← Chapters

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း ၁၃၆၁

Vol. 91 Ch. 1361

အခန်း (၁၃၆၁) - အရိပ်ကိုယ်ရံတော်

ဧည့်ခန်းဆောင်မှာ အလွန်ပင် သပ်ရပ်လှပပြီး သန့်ရှင်းသပ်ရပ်လှပေသည်။ ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်လျှင် အဝေးဆီမှ မြို့တော်ဝန်စံအိမ်ကြီးကို မြင်တွေ့နိုင်လေသည်။ ထိုအခန်းအတွက် ရွှယ်အန်းမှာ အလွန်ပင် ကျေနပ်အားရနေမိ၏။

ဟင်္သာပြဒါးဆောင်သည် ပြည့်တန်ဆာအိမ်တစ်ခုဟူသော အပေါ်ယံဟန်ပြသက်သက်မျှသာ မဟုတ်ဘဲ ၎င်း၏ တည်းခိုနေထိုင်ရာ အဆောက်အအုံများမှာပင် အံ့မခန်းဖွယ်ရာ ကောင်းလှကြောင်း သိသာထင်ရှားနေပေသည်။

"သခင်လေး... ဒီဧည့်ခန်းဆောင်ကို ဘယ်လိုမြင်လဲဟင်"

အားချင်းက တိုးညှင်းစွာ မေးလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ရီဝေနေသော ဆွဲဆောင်မှုအပြည့်ဖြင့် တဖျပ်ဖျပ် တောက်ပနေလေသည်။ ရွှယ်အန်းက ခေါင်းညိတ်ပြလိုက်ရင်းပြောသည်။

"အရမ်းကောင်းပါတယ်၊ ကျေးဇူးပဲဗျာ မိန်းကလေး"

"ကျွန်မနာမည်က အားချင်းပါ"

"ဒါဆိုလည်း ကျေးဇူးပါပဲ အားချင်း"

ရွှယ်အန်း၏ တည်ကြည်နေသော အမူအရာကို ကြည့်ကာ အားချင်းမှာ အသံထွက်သည်အထိ ရယ်းမောလိုက်လေသည်။ ထို့နောက် သူမက ရှေ့သို့ သာယာညင်းပျောင်းစွာ လှမ်းလာခဲ့ပြီး ချွဲနွဲ့သောအသံဖြင့် ပြောလိုက်သည်။

"သခင်လေးက ဘယ်လိုမျိုး ကျေးဇူးဆပ်မှာလဲဟင်"

ရွှယ်အန်းမှာ နောက်သို့ ခြေတစ်ဝက်ခန့် အေးအေးဆေးဆေးပင် ဆုတ်လိုက်ပြီး ခံစားချက်ကင်းမဲ့စွာဖြင့် ပြန်ပြောလိုက်၏။

"မင်းဘယ်လိုထင်လို့လဲ"

"ကျွန်မထင်တာကတော့..."

အားချင်းက ရွှယ်အန်းကို ထိကိုင်ရန် လက်လှမ်းလိုက်သည်။ သို့သော် ထိုအချိန်မှာပင် သူမ၏ ခြေလှမ်းများ ချော်ထွက်သွားသလို ခံစားလိုက်ရပြီး သူမ၏ တစ်ကိုယ်လုံးမှာ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စွာဖြင့် အခန်းပြင်သို့ လွင့်စင်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။

သူမ ကိုယ်ကိုကိုယ် ဟန်ချက်ပြန်မထိန်းနိုင်ခင်မှာပင် အခန်းတံခါးကြီး ဆောင့်ပိတ်သွားသော အသံကြီးက နောက်ကျောဘက်မှ ထွက်ပေါ်လာခဲ့ပြီး ရွှယ်အန်း၏ အေးတိအေးစက် အသံက အခန်းတွင်းမှ လွင့်ပျံလာခဲ့သည်။

"အချိန်လည်းလင့်နေပြီ၊ ငါနားတော့မယ်၊အားချင်း... မင်းသွားလို့ရပြီ"

အားချင်းမှာ တံခါးဝတွင် ကြက်သေသေလျက် ရပ်ကျန်ရစ်ခဲ့ပြီး သူမ၏ မျက်နှာမှာ ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် ချက်ချင်းပင် နီရဲလာခဲ့သည်။ တံခါးကို ထုရိုက်ရန် လက်ကို မြှောက်လိုက်သော်လည်း သူမမှာ တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် တုံ့ဆိုင်းသွားခဲ့ပြီးနောက် ဒေါသတကြီး ခြေဆောင့်ကာ လှည့်ထွက်သွားတော့သည်။

