အခန်း ၁၃၆၀
Vol. 91 Ch. 1360
အခန်း (၁၃၆၀) ကြက်သွေးရောင် အဆောင်
ကြီးကျယ်ခမ်းနားသော မွေးနေ့ပွဲဟု ခေါ်ဆိုထားသည့် အချိန်အထိ သုံးရက် လိုလိုသေးပြီး အချိန်အလုံအလောက် ရှိနေသေးသည်။ ထို့ကြောင့် ရွှယ်အန်းသည် အလျင်စလို မလုပ်ဘဲ လမ်းများတစ်လျှောက် အေးအေးဆေးဆေး လမ်းလျှောက်ကာ ဖြတ်သန်းသွားလာနေသော လူအမျိုးမျိုးကို လေ့လာစောင့်ကြည့်ရင်း သူ၏ အတွင်းစိတ်ထဲတွင် ပို၍ပို၍ တည်ငြိမ်အေးချမ်းမှုကို ခံစားနေသည်။
ယခုအခါ ကံကြမ္မာ မြို့တော်သည် နတ်ဆိုးတစ္ဆေ မျိုးနွယ်စု၊ လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်စုများပါမကျန် လူမျိုးစုများ ရောနှောကာ ရှုပ်ထွေးပရမ်းပတာ ဖြစ်နေပြီး အခြေအနေကို ပို၍ ရှုပ်ထွေးသွားစေခဲ့သည်။
ထို့အပြင် မပြတ်တမ်း စီးဆင်းနေသော လူအုပ်ကြီးသည်လည်း ဤနေရာသို့ ဆက်လက် လာရောက်နေကြဆဲ ဖြစ်သည်။ ထိုသို့သော ရှုပ်ထွေးပရမ်းပတာ မြင်ကွင်းကို ရင်ဆိုင်နေရသော်လည်း ရွှယ်အန်းသည် ငြိမ်သက်နေသော ရေပြင်ကဲ့သို့ တည်ငြိမ်နေခဲ့လေသည်။
စောစောစီးစီး လှုပ်ရှားတိုက်ခိုက်ခြင်းက ခုခံမှုနည်းပါးစွာ ကြုံတွေ့ရမည် ဆိုသည်ကို သူ အလွန်ကောင်းစွာ သိထားလေသည်။
သို့သော် ရွှယ်အန်း အလိုရှိသောအရာသည် ကံကြမ္မာ တစ္ဆေမင်းမြတ်၏ သေဆုံးမှု သက်သက် မဟုတ်ပေ။ ဤလုပ်ရပ်ကို အသုံးပြု၍ ကြောက်ရွံ့ရိုသေမှုများ တဖြည်းဖြည်း ပျောက်ဆုံးနေခဲ့ပြီဖြစ်သော နတ်ဆိုးတစ္ဆေ မျိုးနွယ်စုကို ထိတ်လန့်တုန်လှုပ်သွားစေရန် ပင်ဖြစ်သည်။
ဤသည်မှာ သူက ကြီးကျယ်ခမ်းနားသော မွေးနေ့ပွဲကို စောင့်ဆိုင်းရန် လုံလောက်သော သည်းခံနိုင်စွမ်း ရှိနေရခြင်း၏ အကြောင်းရင်းပင် ဖြစ်လေသည်။
ထို့အပြင် ရွှယ်အန်းသည် အခြားနယ်ပယ်မှ ထွက်ပေါ်လာသော သိမ်မွေ့သည့် တုန်ခါမှုကို မေ့ပျောက်မသွားခဲ့ချေ။ သူသည် အဝေးမှ မားမားမတ်မတ် တည်ရှိနေသော မြို့စားအိမ်တော်ကြီးဆီသို့ အကြည့်များကို မော့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်သည် ခပ်ဖျော့ဖျော့ အေးစက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။
