခန်း (၁၃၅၁) ဘုန်းတော်ကြီး
ဤကဲ့သို့ ထူးဆန်းလှသော အခြေအနေမျိုးတွင် ဘုန်းတော်ကြီးသည် ထိတ်လန့်သွားသည့် အရိပ်အယောင်မျှပင် မပြခဲ့ပေ။ ထို့အစား သူသည် သူ၏ကျောပိုးအိတ်ထဲမှ သပိတ်တစ်လုံးနှင့် မုယွီတစ်ခုကို ထုတ်ယူလိုက်ပြီး မြို့လေးရှိ ဆိုင်ခန်းအလယ်တွင် ရပ်ကာ မုယွီကို ညင်သာစွာ ခေါက်နေသည်။
တစ်သတ်မတ်တည်း ထွက်ပေါ်နေသော သစ်သားငါးခေါက်သံသည် တိတ်ဆိတ်ငြိမ်သက်နေသော ညနေခင်း၏ အဝေးဆီသို့တိုင် လွင့်ပျံ့သွားသည်။
မြို့ငယ်လေး၏ ပြတင်းပေါက်များ နောက်ကွယ်တွင် အရိပ်များ စတင်လှုပ်ရှားလာကြသည်။ ဘုန်းတော်ကြီးကမူ မည်သည့်အရာကိုမျှ သတိမထားမိသည့်အလား မုယွီကိုသာ ဆက်လက် ခေါက်နေသည်။
အဆုံးတွင်တော့ မြို့လေးရှိ တံခါးတစ်ချပ်ကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီးနောက် လက်ထဲတွင် ကြမ်းတမ်းသော မြေအိုးပန်းကန်လုံးတစ်လုံးကို ကိုင်ဆောင်ထားကာ ဝမ်းနည်းပူဆွေးနေသော မျက်နှာထားဖြင့် အသက်အရွယ်ကြီးရင့်သူ အဘိုးအိုတစ်ဦး ထွက်ပေါ်လာလေသည်။
သူက ဘုန်းတော်ကြီးဆီသို့ လက်ယမ်းပြကာ ပြောလိုက်သည်။
"ဆက်မခေါက်နဲ့တော့"
မုယွီ ခေါက်သံသည်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ ဘုန်းတော်ကြီးက ခေါင်းမော့လာပြီး အဘိုးအိုကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ အဘိုးအိုသည် အနီးသို့ ချဉ်းကပ်လာကာ သူ၏ ပန်းကန်ထဲမှ အရာများကို ဘုန်းတော်ကြီး၏ သပိတ်ထဲသို့ လောင်းထည့်ပေးလိုက်ပြီး ခါးသီးစွာ ပြုံးလျက် ပြောသည်။
"ဆရာတော်လေး၊ ကျုပ်တို့ မြို့မှာ စားစရာဆိုလို့ ဘာမှကို မကျန်တော့တာပါ၊ ဒါလေးပဲ ရှိပါတော့တယ်... ဒါကို ဘုန်းပေးပြီး မြန်မြန် ကြွသွားပါတော့"
"ဒကာကြီးကို ကျေးဇူးတင်ပါတယ်"
ဘုန်းတော်ကြီးသည် ကျေးဇူးတင်သည့်အနေဖြင့် လက်အုပ်ကို ညင်သာစွာ ချီလိုက်ပြီးနောက် လမ်းမပေါ်တွင် ရပ်လျက် သပိတ်ထဲမှ ဆွမ်းများကို တစ်လုတ်ပြီးတစ်လုတ် ဘုန်းပေးနေသည်။
သပိတ်သည် ကြီးမားလှသော်လည်း ဆွမ်းပမာဏမှာမူ အလွန်နည်းပါးလှသည်။ အနည်းငယ်မျှ ဘုန်းပေးလိုက်ပြီးနောက် ဘုန်းတော်ကြီးသည် သပိတ်ထဲရှိ ဆွမ်းများကို အားလုံး ကုန်စင်အောင် ဘုန်းပေးပြီးစီးသွားလေသည်။
အဘိုးအိုသည် တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။ ဘုန်းတော်ကြီး ဘုန်းပေးပြီးသွားသောအခါ သူက လက်ကာပြလိုက်ပြီး ပြောသည်။