အခန်းတွင်း၌မူ ရွှယ်အန်းက ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ နှစ်ပေါင်း သုံးထောင်ကျော်တိုင်တိုင် ကျင့်ကြံလာခဲ့ပြီး ရေတွက်၍မရနိုင်သော ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော သူ့အတွက် ဤမျှသေးငယ်လှသော ကိစ္စရပ်လေးများကို ရင်ထဲထည့်ထားမည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်ပေသည်။

သူသည် အဝေးမှ မြို့တော်ဝန်စံအိမ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်အာရုံက ရေလှိုင်းများအလား ပြန့်ကားထွက်သွားပြီး တစ်ခုလုံးရှိ ဟင်္သာပြဒါးဆောင်ကြီးကို တဖြည်းဖြည်း လွှမ်းခြုံသွားလေတော့သည်။

တစ်ချိန်တည်းမှာပင် ဟင်္သာပြဒါးဆောင်၏ အပေါ်ဆုံးထပ်ရှိ အခန်းတစ်ခန်းအတွင်း၌ အမျိုးသမီးတစ်ဦးသည် ပြတင်းပေါက်အနီးတွင် ရပ်ကာ အဝေးရှိ မြို့တော်ဝန်စံအိမ်ဆီသို့ တွေဝေငေးမောစွာ ကြည့်ရှုနေသည်။

သူမသည် သွယ်လျကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားကို ပိုမိုပေါ်လွင်စေသည့် အလွန်လှပခမ်းနားသော ဂါဝန်ရှည်ကြီးကို ဝတ်ဆင်ထား၏။ သူမ၏ ဆံနွယ်ရှည်များက ရေတံခွန်တစ်ခုအလား ဖြာကျနေပြီး သူမ၏ နူးညံ့သိမ်မွေ့သော မျက်နှာသွင်ပြင်ကို ဆွဲဆောင်မှုတစ်စွန်းတစ်စဖြင့် ဖုံးကွယ်ထားလေသည်။ အတိုချုပ်ဆိုရလျှင် မည်သည့်ရှုထောင့်မှ ကြည့်သည်ဖြစ်စေ ဤအမျိုးသမီးကို အပြစ်ကင်းစင်လှသော အလှပိုင်ရှင်ဟု ခေါ်ဆိုနိုင်ပေသည်။

သို့သော် ဤအခိုက်အတန့်တွင် သူမ၏ မျက်နှာမှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဖြူလျော့နေပြီး သူမ၏ ညှို့ယူဖမ်းစားနိုင်သော မျက်ဝန်းများတွင် နာကျင်မှုအရိပ်အယောင်များက ရံဖန်ရံခါ လက်လာတတ်၏။ သူမ၏ လက်နှစ်ဖက်ကလည်း ပြတင်းပေါက်ဘောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားကာ နာကျင်ဖွယ် အတိတ်မှတ်ဉာဏ်များထဲတွင် နစ်မွန်းနေပုံရသည်။

ထိုစဉ် သူမနောက်ကွယ်ရှိ တံခါးက ဖြည်းညှင်းစွာ ပွင့်ဟသွားပြီး သပ်ရပ်သော အဝတ်အစားကို လဲလှယ်ဝတ်ဆင်ထားသည့် အားချင်းက ခြေဖျားထောက်ကာ ဝင်ရောက်လာခဲ့သည်။ သူမ၏ ခြေသံများမှာ အလွန်တိုးညှင်းလွန်းလှသော်လည်း ထိုအမျိုးသမီးကို အတွေးလွန်ရာမှ လန့်နိုးသွားစေခဲ့သည်။

အမျိုးသမီး၏ မျက်ဝန်းထဲမှ နာကျင်မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ဆုပ်ကိုင်ထားသော လက်များကို ဖြေလျှော့လိုက်သည်။ သို့သော် သူမက နောက်သို့ လှည့်မကြည့်ဘဲ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

"သတင်းအသစ် တစ်ခုခုရလား"

အားချင်းက ခေါင်းယမ်းလိုက်ပြီး တိုးညှင်းသောအသံဖြင့် ပြန်ဖြေလိုက်သည်။

"လောလောဆယ်တော့ ဘာမှမရှိသေးဘူး၊ ဒီပွဲတော်က အရင်ကထက် ပိုပြီးကြီးကျယ်ခမ်းနားနေသလိုပဲ၊ တစ္ဆေနယ်ပယ် ပြင်ပက ဂိုဏ်းတွေအများကြီးတောင် ဂုဏ်ပြုစကားလာပြောကြတယ်"