ဤနေရာသို့ ဆင်းသက်လာကာ ထိုသို့သော နယ်ပယ် တုန်ခါမှုမျိုးကို ဖြစ်ပေါ်စေနိုင်စွမ်းရှိသူ တစ်ယောက်အတွက် သူတို့သည် အနည်းဆုံး တစ္ဆေမင်းမြတ် အဆင့်ရှိ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ရမည်ဖြစ်ပြီး တစ္ဆေနယ်ပယ်၏ အနက်ရှိုင်းဆုံးနေရာရှိ အမြစ်တွယ်နေသော မှူးမတ်မျိုးနွယ်စုကြီးများမှ ဖြစ်နိုင်ခြေ ပိုများလေသည်။ ဤအတွေးနှင့်အတူ ရွှယ်အန်းသည် ဖြည်းညင်းစွာ သက်ပြင်းချလိုက်မိသည်။
အချိန်တွေ အလုံအလောက် ကုန်ဆုံးသွားခဲ့ပုံရသည်။ ဤအုပ်စုက အတိတ်ကာလ၏ သွေးလွှမ်းခဲ့သော နှိမ်နင်းမှုကြီးကို မေ့လျော့သွားကြလောက်အောင် အချိန်တွေ အတော်ကြာသွားခဲ့ပြီ ဖြစ်သည်။
ကောင်းပြီလေ၊ မင်းတို့က ပြီးပြည့်စုံတဲ့ စံပြနမူနာ အဖြစ် အသုံးတော်ခံရမှာပေါ့ ...
ရန်သူကို သတိမပေးမိစေရန်အတွက် ရွှယ်အန်းသည် မြို့စားအိမ်တော်ကို စူးစမ်းရှာဖွေရန် ဝိညာဉ်အသိစိတ်ကို အသုံးမပြုခဲ့ပေ။ အဓိပ္ပာယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက် သူသည် လှည့်ကာ ထွက်ခွာသွားသည်။
လမ်းမကြီးထဲသို့ ဆက်လက် ဝင်ရောက်လာသည်နှင့်အမျှ လူအုပ်ကြီးသည် ပိုမို ထူထပ်လာခဲ့သည်။ မျက်နှာတိုင်းတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် အချို့ ပါဝင်နေပြီး သူတို့သည် တစ်စုံတစ်ရာကို တောင့်တနေကြသည့်အလား ဖြစ်နေသည်။
ရွှယ်အန်းသည် အနည်းငယ် ရပ်တန့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။ သူ၏ အရှေ့တွင်ရှိသော မြင်ကွင်းက သူ့ကို အသံထွက်၍ ရယ်မောသွားစေခဲ့သည်။ သူ လမ်းလျှောက်လာရင်းနှင့် မသိမသာပင် ကံကြမ္မာ မြို့တော်၏ အစည်ကားဆုံး နေရာဖြစ်သော ဖျော်ဖြေရေး ကာမဂုဏ် ရပ်ကွက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်နေလေသည်။
မည်သည့်နေရာ၊ မည်သည့် လူမျိုးစုပင် ဖြစ်ပါစေ ပြည့်တန်ဆာ အိမ်များနှင့် ဖျော်ဖြေရေး အဆောက်အအုံများ စုဝေးရာ နေရာများသည် အမြဲတမ်း အစည်ကားဆုံး ဖြစ်နေတတ်ပုံရသည်။ ဤသည်မှာ ငြင်းဆန်၍မရနိုင်သော အမှန်တရား တစ်ခုကဲ့သို့ ပေါက်နေသည်။
ထို့အပြင် အခြားနေရာများနှင့် မတူဘဲ ဤနေရာရှိ ပြည့်တန်ဆာ အိမ်များနှင့် ဖျော်ဖြေရေး အဆောက်အအုံများသည် နတ်ဆိုးတစ္ဆေ မျိုးနွယ်စု၏ ခွန်အားနှင့် သူတို့၏ ထူးခြားသော ဝိသေသလက္ခဏာများကြောင့် အလွန်တရာ ပိုမို ကြီးမားပြီး ကြီးပွားတိုးတက်နေသည်။
မင်း စဉ်းစားလို့ရနိုင်သမျှ အရာအားလုံးက ဒီနေရာမှာ ရှိတယ်၊ ပြီးတော့ မင်း စဉ်းစားလို့ မရနိုင်တဲ့ အရာတွေကလည်း ဒီနေရာမှာ ရှိနေသေးတယ်လေ...