"သွားပါတော့၊ ဆရာတော် စောစောထွက်သွားလေ ကောင်းလေပါပဲ၊ ဒီနေရာက ဆရာတော်နေရမယ့် နေရာမဟုတ်ပါဘူး"
ဘုန်းတော်ကြီးက မည်သည့်စကားမျှ မဆိုဘဲ အဘိုးအိုကို ပြုံးပြလိုက်သည်။
"ဒကာကြီး ပြန်ပါတော့၊ ဦးဇင်းဘာသာဦးဇင်းပဲ ကြွသွားပါ့မယ်"
အဘိုးအိုက ခေါင်းညိတ်ပြပြီးနောက် အိမ်ထဲသို့ လှည့်ဝင်သွားလေသည်
တံခါးပိတ်သံသည် ရှည်လျားသော လမ်းမကြီးတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ပြတင်းပေါက်များ နောက်ကွယ်ရှိ အကြည့်များစွာက အရာအားလုံးကို စောင့်ကြည့်နေကြပုံရသည်။
ဘုန်းတော်ကြီးသည် လှည့်ထွက်သွားပြီး တိတ်ဆိတ်စွာပင် လျှောက်လှမ်းသွားသည်။ သူ၏ ပုံရိပ်လေး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်နှင့် မြို့လေးသည် သေမင်းတမန်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်မှုဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ပြတင်းပေါက်များ နောက်ကွယ်မှ အကြည့်များလည်း ပျောက်ကွယ်သွားကြသည်။
သို့သော် သူတို့ မမြင်လိုက်ရသည့်အရာမှာ မြို့အစွန်သို့ ရောက်သောအခါ ဘုန်းတော်ကြီးသည် သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်တန့်လိုက်ပြီး စိပ်ပုတီးကို ကိုင်ဆောင်ကာ တစ်စုံတစ်ခုကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့ခြင်းပင် ဖြစ်သည်။
တစ်နာရီ၊ တစ်နာရီခွဲ...
မဆုံးတွင်တော့ နတ်ဆိုးဆန်သော လမင်းကြီးသည် အမည်းရောင် တိမ်တိုက်များကို ထိုးဖောက်ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးအား သွေးရောင်လွှမ်းသော အလင်းရောင်များဖြင့် ရေချိုးပေးလိုက်သည်နှင့် တစ်ပြိုင်နက် အေးစက်သော လေပြင်းတစ်ရပ်သည် အဝေးဆီမှ ထွက်ပေါ်လာကာ မြို့လေးအပေါ်သို့ ဟိန်းဟောက်တိုက်ခတ်လာပြီးနောက် အထက်ကောင်းကင်ယံတွင် အကြိမ်အနည်းငယ် လှည့်ပတ်ကာ မြို့၏လမ်းမများပေါ်သို့ ဆင်းသက်လာသည်။
အေးစက်သော လေပြင်းများ ကွယ်ပျောက်သွားသောအခါ သွေးဖြင့် ဆိုးဆေးခြယ်ထားသကဲ့သို့ နီရဲနေသော နှုတ်ခမ်းများရှိသည့် ကြမ်းကြုတ်သော တစ္ဆေ အကောင်အချို့၏ ပုံရိပ်များ ထင်ရှားလာသည်။
သူတို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ဤတစ္ဆေများသည် မောက်မာစွာ အော်ဟစ်ရယ်မောလိုက်ကြသည်။
"ဒီနေ့တော့ တစ္ဆေသခင်ကြီး ကောင်းကောင်း စားသောက်ပြီးသွားပြီ၊ နောက်ဆုံးတော့ ငါတို့အလှည့် ရောက်ပြီပေါ့"