အမျိုးသမီးက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စက် ရယ်မောလိုက်သည်။

"ဒါပေါ့... ကံကြမ္မာတစ္ဆေဧကရာဇ်က ဒီပွဲကို အကြီးကျယ်ဆုံး ဖြစ်စေချင်နေတာလေ၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက်မှာ သူက ရန်မိသားစုနဲ့ ထန်မိသားစု နှစ်ခုလုံးက လူတွေကိုတောင် ဖိတ်ကြားထားတာကိုး"

အားချင်းမှာ တိတ်ဆိတ်သွားသော်လည်း အဆုံးတွင်မူ ရဲတင်းစွာဖြင့် တိုးညှင်းစွာ မေးလိုက်သည်။

"တပ်မှူး... ဒီတစ်ခေါက် ကျွန်မတို့ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ သေချာပေါက် ယုံကြည်ချက်ရှိရဲ့လားဟင်"

"သေချာပေါက် ယုံကြည်ချက်ရှိတာပေါ့"

အမျိုးသမီးက ရုတ်တရက် လှည့်ထွက်လာပြီး အားချင်းကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"ဘာလဲ... မင်းကြောက်နေတာလား"

အားချင်းက အလျင်အမြန်ပင် ဒူးထောက်ချလိုက်ပြီး တုန်ယင်စွာဖြင့် ပြန်ဖြေသည်။

"မဟုတ်ပါဘူး၊ ကျွန်မ စိုးရိမ်ရုံသက်သက်ပါ၊ ဒီတစ်ခေါက် တစ္ဆေနယ်ပယ် အနက်ပိုင်းက မင်းဆွေမင်းမျိုးတွေတောင် ရောက်လာကြတယ်၊ ပွဲတော်ရဲ့ အတိုင်းအတာနဲ့ဆိုရင် ကျွန်မတို့ရဲ့ နည်းပါးလှတဲ့ အင်အားလေးနဲ့ ဘယ်လိုလုပ်ပြီး နှောင့်ယှက်နိုင်မှာလဲ"

အမျိုးသမီးက အားချင်းကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာမှသာ သူမမျက်နှာပေါ်ရှိ အေးစက်မှုများက လျော့ကျသွားလေသည်။ သူမက သက်ပြင်းကို ခပ်ဖွဖွချလိုက်ပြီး ပြောလိုက်သည်။

"ဒီသံသယက မင်းတစ်ယောက်တည်း ဖြစ်နေတာမဟုတ်ဘူးမလား"

အားချင်းက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။

"ညီမတွေ အများကြီးကလည်း ဒီလိုပဲ စိုးရိမ်နေကြတာပါ"

အမျိုးသမီးက ပြတင်းပေါက်အပြင်ဘက်ရှိ မြို့တော်ဝန်စံအိမ်ဆီသို့ ပြန်လည်လှည့်ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"မင်းတို့အားလုံး ဒီလိုသံသယဖြစ်တာ ပုံမှန်ပါပဲ၊ အထူးသဖြင့် မင်းရော ဒီကအခြားသူတွေရောက ငါ့နောက်ကို အမြဲတမ်းလိုက်လာခဲ့ကြတာမှ မဟုတ်တာ"

ထိုအရ။ကိုကြားသောအခါ အားချင်း၏ မျက်နှာမှာ ထိတ်လန့်သွားလေတော့သည်။ သူမက အကြိမ်ကြိမ် ဦးညွှတ်ခါးဆင်းကာ တုန်ယင်သောအသံဖြင့် ပြောလေသည်။

"တပ်မှူး... ကျွန်မတို့နဲ့ ဒီထဲက တခြားသူတွေ အားလုံးက တပ်မှူးရဲ့ ကျေးဇူးတွေကို အများကြီး ခံစားခဲ့ရတာပါ၊ တပ်မှူးသာမရှိရင် ကျွန်မတို့ သေသွားခဲ့တာ ကြာလှပါပြီ၊ ကျွန်မတို့မှာ တခြားရည်ရွယ်ချက် ဘာမှမရှိပါဘူး၊ စိုးရိမ်ရုံသက်သက်ပါပဲ... ဘာပဲဖြစ်ဖြစ်လေ..."