ဤဂုဏ်သတင်းမှာ အလွန် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသဖြင့် အခြားကမ္ဘာများမှ လူများပင် စူးစမ်းလိုစိတ်ဖြင့် ဤနေရာသို့ လာရောက်လည်ပတ်ကြသည်။
ယခုအခါ ကြီးကျယ်ခမ်းနားသော မွေးနေ့ပွဲကြောင့် ကံကြမ္မာ မြို့တော်သို့ လာရောက်လည်ပတ်သူ အရေအတွက်မှာ အဆပေါင်းများစွာ တိုးလာခဲ့ပြီး ထိုအထဲတွင် သူတို့၏ ဗဟုသုတကို ချဲ့ထွင်ရန် စိတ်အားထက်သန်နေသူ အများအပြား ပါဝင်နေသည်။
ဤသည်က ကာမဂုဏ် ရပ်ကွက်ကို ပုံမှန်ထက် များစွာ ပို၍ အလုပ်ရှုပ်ပြီး ပို၍ စည်ကားသိုက်မြိုက် သွားစေခဲ့သည်။
ရွှယ်အန်းက တခစ်ခစ် ရယ်မောလိုက်ပြီး လှည့်ထွက်သွားရန် ဟန်ပြင်လိုက်သော်လည်း ထိုအချိန်မှာပင် နူးညံ့ပျော့ပျောင်းသော အမျိုးသမီး အသံတစ်သံ ထွက်ပေါ်လာသည်။
"သခင်လေး... ခဏလောက် စောင့်ပါဦး"
ရွှယ်အန်း အနည်းငယ် ရပ်တန့်သွားပြီး လှည့်ကြည့်လိုက်သည်။ ခန္ဓာကိုယ် ကောက်ကြောင်းများ ပေါ်လွင်နေသော အဝတ်အစားကို ဝတ်ဆင်ထားသော်လည်း ဖြူစင်သန့်ရှင်းသော အငွေ့အသက်ကို ထိန်းသိမ်းထားသည့် အမျိုးသမီး တစ်ဦးသည် ကြက်သွေးရောင် အဆောင် တစ်ခု၏ အရှေ့တွင် ရပ်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။ သူမက သူ့ကို ကြည့်ရင်း ချိုသာစွာ ပြုံးပြနေသည်။
ရွှယ်အန်း၏ အကြည့်များ သူမအပေါ်သို့ ကျရောက်လာသည်ကို သတိပြုမိသွားသောအခါ သူမ၏ မျက်လုံးများသည် ချက်ချင်း တောက်ပသွားလေသည်။ သူမက အနည်းငယ် အထစ်ထစ်အငေါ့ငေါ့ဖြင့် မေးသည်။
"သခင်လေး... သခင်လေးရဲ့ အသွင်အပြင်ကို ကြည့်ရတာ တည်းခိုဖို့ နေရာတစ်ခုခုကို ရှာနေတာများလားဟင်"
ဤသို့ ပြောပြီးနောက် အားချင်းသည် ရွှယ်အန်းကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့လေသည်။ သူမ ဘာကြောင့် ထိုသို့ ပြုမူလိုက်ရသည်ကို သူမကိုယ်တိုင်ပင် နားမလည်ခဲ့ချေ။ လွန်ခဲ့သော စက္ကန့်အနည်းငယ်က အဝင်ဝကို ဖြတ်သန်းသွားစဉ် ရွှယ်အန်း လှည့်ထွက်သွားတော့မည်ကို မြင်လိုက်ရသောအခါ သူ၏ အရှိန်အဝါနှင့် အသွင်အပြင်က သူမ၏ နှလုံးသားကို နက်နက်ရှိုင်းရှိုင်း လှုပ်ခတ်သွားစေခဲ့သည်။ လုံးဝ အထိန်းအကွပ်မဲ့စွာပင် သူမက ရုတ်တရက် အော်ပြောမိသွားခဲ့ခြင်း ဖြစ်သည်။