ခေါင်းတုံးတုံးထားသည့် နားရွက်ကြီးကြီးနှင့် တစ္ဆေတစ်ကောင်က ရယ်မောပြောလိုက်သည်။
"ဒါပေါ့၊ တစ္ဆေသခင်ကြီးက အားလုံးကို ပြောင်စင်အောင် ဝါးမြိုပစ်လိုက်တော့ ငါတို့အတွက် ဘာမှ မကျန်တော့ဘူးလေ၊ ငါတို့က အပြင်ထွက်ပြီး အကြွင်းအကျန်တွေကိုပဲ လိုက်ရှာစားရတော့မှာပေါ့"
ကျူရိုးတစ်ချောင်းကဲ့သို့ ပိန်ချုံးနေသော အခြားတစ္ဆေတစ်ကောင်က ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလျက် ဝင်ပြောသည်။ အနီးနားတွင် ရပ်နေသော အစွယ်များပြူးထွက်နေသည့် မျက်နှာစိမ်း တစ္ဆေတစ်ကောင်မှာမူ တိတ်ဆိတ်စွာနေပြီး လေထဲသို့ အနံ့ခံလိုက်ကာ ရုတ်တရက် သူ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်နှင့် ထိုလက်သည် ချက်ချင်းပင် ရှည်ထွက်သွားကာ အနီးရှိ အိမ်တစ်လုံးအတွင်းသို့ လှမ်းဝင်သွားလေသည်။
အိမ်ထဲမှ ထိတ်လန့်တကြား အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး လက်ကို ပြန်ရုပ်လိုက်သောအခါ ဆယ့်ငါး၊ ဆယ့်ခြောက်နှစ်အရွယ်ခန့်ရှိ ပိန်လျလျ မိန်းကလေးတစ်ဦးကို ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။
မိန်းကလေးမှာ သွယ်လျနေပြီး သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေသော်လည်း သူမ၏ ရုပ်ဆင်းသွင်ပြင်မှာမူ သိမ်မွေ့နူးညံ့နေဆဲဖြစ်သည်။
ဤမြင်ကွင်းကို မြင်သောအခါ အခြားတစ္ဆေများအားလုံးသည် အလွန် ဆာလောင်မွတ်သိပ်နေသော အမူအရာများကို ပြသလာကြသည်။
"ဟေး... ဟေး... ဒီလို အရသာရှိမယ့် အရာလေး ဒီနားမှာ ပုန်းနေမယ်လို့ ဘယ်သူက ထင်မှာလဲ၊ ကြည့်ရတာ ဒီညတော့ ငါတို့ ညီအစ်ကိုတွေ ပွဲတော်တည်ရတော့မှာပဲ"
ခေါင်းကြီးတစ္ဆေက သူ၏ နီရဲနေသော လျှာကြီးကို လောဘတကြီး ထုတ်ပြရင်း ပြောလေသည်။
"အမှန်ပဲ၊ ဒီအရွယ်က ငါအကြိုက်ဆုံးပဲ၊ ငါတို့ ကစားလို့ဝသွားပြီဆိုရင် သူမရဲ့ ဝိညာဉ်အနှစ်သာရကို စားရတာ တကယ်ကို အရသာရှိမှာ၊ ဒီထက်ပိုကောင်းတဲ့ အရသာဆိုတာ မရှိနိုင်တော့ဘူး"
ပိန်ချုံးနေသော တစ္ဆေက တခစ်ခစ် ရယ်မောလေသည်။ မိန်းကလေးကို ဆွဲကိုင်ထားသော တစ္ဆေက ဘာမှမပြောသော်လည်း သူ၏ ပါးစပ်ထောင့်မှ သွားရည်များ ကျဆင်းလာကာ အောက်ခြေရှိ မြေကြီးကို စားပစ်ပြီး တွင်းကျယ်ကြီးတစ်ခု ဖြစ်သွားစေသည်။
မိန်းကလေးသည် လဲကျမတတ် တုန်ရီနေရင်းမှ အဆုံးတွင် ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