"ဘာပဲဖြစ်ဖြစ် သူတို့ရဲ့အင်အားက အဆမတန် ကြီးမားနေပြီး ကျွန်မတို့ဘက်မှာက ထိပ်တန်းတိုက်ခိုက်ရေးသမားဆိုလို့ ငါတစ်ယောက်တည်း ရှိတာမလား"

အမျိုးသမီးက ရယ်မောလိုက်သည်။

"ထပါ၊ ငါမင်းကို အပြစ်တင်တာ မဟုတ်ပါဘူး"

အားချင်းမှာ တုန်တုန်ယင်ယင်ဖြင့် မတ်တတ်ထရပ်လိုက်သော်လည်း သူမ၏ မျက်နှာတွင်မူ စိုးရိမ်ပူပန်မှုများက အပြည့်အဝ ဖုံးလွှမ်းနေဆဲပင်။

"ဒီကိစ္စမှာ ငါမင်းတို့ကို မပါဝင်စေသင့်ပေမယ့် ဒီတစ်ခေါက် အခွင့်အရေးက အရမ်းကို ပြီးပြည့်စုံလွန်းနေတယ်၊ နယ်စပ်တစ္ဆေနယ်ပယ်တွေမှာ ရှားရှားပါးပါးမှ ပေါ်လာတတ်တဲ့ မင်းဆွေမင်းမျိုးတွေရဲ့ ထိပ်တန်းမျိုးဆက်တွေတောင် ရောက်လာကြတယ်၊ ဒီအခွင့်အရေးကို လွတ်သွားခံလို့ လုံးဝမဖြစ်ဘူး"

ထိုသို့ပြောနေစဉ် အမျိုးသမီးက လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ မျက်ဝန်းများတွင် ပြင်းထန်သော အမုန်းတရားများ လက်လာခဲ့သည်။

"ပွဲတော်မှာ ငါမင်းတို့အားလုံးကို အစွမ်းကုန် ကာကွယ်ပေးပါ့မယ်၊ တကယ်လို့များ ငါ တကယ်မကာကွယ်နိုင်ခဲ့ဘူးဆိုရင်လည်း မင်းတို့ကို ငါပေးခဲ့တဲ့ကျေးဇူးကို ပြန်ဆပ်တယ်လို့ပဲ မှတ်လိုက်ပါတော့"

သူမ၏စကားကြောင့် အားချင်း၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားခဲ့သည်။ သူမက တစ်စုံတစ်ရာ ထပ်ပြောလိုသေးသော်လည်း အမျိုးသမီးက ခေါင်းယမ်းလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

"သွားတော့၊ နောက်ရက်အနည်းငယ်အတွင်း ကံကြမ္မာမြို့တော်ထဲက လှုပ်ရှားမှုမှန်သမျှကို ဂရုတစိုက်စောင့်ကြည့်ပြီး ပုံမှန်မဟုတ်တာ တစ်ခုခုရှိရင် ငါ့ကို ချက်ချင်းလာသတင်းပို့"

အားချင်း၏ မျက်နှာအမူအရာက တုန်လှုပ်နေဆဲဖြစ်သော်လည်း နောက်ဆုံးတွင်မူ သူမက နက်ရှိုင်းစွာ ဦးညွှတ်လိုက်ပြီး တိုးညှင်းစွာ ပြန်ဖြေလိုက်သည်။

"နားလည်ပါပြီ"

ထို့နောက် သူမသည် ရိုသေစွာဖြင့် နောက်ဆုတ် ထွက်ခွာသွားခဲ့သည်။

အခန်းထဲတွင် အမျိုးသမီးတစ်ဦးတည်းသာ ကျန်ရစ်ခဲ့ချိန်၌ သူမ၏ မျက်လုံးထောင့်များမှ မျက်ရည်ပေါက်ကြီးများ စတင်ကျဆင်းလာခဲ့ပြီး သူမ၏ခန္ဓာကိုယ်မှာ တသိမ့်သိမ့် တုန်ယင်နေတော့သည်။

သို့သော် ထိုသို့ တိတ်ဆိတ်စွာ ငိုကြွေးနေမှုကြားမှပင် အမျိုးသမီး၏ နှုတ်ခမ်းများက တောက်ပရွှန်းလဲ့သော အပြုံးတစ်ခုအဖြစ်သို့ တဖြည်းဖြည်း ကွေးတက်သွားခဲ့သည်။

