← Chapters

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အခန်း ၁၃၅၂

Vol. 91 Ch. 1352

အခန်း (၁၃၅၂) ကျင်းကျွယ်

နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မျက်နှာစိမ်းတစ္ဆေ၏ လေထဲတွင် ချုပ်နှောင်ခြင်းကို ခံထားရသော မိန်းကလေးသည် မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျလာခဲ့သော်လည် သူမသည် သတိမထားမိသည့်အလား လမ်း၏ တစ်ဖက်ခြမ်းသို့သာ ငေးမောကြည့်နေသည်။

ဘုန်းတော်ကြီးနှင့် ဤမြို့ငယ်လေး၏ မြို့သူကြီးတို့သည်လည်း မနေနိုင်ဘဲ ခေါင်းလှည့်ကာ ကြည့်လိုက်မိကြသည်။ ထို့နောက် ပြောင်းလဲလှုပ်ရှားနေသော အမှောင်ထုကြားမှ အဖြူရောင်ဝတ် လူငယ်လေးတစ်ဦး ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ရှိနေပြီး သူ၏ မျက်လုံးများကို ပို၍ တောက်ပနေစေသည်။ ဤလူငယ်လေး၏ အသွင်အပြင်က မြို့ထဲရှိ လူအများစုကို ပါးလွှာသော ရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားရစေပြီး သူသည် လူသားလား တစ္ဆေသရဲလား၊ မိတ်ဆွေလား ရန်သူလား ဆိုသည်ကို မသေချာနိုင်အောင် ဖြစ်စေလေသည်။

ဘုန်းတော်ကြီး တစ်ပါးတည်းသာ အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ထို့နောက် ထိုလူငယ်လေးကို စူးစိုက်ကြည့်နေလေသည်။ ပေါ်လာသော လူငယ်လေးမှာ သဘာဝကျစွာပင် ရွှယ်အန်း ဖြစ်လေသည်။

သူသည် ဤနေရာအထိ ဘုန်းတော်ကြီး၏ နောက်သို့ လိုက်လာခဲ့ခြင်းဖြစ်ပြီး၊ ကြည့်လေလေ ပို၍အံ့သြရလေလေ ဖြစ်နေခဲ့သည်။ အကြောင်းမှာ သူသည် ဘုန်းတော်ကြီးနှင့် ပတ်သက်၍ ထူးဆန်းမှု အရိပ်အယောင်တစ်ခုကို အမြဲတမ်း ခံစားနေရသောကြောင့် ဖြစ်သော်လည်း၊ အတိအကျ ဘာတွေထူးဆန်းနေသလဲ ဆိုသည်ကိုမူ လက်ညိုးထိုး မပြနိုင်ခဲ့ချေ။

ထို့ကြောင့် ရွှယ်အန်းသည် သူကိုယ်သူ ထုတ်ဖော်ပြသခြင်း မရှိဘဲ ဘေးမှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့ခြင်းသာ ဖြစ်သည်။ ဤကြမ်းကြုတ်သော တစ္ဆေများ ပေါ်လာသည့် အချိန်အထိ၊ ဘုန်းတော်ကြီးသည် မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ရှေ့သို့ တိုးထွက်သွားကာ၊ တရားဓမ္မအတွက် သူကိုယ်သူ စတေးရန်ပင် ပြင်ဆင်နေသည်ကို ရွှယ်အန်း မြင်လိုက်ရမှသာ သူ့ကို ကူညီပေးရန် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ရွှယ်အန်း လမ်း၏ တစ်ဝက်ခန့်သို့ ရောက်လာချိန်မှာပင် အမှောင်ထုသည် ရုတ်တရက် အရိုင်းဆန်စွာ လှိုင်းထန်လာပြီး ရွှယ်အန်း၏ ဘေးတွင် အနက်ရောင် အလင်းတန်းတစ်ခု တိတ်ဆိတ်စွာ ပေါ်လာကာ အောက်သို့ ထိုးဆင်းလာသည်။

အရာအားလုံးသည် အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် မည်သူမျှ တုံ့ပြန်ရန် အချိန်မရလိုက်ချေ။

သို့သော် အနက်ရောင် အလင်းတန်းသည် ရွှယ်အန်း၏ ခန္ဓာကိုယ်ကို မထိတွေ့မီမှာပင် ပုံသဏ္ဌာန်မဲ့သော ဖိအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာပြီး အနက်ရောင် အလင်းတန်းကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမှုန်းပစ်လိုက်သည်။