သူမ၏ အော်ဟစ်သံကြောင့် တစ်မြို့လုံးတွင် ဂနာမငြိမ်မှုလှိုင်းတစ်ခု ရိုက်ခတ်သွားစေလေသည်။ ပြတင်းပေါက်များ နောက်ကွယ်တွင် လူရိပ်များ အဆက်မပြတ် လှုပ်ရှားနေကြပြီး ဒေါသတကြီးဖြင့် ဖိနှိပ်ထားသော အသက်ရှူသံများကိုပါ ကြားနိုင်သည်။
ကြမ်းကြုတ်သော တစ္ဆေများက ဤအရာကို လုံးဝ ဂရုမစိုက်ကြချေ။ ထို့အစား သူတို့က လှောင်ပြောင် ရယ်မောလိုက်ကြသည်။
"အော်စမ်း၊ ကျယ်ကျယ်လေး ထပ်အော်စမ်းပါ၊ အဲဒါက ငါတို့ကို ပိုပြီး ပျော်ရွှင်စေတယါ"
"ဟက်... မင်းတို့ ကြားလိုက်လား၊ ဒီမြို့က လူတွေက ဒေါသထွက်နေကြတုန်းပဲကွ၊ အခု ဘာဖြစ်ချင်တာလဲ။ မင်းတို့ အားလုံး သေချင်နေကြတာလား ပြောစမ်းပါဦး"
ဝတုတ်နေသော တစ္ဆေက လှောင်ပြောင်လိုက်သည်။ ဒေါသတကြီး ဟိန်းဟောက်လိုက်သော သူ၏အသံကြောင့် မသက်မသာ ရေရွတ်သံများမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားရသည်။
မိန်းကလေးသည် မုန်တိုင်းထဲမှ သစ်ရွက်လေးတစ်ရွက်အလား တုန်ရီနေပြီး သူမ၏ မျက်လုံးများထဲရှိ အလင်းရောင်များမှာ မျှော်လင့်ချက် ကင်းမဲ့ခြင်းဆီသို့ မှေးမှိန်သွားသည်။
ထိုအချိန်မှာပင် တံခါးတစ်ချပ် ရုတ်တရက် ပွင့်လာပြီး အဘိုးအို ထွက်လာသည်။ သူ၏ အကြည့်ထဲတွင် အကြောက်တရားများ ရှိနေသော်လည်း မျက်နှာပေါ်တွင် တောင်းပန်သည့် အပြုံးတစ်ခုကို ဖော်ပြထားလေသည်။
"မြို့... မြို့သူကြီးက... အင်မော်တယ် သခင်ကြီးတွေကို တောင်းပန်ပါတယ်ဗျာ"
"မြို့သူကြီး... ဟား... မင်းက ဘာလိုချင်လို့လဲ"
ခေါင်းကြီးတစ္ဆေက အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ မြို့သူကြီးသည် သူ၏ ဝတ်ရုံများကြားတွင် တုန်ရီနေသော်လည်း ဖားယားမြှောက်ပင့်သော အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်လေသည်။
"အင်... အင်မော်တယ် သခင်ကြီးများခင်ဗျာ... ဒီမိန်းကလေးက မိဘမဲ့ဖြစ်ပြီး ရိုးအတဲ့ ကလေးလေးပါ၊ သခင်ကြီးတို့ သဘောထားကြီးကြီးနဲ့ သူမ အသက်ကို ချမ်းသာပေးလို့ ရနိုင်မလားခင်ဗျာ"
"သူ့အသက်ကို ချမ်းသာပေးရမယ်၊ ဘာလဲ... မင်းမှာ ငါတို့ကို အစားထိုးပေးဖို့ တခြား မိန်းမတွေ ရှိလို့လား"
ပိန်ချုံးနေသော တစ္ဆေက လှောင်ပြောင်လိုက်သည်။
"မ...မရှိပါဘူးဗျာ... ဒါပေမဲ့ ကျွန်တော်တို့ ပိုက်ဆံနဲ့ ပစ္စည်းတချို့ကို စုဆောင်းထားပါတယ်၊ အဲဒါတွေကို အင်မော်တယ် သခင်ကြီးတွေဆီကို ဆက်သပါ့မယ်..."