"မရဏဧကရာဇ်... အရှင်မြင်ရဲ့လား၊ တစ်ချိန်တုန်းက အရှင့်ကို သစ္စာဖောက်ခဲ့တဲ့ အဲဒီမင်းမျိုးမင်းနွယ်တွေရဲ့ အမွေဆက်ခံသူတွေဟာ ကျွန်မရဲ့ ထောင်ချောက်ထဲကို ကျရောက်နေကြပါပြီ၊ မကြာခင်မှာ အရှင့်အပေါ် သူတို့လုပ်ခဲ့သမျှတွေအတွက် သူတို့အားလုံးကို အသေအလဲ ပြန်ပေးဆပ်ခိုင်းရမယ်"

သူမက တိုးညှင်းစွာ ရေရွတ်လိုက်ပြီးနောက် ရင်ဘတ်ထဲမှ မည်းနက်နေသော ကျောက်စိမ်းအမိန့်တော်ပြား တစ်ခုကို တုန်ယင်နေသော လက်များဖြင့် ထုတ်ယူလိုက်လေသည်။ ထိုကျောက်စိမ်းပြားပေါ်တွင် တစ္ဆေစာလုံးများဖြင့် စာလုံးသုံးလုံးကို ထွင်းထုထား၏။

အရိပ်ကိုယ်ရံတော်...

သူမ၏ မျက်ဝန်းများတွင် နက်ရှိုင်းသော ချစ်ခင်မြတ်နိုးမှုများ အပြည့်အဝ ဖုံးလွှမ်းသွားပြီး ထိုကျောက်စိမ်းအမိန့်တော်ပြားကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။

"မရဏဧကရာဇ်... ကျွန်မမှာ ကြီးမားတဲ့ စွမ်းရည်တွေ မရှိပါဘူး၊ တစ္ဆေနယ်ပယ်ရဲ့ အနက်ပိုင်းကိုလည်း ဝင်ရောက်နိုင်စွမ်းမရှိလို့ အစွန်အဖျားမှာပဲ အသက်ရှင်သန်နေခဲ့ရတာပါ၊ ဒါပေမဲ့ ဒီတစ်ခေါက်တော့ အရှင့်အတွက် ကျွန်မ ကလဲ့စားချေပေးပါ့မယ်"

ထိုသို့ပြောနေစဉ်မှာပင် သူမ၏ မျက်ဝန်းများက ကြမ်းကြုတ်ခက်ထန်သွားပြီး သူမ၏ ဆံနွယ်ရှည်များက လေမတိုက်ဘဲ လွင့်ဝဲလာကာ နတ်ဆိုးတစ်ကောင်၏ အရိပ်အလား အမည်းရောင်စွမ်းအင်တိမ်တိုက်တစ်ခုက သူမကို ရစ်ပတ်လွှမ်းခြုံသွားတော့သည်။

သူမလက်ထဲရှိ ကျောက်စိမ်းအမိန့်တော်ပြားမှာလည်း အဆက်မပြတ် တုန်ယင်နေပြီး အမည်မသိ ဟင်းလင်းပြင်ဆီသို့ ဆန့်ထွက်နေသော ကြိုးမျှင်များကို ခပ်ရေးရေး ဖော်ပြနေလေသည်။

တစ်ချိန်တည်းမှာပင် အောက်ထပ်ရှိ အခန်းတွင်း၌ ရွှယ်အန်းက သူ၏ ဝိညာဉ်အာရုံကို ဖြည်းညှင်းစွာ ပြန်လည်ရုပ်သိမ်းလိုက်ပြီး သက်ပြင်းတစ်ချက်ကို ဖွဖွချလိုက်သည်။

"ဒါက အရင်တုန်းက သူကိုယ်တိုင် တည်ထောင်ခဲ့တဲ့ အရိပ်ကိုယ်ရံတော် အစစ်အမှန်ပဲ၊ ဒီအငွေ့အသက်တွေက အရမ်းကို ရင်းနှီးနေတာ အံ့ဩစရာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့..."

သူ၏ နှုတ်ခမ်းများက နောက်ပြောင်ချင်ဟန်ရှိသော အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားလေသည်။

"သူတို့က သူသေပြီလို့ ပြောကြတယ်ပေါ့... ဟက်၊ တစ္ဆေနယ်ပယ်မှာရှိတဲ့ သက်ရှိတွေ အားလုံးထဲမှာ ဘယ်သူသေသေ ငါမအံ့ဩပေမယ့် သူ့သေဆုံးမှုကတော့ လွဲတာပေါ့..."

ရွှယ်အန်းက စကားလုံးတိုင်းကို ပြတ်ပြတ်သားသား အသံထွက်ကာ ပြောလိုက်သည်။

"ဒါက လုံးဝကို မဖြစ်နိုင်တဲ့ ကိစ္စပဲ”

--

All Chapters