ရွှယ်အန်းက လှည့်ကာ သူမဘက်သို့ ကြည့်လိုက်သောအခါ သူမ၏ စိတ်ထဲတွင် တိတ်တဆိတ် အောင်ပွဲခံလိုက်သည်။
တကယ်ကို ကျက်သရေရှိပြီး ဆွဲဆောင်မှု အပြည့်ရှိတဲ့ လူငယ်လေးပင်
နှင်းကဲ့သို့ ဖြူစင်သော ဝတ်ရုံများကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါစွာ ရပ်နေကာ ထက်မြက်သော ဓားကဲ့သို့ မျက်ခုံးများနှင့် နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော ထိုမျက်လုံးများ ဂရုမစိုက်သည့်ဟန်ဖြင့် ရပ်နေသော်ငြားလည်း ပြိုင်ဘက်ကင်းသော ဆွဲဆောင်မှုနှင့် တုန်လှုပ်မှု မရှိသည့် မြင့်မြတ်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေလေသည်။
ထိုသို့သော မြင်ကွင်းက သဘာဝကျကျပင် အားချင်းကို ညှို့ယူဖမ်းစားသွားခဲ့ပြီး သူမကို စကားပြောနေစဉ် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားလောက်သည်အထိ အလွန် ပြာယာခတ်သွားစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ကံကြမ္မာ မြို့တော်တွင် အသက်မွေးဝမ်းကျောင်း ပြုရန် ကြိုးစားနေသော လူသားမျိုးနွယ် မိန်းကလေး တစ်ယောက်အနေဖြင့် သူမ၏ ကိုယ်ပိုင် လူမျိုးစုမှ ဤမျှ သိသာထင်ရှားစွာ ချောမောလှပသော လူငယ်လေး တစ်ဦးနှင့် မဆုံတွေ့ခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်လေသည်။
ထို့ထက်ပိုသည်မှာ သူမက အခု အခွင့်အရေးကို ဆုပ်ကိုင်မထားဘူး ဆိုရင် နောက်ပိုင်းမှာ အခွင့်အရေး ရှိလာတော့မှာ မဟုတ်ချေ။ အားချင်းက သူမကိုယ်သူမ တိတ်တဆိတ် တွေးတောလိုက်သည်။
ရွှယ်အန်းက ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သွားပြီး ပြုံးမနေဘဲ မနေနိုင်ခဲ့ချေ။
နွေဦးလေပြေကဲ့သို့ ထိုအပြုံးက အားချင်းကို တစ်ခဏမျှ ကြောင်အမ်း မှင်သက်သွားစေခဲ့ပြီး သူမသည် မိမိကိုယ်ကို အမြန် ပြန်လည် ထိန်းချုပ်လိုက်သည်။
"သခင်လေး... စိတ်ချလက်ချနေပါ၊ ကျွန်မတို့ မိသားစုရဲ့ တည်းခိုခန်းက ကံကြမ္မာ မြို့တော်မှာ အလွန်တရာ နာမည်ကြီးပါတယ်၊ အထူးသဖြင့် ကျွန်မတို့ စားဖိုမှူးတွေရဲ့ ဟင်းချက်စွမ်းရည်တွေက သခင်လေးကို သေချာပေါက် ကျေနပ်သွားစေမှာပါ၊ ပြီးတော့ သခင်လေးသာ တည်းခိုဖို့ ရွေးချယ်မယ် ဆိုရင် ကျွန်မ ကိုယ်တိုင်ကလည်း လိုလိုလားလားနဲ့..."