အဘိုးအိုက ရိုကျိုးစွာ ပြုံးလျက် ပြောလေသည်။ သူ စကားမဆုံးမီမှာပင် မိန်းကလေးကို ကိုင်ထားသော တစ္ဆေက ဒေါသတကြီး ရုတ်တရက် ဟိန်းဟောက်လိုက်သည်။
"တော်လိုက်တော့"
သူက လက်တစ်ဖက်ကို အောက်သို့ ဝှေ့ယမ်းချလာသည်။ အပုပ်နံ့နံနေသော လေပြင်းတစ်ရပ် ပြင်းထန်စွာ ထွက်ပေါ်လာသည်။ အကယ်၍ ဤတိုက်ခိုက်မှုသာ ထိမှန်သွားပါက အဘိုးအိုသည် ချက်ချင်းပင် အမှုန့်ကြိတ်ခံလိုက်ရမည် ဖြစ်သည်။
မြို့လေးထဲတွင် ထိတ်လန့်ပြာယာခတ်မှုများ ပေါက်ကွဲထွက်ပေါ်လာသည်။ အဘိုးအိုသည် အကြောက်တရားကြောင့် အေးခဲသွားရသည်။ သို့သော် ထိုအချိန်လေးမှာပင် မီးခိုးရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ဘုန်းတော်ကြီးသည် သူ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ၏ လက်ဝါးကို မြှောက်ကာ မျက်နှာစိမ်း တစ္ဆေ၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်သည်။
ပဲ့တင်ထပ်သွားသော ရိုက်ခတ်သံအပြီးတွင် ထိုတစ္ဆေသည် နောက်သို့ ခြေတစ်လှမ်း ယိမ်းယိုင်ဆုတ်ခွာသွားရသည်။
ဘုန်းတော်ကြီးမှာမူ နောက်သို့ ခြေသုံးလှမ်းခန့် ဆုတ်လိုက်ရသည်။
"ဘုန်းကြီးပါလား"
ခေါင်းကြီးတစ္ဆေက ဒေါသတကြီး အော်ဟစ်သည်။ အဘိုးအိုမှာမူ လုံးဝ ဆွံ့အမင်သက်သွားပုံရသည်။ ဘုန်းတော်ကြီးက သူ၏ဘက်သို့ လှည့်ကာ ညင်သာသော အပြုံးလေးတစ်ခုကို ပေးလိုက်လေသည်။
"ဒကာကြီးဆီက ဆွမ်းတစ်စေ့ဟာ မြင်းမိုရ်တောင်လောက် အလေးချိန်ရှိပါတယ်၊ ဒကာကြီးတို့အတွက် ဒီကပ်ဘေးကို ဦးဇင်း ဖြေရှင်းပေးပါ့မယ်"
"ဖြေရှင်းပေးမယ် ဟုတ်လား၊ မင်းတစ်ယောက်တည်းနဲ့လား"
ဤအချိန်တွင် တစ္ဆေသုံးကောင်စလုံးသည် ဘုန်းတော်ကြီး၏ အဆင့်ကို ခွဲခြားသိမြင်သွားကြပြီ ဖြစ်သည်။
သူသည် ခွန်အား အနည်းငယ်သာရှိသော သာမန် ဘုန်းကြီးပျိုလေး တစ်ပါးသာ ဖြစ်ကြောင်း မြင်သောအခါ သူတို့အားလုံး သက်ပြင်းချလိုက်ကြပြီးနောက် အငြိုးတကြီး တွန့်လိမ်နေသော မျက်နှာများဖြင့် ရှေ့သို့ တိုးဝင်လာကြလေသည်။
ချက်ချင်းပင် လေထုသည် မှိုင်းညို့နေသော လေပြင်းများနှင့် တစ္ဆေအရိပ်များဖြင့် ထူထပ်သွားလေသည်။
ဤလွှမ်းမိုးနိုင်လောက်အောင် အင်အားကြီးမားသော ဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသော်လည်း ဘုန်းတော်ကြီးသည် အကြောက်တရား ကင်းမဲ့နေဆဲဖြစ်သည်။ ထို့အစား သူက မျက်လုံးများကို ဖြည်းညင်းစွာ ပိတ်လိုက်ပြီး ကျမ်းစာများကို ညင်သာစွာ ရွတ်ဆိုလိုက်သည်။
"ဥုံ... ဗလာမလင်ဒါ... ဆွာဟာ..."