အမှောင်ထုထဲမှ စူးရှသော ငိုကြွေးသံတစ်ခု ပဲ့တင်ထပ်သွားပြီးနောက် အနက်ရောင် အရိပ်တစ်ခုသည် အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားသည်။ သို့သော် ၎င်း အဝေးသို့ မပျံသန်းနိုင်မီမှာပင် ရွှယ်အန်းက သူ၏ လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်းလိုက်သည်။

အနက်ရောင် အရိပ်သည် တိတ်ဆိတ်စွာ ပေါက်ကွဲသွားပြီး အမှောင်ထုထဲသို့ လွင့်စင်ပျောက်ကွယ်သွားသည်။ အနက်ရောင်အရိပ် ပျောက်ကွယ်သွားသည်နှင့်အမျှ မြို့တစ်ခုလုံးသည် မြူခိုးလွှာတစ်ခုမှ လွတ်မြောက်သွားပုံရကာ လူတိုင်းကို သက်သာရာရသွားသည့် ခံစားချက်မျိုး ဖြစ်ပေါ်စေပြီး သူတို့၏ အသက်ရှူသံများပင်လျှင် များစွာ ပိုမို ချောမွေ့လာသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ရွှယ်အန်းသည် တည်ငြိမ်စွာဖြင့် ရှေ့သို့ လျှောက်လှမ်းသွားကာ ဘုန်းတော်ကြီးအား အပြုံးဖျော့ဖျော့လေးတစ်ခု ပေးလိုက်လေသည်။

"ဒီနေရာမှာ ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက်နဲ့ ဆုံရလိမ့်မယ်လို့ ကျွန်တော် တစ်ခါမှ မတွေးခဲ့ဖူးဘူး"

ဘုန်းတော်ကြီးသည်လည်း ပြုံးလိုက်ပြီးနောက် သူ၏ လက်များကို ပူးကပ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဒကာကြီး"

စားပွဲပေါ်ရှိ ဟင်းလျာများသည် အထူးတလည် ကောင်းမွန်လွန်းနေခြင်း မရှိဘဲ ရိုးရှင်းသည်ဟုပင် ဖော်ပြနိုင်ပြီး၊ ဝိုင်အရက်အိုးမှာလည်း အိမ်ချက် အရက်နောက်များ ဖြစ်ပုံရသည်။

သို့သော် ဤအရာများသည် မြို့ခံများအတွက် ပေးစွမ်းနိုင်သော အကောင်းဆုံးအရာပင်ဖြစ်သည်။ ဤအချိန်၌ ရွှယ်အန်းသည် အလယ်တွင် ထိုင်နေပြီး သူ၏ မျက်နှာချင်းဆိုင်တွင် ဘုန်းတော်ကြီးက အဖော်ပြု၍ ထိုင်နေသည်။

မြို့သူကြီးနှင့် မြို့ခံအများအပြားမှာမူ အဝေးမှနေ၍ သူတို့နှစ်ဦးကို စပ်စုလိုသော စိတ်များဖြင့် စောင့်ကြည့်နေကြလေသည်။

အထူးသဖြင့် ရွှယ်အန်းသည် လူအများ၏ အာရုံစိုက်မှုကို အများဆုံး ရရှိနေလေသည်။

မည်သို့ပင်ဆိုစေ ယခုလေးတင် သူပြသခဲ့သော စွမ်းအားမှာ အလွန် အံ့မခန်း ဖြစ်လွန်းနေသည်။ ထိုကြမ်းကြုတ်သော တစ္ဆေများသည် အထူးတလည် အစွမ်းထက်ချင်မှ ထက်မည်ဖြစ်သော်လည်း ၎င်းတို့သည် ဒေသခံ တစ္ဆေသခင်ကြီး၏ လက်အောက်ခံ အစေခံများ ဖြစ်ကြသည်။ သို့တိုင်အောင် ၎င်းတို့သည် ဤလူငယ်လေး၏ရှေ့တွင် ပြန်လည် မခုခံနိုင်ဘဲ အမြစ်ပြတ် ချေမှုန်းခံလိုက်ရလေသည်။

ဤကဲ့သို့သော စွမ်းအားသည် သူ၏ အသက်အရွယ်နှင့် ပေါင်းစပ်လိုက်သောအခါ သဘာဝကျကျပင် လူများစွာကို သိချင်စိတ်ပြင်းပြစေကာ အံ့သြကြောက်ရွံ့သွားစေလေသည်။