သူမ စကားပြောနေစဉ် အားချင်းသည် သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး သူမ၏ အပြုံးသည် ညို့ယူဖမ်းစားမှုများဖြင့် ပြည့်လျှံနေသည်။
သိုင်းဂိုဏ်းတစ်ခုမှ အသစ်စက်စက် ထွက်လာပုံပေါက်သော ဤအဖြူရောင်ဝတ် လူငယ်လေးက သူမ၏ ကမ်းလှမ်းမှုကို လုံးဝ စိတ်ဝင်စားမှု မရှိဘဲ သိမ်မွေ့စွာ ခေါင်းခါပြကာ လှည့်ထွက်သွားလိမ့်မည်ဟု သူမ မည်သည့်အခါကမျှ မျှော်လင့်မထားခဲ့ချေ။
ဤမြင်ကွင်းကို မြင်သောအခါ အားချင်း၏ နှလုံးသားမှာ လေးလံကျဆင်းသွားခဲ့သည်။ သူမသည် နှုတ်ခမ်းကို ကိုက်ကာ တစ်စုံတစ်ရာ ပြောရန် ကြိုးစားလိုက်သော်လည်း အဆုံးတွင် စိတ်ပျက်လက်ပျက် အမူအရာဖြင့် တံခါးဘောင်ကို မှီ၍သာ နေနိုင်တော့သည်။
သေချာပေါက် ရွှယ်အန်းသည် တည်းခိုရန် ထိုသို့သော နေရာမျိုးကို ရွေးချယ်မည် မဟုတ်သလို လူသားမျိုးနွယ် မိန်းကလေး၏ ဖိတ်ခေါ်မှုကိုလည်း မည်သည့် အာရုံစိုက်မှုမျှ မပေးခဲ့ချေ။ သို့သော် ရွှယ်အန်းက နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ချိန်တွင် ကြက်သွေးရောင် အဆောင်၏ ထိပ်ဖျား၌ မှေးမှိန်သော အနက်ရောင် အလင်းတန်းတစ်ခု လျှပ်တစ်ပြက် တောက်ပသွားခဲ့လေသည်။
အခြားသူများ သတိမထားမိကြသော်လည်း ရွှယ်အန်းက ချက်ချင်းပင် အာရုံခံမိသွားခဲ့သည်။ သူ၏ အမူအရာ ပြောင်းလဲသွားကာ အဆောင်၏ ထိပ်ဖျားဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်လေသည်။
"အို..."
သူ၏ တုံ့ပြန်မှုကို မြင်သောအခါ အားချင်းမှာ နားမလည်နိုင်အောင် ဖြစ်သွားခဲ့သည်။
သို့သော် မကြာမီမှာပင် အဖြူရောင်ဝတ် လူငယ်လေးက သူမဆီသို့ အကြည့်များကို ပြန်နှိမ့်ချလိုက်သည်ကို မြင်လိုက်ရသောကြောင့် သူမ၏ မျက်နှာမှာ နီရဲသွားခဲ့လေသည်။
"သခင်လေး... ရှင်..."
သူမက စကားစပြောလိုက်သည်။ သို့သော် ရွှယ်အန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်လေသည်။
"ခုနက မင်း ဘာပြောလိုက်တာလဲ"
"ရှင်"
အားချင်းမှာ တစ်ခဏမျှ တွေဝေသွားသည်။
"ကျွန်မ ခုနက သခင်လေး အကြောင်းကို ပြော..."
"အဲ့ဒီ စကားလုံး မဟုတ်ဘူး၊ အရင်က စကားလုံးကို ပြောတာ"
ရွှယ်အန်းက သိမ်မွေ့သော အပြုံးတစ်ခုနှင့်အတူ ပြောလိုက်သည်။
"ကျွန်မတို့ အဆောင်က စားဖိုမှူးတွေ အရမ်း တော်တဲ့အကြောင်း ပြောတာပါ..."