ရွတ်ဆိုသံ အဆုံးတွင် ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး တစ္ဆေသုံးကောင်နှင့် ဝင်တိုက်မိသွားလေသည်။
တစ္ဆေနှစ်ကောင်သည် လွင့်စင်သွားခဲ့သော်လည်း မျက်နှာစိမ်း တစ္ဆေကမူ ရွှေရောင်အလင်းတန်းကို ချေမှုန်းပစ်လိုက်ပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"မင်းက ငါတို့ကို တရားနဲ့ချွတ်ချင်တာလား၊ မင်းကိုယ်မင်း အရင် ချွတ်သင့်တယ် ထင်တယ်နော်"
ဤစကားများနှင့်အတူ သူက လက်ကိုမြှောက်ကာ ထပ်မံ တိုက်ခိုက်လိုက်သည်။ ဘုန်းတော်ကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးဖွယ် ကရုဏာတရားများ ပေါ်လွင်လာပြီး သူ၏ လက်များကို ပူးကပ်ကာ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ဒကာတို့ရဲ့ ငြိမ်းချမ်းမှုအတွက် ဦးဇင်းရဲ့ အသက်ကို စတေးဖို့ ဆုတောင်းပါတယ်"
ထိုသို့ပြောပြီးသည်နှင့် သူသည် တိုက်ခိုက်မှုကို ရင်ဆိုင်ရန် မတုန်မလှုပ်ဘဲ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။
"ဆရာတော်လေး..."
အဘိုးအိုက ထိတ်လန့်တကြား အော်ဟစ်လာသည်။ မျက်နှာစိမ်း တစ္ဆေက နတ်ဆိုးတစ်ကောင်ကဲ့သို့ တဟားဟား ရယ်မောသည်။
"မိုက်မဲတဲ့ ကတုံးတွေ၊ တခြားသူတွေကို ကယ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် စတေးတယ်ပေါ့၊ ဘာအဓိပ္ပာယ် ရှိလို့လဲ"
ထိုအချိန်မှာပင် ညင်သာသော သက်ပြင်းချသံတစ်ခု ပဲ့တင်ထပ်သွားပြီး တစ္ဆေသုံးကောင်စလုံးသည် တားဆီး၍မရနိုင်သော အင်အားဖြင့် သူတို့ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ရောက်လာသော လွှမ်းမိုးနိုင်စွမ်းရှိသည့် အရှိန်အဝါတစ်ခုကို ရုတ်တရက် ခံစားလိုက်ကြရသည်။
သူတို့ တုံ့ပြန်ရန် အချိန်မရမီမှာပင် ဤအင်အားက သူတို့ကို မလှုပ်ရှားနိုင်အောင် ချုပ်နှောင်လိုက်လေသည်။
ထိတ်လန့်ကြောက်ရွံ့မှုများကြားတွင် တစ္ဆေသုံးကောင်သည် လေဟာပြင်အတွင်းသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားကာ ဘာမျှမကျန်သည်အထိ အရည်ပျော်သွားကြတော့သည်။
--