ရွှယ်အန်းသည် ဤအကြည့်များကို လျစ်လျူရှုထားလိုက်ပြီး သူ၏ လက်ထဲရှိ ဝိုင်ခွက်ကို ညင်သာစွာ လှည့်လည်ရင်း မျက်နှာချင်းဆိုင်ရှိ ဘုန်းတော်ကြီးက ရိုးရှင်းသော အစားအစာများကို သက်သောင့်သက်သာ စားသောက်ကာ အရက်နောက်များကို သောက်သုံးနေသည်ကို ကြည့်ပြီးနောက် ရုတ်တရက် ပြုံးမိလိုက်သည်။

"ဘုန်းကြီးတွေက အရက်မသောက်ရဘူး မဟုတ်ဘူးလား"

ဘုန်းတော်ကြီးက ရပ်တန့်မသွားဘဲ "ဒကာတွေက ဆက်သလာတာဖြစ်လို့၊ သူတို့အတွက် ဦးဇင်းက ကုသိုလ်မျိုးစေ့ ချပေးရမှာပေါ့"

"ဆက်သတဲ့အရာက အဆိပ်ဖြစ်နေရင်ကော"

ရွှယ်အန်းက ပေါ့ပေါ့ပါးပါးပင် မေးသည်။ ဘုန်းတော်ကြီးသည် ရွှယ်အန်းကို မော့ကြည့်လာပြီး အပြုံးတစ်ခုဖြင့်ဖြေသည်။

"အဲဒါလည်း အတူတူပါပဲ"

ရွှယ်အန်းသည် ဘုန်းတော်ကြီးကို နက်ရှိုင်းသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

"ကျွန်တော် သိထားသလောက်တော့ ဒီကမ္ဘာက ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေနဲ့ သဘောထားကွဲလွဲနေတာပဲ၊ ပြီးတော့ အရင်က တစ်ယောက်မှလည်း မပေါ်ဖူးသေးဘူး၊ ခင်ဗျား အစီအစဉ်က ဘာများလဲ"

ဘုန်းတော်ကြီးသည် သူ၏ တူများကို ချထားလိုက်ပြီး မျက်နှာအမူအရာမှာ ပြောင်းလဲမသွားသော်လည်း မျက်လွှာချလျက် ပြောသည်။

"ဒကာကြီး မှားနေပြီ၊ ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေက ဘယ်ကမ္ဘာနဲ့မှ ပဋိပက္ခမဖြစ်ပါဘူး၊ ပဋိပက္ခဖြစ်နေတာတွေက အမြဲတမ်း လူတွေရဲ့ စိတ်နှလုံးတွေပါပဲ"

ရွှယ်အန်းသည် ရေရာမှုမရှိသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ပြောသည်။

"ဒီ စကားကြီးစကားကျယ်တွေကို ကျွန်တော် ယုံမယ်လို့ ခင်ဗျား ထင်နေတာလား"

ဘုန်းတော်ကြီးသည်လည်း ပြုံးလိုက်သည်။

"ဒကာကြီးက ကြီးမားတဲ့ ဉာဏ်ပညာနဲ့ နက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှု ရှိတဲ့သူ တစ်ယောက်ပါ၊ သေချာပေါက် ဒီတရားသဘောတွေကို ဒကာကြီး ရှင်းရှင်းလင်းလင်း သိမှာပါ"

ရွှယ်အန်း၏ မျက်ခုံးများ တဖြည်းဖြည်း မြင့်တက်သွားပြီး ဤဘုန်းတော်ကြီးကို အေးစက်စွာ ကြည့်လိုက်လေသည်။ ဘုန်းတော်ကြီးက အပြစ်ကင်းစင်စွာ ပြုံးပြလေသည်။

ခေတ္တမျှ ကြာပြီးနောက် ရွှယ်အန်းသည် သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်သည်။

"ဒါပေမဲ့ ခင်ဗျားရဲ့ ဘွဲ့အမည်ကို ကျွန်တော် မသိရသေးဘူး"

ဘုန်းတော်ကြီးသည် အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် ဖြည်းညင်းစွာ စကားလုံးနှစ်လုံးကို ပြောလာသည်။

"ကျင်းကျွယ်ပါ"

"ကျင်းကျွယ်..."