ရွှယ်အန်းက တဖြည်းဖြည်း လက်ခုပ်တီးလိုက်လေသည်။
"ကောင်းပြီ၊ ဒါဆို ငါ မြည်းစမ်းကြည့်ရတာပေါ့"
ထိုသို့ပြောပြီးနောက် သူသည် ရှေ့သို့လှမ်းကာ ဝင်ရောက်သွားတော့သည်။ ရွှယ်အန်း အဆောင်ထဲသို့ ဝင်ရောက်သွားသည်ကို ကြည့်ပြီး အားချင်းမှာ မှင်သက်စွာဖြင့် တစ်နေရာတည်းတွင် ရပ်နေခဲ့လေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်လုံးများ ပြူးကျယ်သွားသော်လည်း မကြာမီမှာပင် ဝမ်းသာပီတိများ ပြည့်နှက်နေသော လခြမ်းကွေးလေးများ အဖြစ်သို့ ပြောင်းလဲသွားကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဘယ်လောက်တောင် စိတ်ဝင်စားစရာ ကောင်းတဲ့ လူလဲ"
ထိုသို့ပြောပြီးသည်နှင့် သူမသည် ပျော်ရွှင်စွာဖြင့် အထဲသို့ လိုက်ဝင်သွားလေတော့သည်။ ၎င်း၏ ခန်းမများအတွင်း ပြည့်နှက်နေသော စည်ကားသိုက်မြိုက်နေသည့် ဖောက်သည်များကို ကြည့်ခြင်းအားဖြင့် ကြက်သွေးရောင် အဆောင်သည် အမှန်တကယ်ပင် အတော်လေး နာမည်ကြီးကြောင်း သက်သေပြနေသည်။
လှပသော အစေခံများနှင့် ကျက်သရေရှိသော ဖျော်ဖြေရေးမယ်လေးများသည် ပန်းများကြားတွင် ဝဲပျံနေသော လိပ်ပြာများကဲ့သို့ သွားလာလှုပ်ရှားနေကြပြီး စည်ကားသိုက်မြိုက်သော လေထုကို ပိုမို ပီပြင်စေလေသည်။
သို့သော် ရွှယ်အန်းက ဤအရာများထဲမှ မည်သည့်အရာကိုမျှ အာရုံမစိုက်ခဲ့ချေ။ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် မရပ်မနား စကားပြောနေသော တက်ကြွနေသည့် အားချင်းဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ့အတွက် အခန်တစ်ခန်းလောက် စီစဉ်ပေးပါ"
"အာ... ဒီလောက်မြန်မြန်ကြီးလား"
အားချင်း ရပ်တန့်သွားသည်။
"ဟင်... ဘာမြန်တာလဲ"
ရွှယ်အန်းက တစ်စုံတစ်ရာကို ရှာဖွေရန် အာရုံစိုက်နေပုံပေါ်ပြီး သူမ၏ စကားများကို ရှင်းရှင်းလင်းလင်း မကြားလိုက်ချေ။
"အို... ဘာမှမဟုတ်ပါဘူး"
အားချင်း၏ မျက်နှာမှာ နီရဲသွားပြီး သူမက တိုးညင်းစွာ ဖြေကြားလိုက်ကာ အစီအစဉ်များ လုပ်ဆောင်ရန် ကျက်သရေရှိစွာ လှည့်ထွက်သွားသည်။
သို့သော် သူမ၏ ကိုယ်ဟန်အမူအရာများနှင့် ကြိုးစားအားထုတ်မှု အားလုံးမှာ အချည်းနှီးသာ ဖြစ်သွားခဲ့သည်။ ရွှယ်အန်းက သူမ၏ လှုပ်ရှားမှုများကို လုံးဝ သတိမပြုမိခဲ့ချေ။ ထို့အစား သူသည် ခန်းမတစ်ခုလုံးကို အကဲခတ် ရှာဖွေလိုက်ပြီးနောက် သူ၏ မျက်လွှာကို ချလိုက်သည်။
"သူတို့လူတွေထဲက တစ်ယောက်များလား”
--