ရွှယ်အန်းက ထိုအမည်ကို တိုးတိုးလေး အကြိမ်အနည်းငယ် ရေရွတ်လိုက်ပြီးနောက် တစ်ဝက်တစ်ပျက် အပြုံးတစ်ခုဖြင့် ပြောသည်။

"ဆရာတော်လေးရဲ့ လုပ်ရပ်တွေကို ကြည့်ရတာ၊ ခင်ဗျားက ဒီကြမ်းကြုတ်တဲ့ တစ္ဆေတွေကို ချွတ်ချင်နေပုံပဲ"

"ဘာလို့ မဖြစ်နိုင်ရမှာလဲ"

ကျင်းကျွယ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။ ရွှယ်အန်းသည် သာမန်ရုပ်ဆင်းသွင်ပြင် ရှိသော်လည်း ထူးကဲစွာ ကြည်လင်နေသော မျက်လုံးများရှိသည့် ဤဘုန်းတော်ကြီးကို ကြည့်ကာ သက်ပြင်းဖျော့ဖျော့ ချလိုက်သည်။

"ခင်ဗျားတို့ ဗုဒ္ဓဘာသာဝင်တွေက ကရုဏာတရားကို အမြဲတမ်း နှလုံးသွင်းထားတတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ခင်ဗျား နားလည်ထားရမှာက တစ်ဖက်က လောဘကြီးမှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် နာမည်ကျော်ကြားတဲ့ တစ္ဆေမျိုးနွယ်စု ဖြစ်နေတယ်ဆိုတာပဲ"

ကျင်းကျွယ်က ပြုံးလိုက်သည်။

"ဦးဇင်းရဲ့ မျက်လုံးထဲမှာတော့ တစ္ဆေမျိုးနွယ်စုနဲ့ လူသားမျိုးနွယ်စုဆိုပြီး ခွဲခြားထားတာ မရှိပါဘူး"

ဤစကားကြောင့် ရွှယ်အန်းသည် ခေတ္တမျှ မှင်သက်သွားခဲ့သော်လည်း သူ၏ ကုလားထိုင်နောက်မှီကို လျင်မြန်စွာ မှီချလိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောသည်။

"ခင်ဗျားက ဘာမှ မကွာခြားဘူးလို့ ထင်နေတာပဲ၊ ဒါဆို စောစောက အစာစားကျက်နဲ့ ပတ်သက်ပြီးတော့ကော ဘယ်လိုပြောမလဲ"

ရွှယ်အန်းသည် ထိုကြမ်းကြုတ်သော တစ္ဆေများကို ချေမှုန်းလိုက်ချိန်တွင် ၎င်းတို့၏ မှတ်ဉာဏ်များကိုလည်း စုပ်ယူခဲ့လေသည်။ ဤအရာမှတစ်ဆင့် သူ ယခုလေးတင် မြင်တွေ့ခဲ့ရသော နေရာသည် စစ်မြေပြင်မဟုတ်ဘဲ ဒေသခံ တစ္ဆေသခင်ကြီး၏ အစာစားကျက် ဖြစ်ကြောင်း သူ နားလည်ခဲ့သည်။

အစာစားကျက်ဆိုသည်မှာ ဘာလဲဆိုလျှင် အမည်အတိုင်းပင် ဤနေရာသည် တစ္ဆေသခင်ကြီး အစာစားသောက်ရာ နေရာဖြစ်သည်။

ဤတစ္ဆေသခင်ကြီးသည် စုပုံနေသော နာကြည်းမှုများမှ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး သက်ရှိဝိညာဉ်များကို အများဆုံး စားသုံးလေ့ရှိကာ အထူးသဖြင့် စစ်ပွဲတွင် သေဆုံးသွားသူများ၏ နာကြည်းနေသော ဝိညာဉ်များကို စားသုံးရသည်ကို နှစ်သက်သည်။ ထို့ကြောင့် စစ်မြေပြင်သည် သူ၏ ပုံမှန် အစာစားကျက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်ပင် မြေအောက်၌ များပြားလှသော အရိုးစုများ မြှုပ်နှံခံထားရခြင်း ဖြစ်သည်။

ရွှယ်အန်း၏ မေးခွန်းများကို ကြားသောအခါ၊ ကျင်းကျွယ်သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ လက်ဝါးများကို ပူးကပ်ကာ ပြောသည်။

"သူတို့ကို ချွတ်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ ဒါပေမဲ့ မျှော်လင့်ချက် မရှိဘူးလို့တော့ မဆိုလိုပါဘူး"

"ချွတ်ဖို့ မလွယ်ဘူးတဲ့လား ဟားဟား၊ အကယ်၍ ဒီတစ္ဆေသခင်ကြီးကို ချွတ်နိုင်ခဲ့တယ်ဆိုရင်တောင် စစ်ပွဲမှာ သေဆုံးသွားခဲ့ရတဲ့ နာကြည်းနေတဲ့ ဝိညာဉ်တွေက ဘာဖြစ်သွားမလဲဆိုတာ ခင်ဗျား စဉ်းစားဖူးရဲ့လား၊ သားသတ်ဓားကို ချပြီး ဗုဒ္ဓအဖြစ်ကို ရောက်သွားတာနဲ့ ကြွေးမြီတွေ အားလုံး ကျေပျောက်သွားမှာတဲ့လား"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။ကျင်းကျွယ်က ခေါင်းခါပြသည်။

"ဒကာကြီး မှားနေပြီ၊ သားသတ်ဓားကိုချ၍ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိခြင်းဆိုတဲ့ စကားက ကဗျာလင်္ကာ တစ်ပုဒ် သက်သက်သာ ဖြစ်တယ်၊ ဗုဒ္ဓဘာသာမှာ အကြောင်းအကျိုးကို ဖျက်ဆီးပစ်နိုင်စွမ်း မရှိပါဘူး၊ ဒကာကြီး ပြောသလိုပဲ၊ ဒီတစ္ဆေသခင်ကြီးကို ဦးဇင်း ချွတ်နိုင်ခဲ့ရင်တောင် သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် ပြန်လည်ပေးဆပ်ရဦးမှာပါပဲ"

ရွှယ်အန်းသည် မည်သည့်စကားမျှ မဆိုတော့ဘဲ ကုလားထိုင်တွင် နောက်သို့ မှီချလိုက်ပြီး သူ၏ မျက်နှာတစ်ဝက်မှာ အမှောင်ထုထဲတွင် ပုန်းကွယ်နေလျက် ကျင်းကျွယ်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလေသည်။ ကျင်းကျွယ်သည် ထိုနေရာတွင် ထိုင်နေပြီး သူ၏ မျက်နှာမှာ လုံးဝ တည်ငြိမ်အေးချမ်းနေသည်။ ခေတ္တမျှ ကြာပြီးနောက် ရွှယ်အန်းသည် ပြုံးလာသည်။

"စိတ်ဝင်စားစရာပဲ၊ ဒါက ခင်ဗျားရဲ့ လမ်းစဉ်လား"

ကျင်းကျွယ်က ခေါင်းညိတ်ပြသည်။

"ဟုတ်ပါတယ်"

"ဒါက ခက်ခဲလိမ့်မယ်"

"ဒါပေမဲ့ တစ်ယောက်ယောက်တော့ လုပ်ရမှာပဲ မဟုတ်လား"

ကျင်းကျွယ် ထွက်ခွာသွားခဲ့သဘ်။ သူ ထွက်သွားချိန်တွင်လည်း သူ၏ ကျောပိုးအိတ်ငယ်လေးထဲတွင် သပိတ်တစ်လုံးနှင့် သစ်သားငါး တစ်ခုကို သယ်ဆောင်သွားခဲ့ဆဲဖြစ်သည်။ ထိုမီလွဲ၍ သူ၏အနီးတွင် အခြား မည်သည့်အရာမျှ မရှိချေ။ မြို့သူကြီးက သက်ပြင်းချလိုက်သည်။

"တကယ်ကို ကောင်းမြတ်တဲ့ ဆရာတော်လေးပဲ"

ရွှယ်အန်းက သူ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး တိုးညင်းစွာ ပြောသည်။

"အတွေးကောင်းတစ်ခုပါပဲ၊ ဒါပေမဲ့ မှန်ကန်တဲ့ နည်းလမ်းကို မရှာတွေ့သေးဘူး"

ဤသို့ ပြောရင်း ရွှယ်အန်းသည် အနည်းငယ် နက်နဲသော အပြုံးတစ်ခုကို ဖော်ပြလိုက်လေသည်။

"ဒါပေမဲ့ မကြာခင် ကျုပ်တို့ ပြန်တွေ့ကြရမယ်လို့ ထင်တယ်”

--

All Chapters