အခန်း ၁၃၆၅
Vol. 91 Ch. 1365
အခန်း (၁၃၆၅) ပွဲ စပြီ
တစ္ဆေမျိုးနွယ်စုမှာ အမှန်တကယ်တော့ အဝတ်အစား ဝတ်ဆင်ရန် မလိုအပ်သော်လည်း ၎င်းတို့သည် ဖန်တီးပုံဖော်ခြင်းမှတစ်ဆင့် အဝတ်အစားတစ်စုံကို အပြည့်အဝ ပုံဖော်ဝတ်ဆင်နိုင်စွမ်း ရှိကြသည်။
သို့သော် သူ၏ ရိုးသားဖြောင့်မတ်မှုကို ပြသရန်အတွက် ကံကြမ္မာတစ္ဆေဧကရာဇ်သည် လူသားမျိုးနွယ်စု၏ အဝတ်အစား အသစ်စက်စက် တစ်စုံကို လဲလှယ်ဝတ်ဆင်ထားသည်။
ထို့နောက်တွင်တော့ သူသည် စိုးရိမ်ပူပန်မှုများ၊ ဂနာမငြိမ်မှုများဖြင့် စတင်စောင့်ဆိုင်းနေလေတော့သည်။ အဆုံးတွင်တော့ ရန်ထျန်ယွင်နှင့် ထန်ဖေးဝမ်တို့သည် လှေကားပေါ်မှ ကျော့ရှင်းစွာ ဆင်းသက်လာကြသည်။
ကံကြမ္မာတစ္ဆေဧကရာဇ်သည် သူတို့ကို ကြိုဆိုရန် အလျင်အမြန် ရှေ့သို့တိုးသွားပြီး ဖားယားသောလေသံဖြင့် ပြောလိုက်သည်။
"ဂုဏ်သရေရှိ ဧည့်တော်မောင်များ... ရထားလုံး အဆင်သင့်ဖြစ်ပါပြီ၊ ကျွန်တော်တို့ အခုချက်ချင်း ထွက်ခွာလို့ ရပါပြီ"
ရန်ထျန်ယွင်က သူ၏ မျက်ခွံကိုပင် ပင့်မကြည့်ချေ။
"မင်းရဲ့ ကြီးကျယ်ခမ်းနားလှပါတယ်ဆိုတဲ့ မွေးနေ့ပွဲတော်က မင်းရဲ့ ကိုယ်ပိုင် မြို့တော်ဝန်စံအိမ်မှာ ကျင်းပတာ မဟုတ်ဘူးလား"
ကံကြမ္မာတစ္ဆေဧကရာဇ်က အလျင်အမြန်ပင် အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ရှင်းပြလိုက်သည်။
"ဒီနေရာက ကျဉ်းကျပ်ပြီး အဆင်မပြေလို့ ပွဲတော်ကို မြို့ပြင်က သံပိုက်ကွန်တောင်ခြေမှာ စီစဉ်ထားတာပါ၊ အဲဒီမှာ အသစ်ဆောက်ထားတဲ့ ခြံဝင်းကြီးတစ်ခု ရှိပါတယ်"
"ဟက်... စွမ်းရည်က သိပ်မရှိဘဲနဲ့ မာနကတော့ ကြီးလှချည်လား"
ရန်ထျန်ယွင်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။ ကံကြမ္မာတစ္ဆေဧကရာဇ်မှာ မကျေနပ်မှု အရိပ်အယောင်လေးမျှပင် မပြရဲဘဲ အကြိမ်ကြိမ် ဦးညွှတ်ခါးဆင်းကာ ပြောသည်။
"ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ... အားလုံးက ကျွန်တော့်ရဲ့ ညံ့ဖျင်းတဲ့ အစီအစဉ်တွေကြောင့်ပါ"
ထန်ဖေးဝမ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
"သွားကြစို့"
ထိုသို့ပြောပြီးနောက် သူမသည် ရထားလုံးပေါ်သို့ တိုက်ရိုက်တက်သွားသည်။ ရန်ထျန်ယွင်မှာ သိသိသာသာ မကျေမနပ် ဖြစ်နေသော်လည်း သူမနောက်မှ လိုက်၍ တက်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
ရထားလုံးကို ဆွဲမည့် ဧရာမ တစ္ဆေမြင်းကြီးသည် ရထားလုံးကို လေထဲသို့ ရုတ်တရက် ဆွဲတင်လိုက်ပြီး မြို့ပြင်သို့ ဦးတည်ထွက်ခွာသွားလေတော့သည်။
တစ်ချိန်တည်းမှာပင်။ အရိုးဖြူဂိုဏ်းမှ လူအုပ်ကြီးမှာ ခြံဝင်းကြီး၏ အပြင်ဘက်သို့ ရောက်ရှိနေကြသည်။
ပြင်းထန်သော ဒဏ်ရာများ ရရှိထားသော်လည်း အရိုးဖြူဂိုဏ်းသည် ကျင့်ကြံရေးနေရာတစ်ခု ဖြစ်သည့်အားလျော်စွာ အမျိုးမျိုးသော ဝိညာဉ်ဆေးဝါးများ၏ အကျိုးသက်ရောက်မှုအောက်တွင် လန်ပိုချန်၏ ဒဏ်ရာများမှာ အလုံးစုံ သက်သာပျောက်ကင်းသွားခဲ့၏။
သို့သော် သူ၏ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများ သက်သာသွားသော်လည်း သူ၏ ဝိညာဉ်အပေါ် ထိခိုက်မှုမှာမူ အချိန်ကြာမြင့်စွာ တည်ရှိနေပြီး ပြန်လည်ကုစားရန် ခက်ခဲနေလေသည်။
အနည်းဆုံးတော့ ယခုအခါ လန်ပိုချန်သည် မရင်းနှီးသော အမျိုးသားများနှင့် ဆုံတွေ့ရတိုင်း ချွေးစေးများ ပြန်လာတတ်သည်။ ယခင်က သူ အရယူရန် ကြိုးစားခဲ့သော ဂိုဏ်းတူညီမလေးကိုမူ ယခုအခါ သူက ကပ်ရောဂါတစ်ခုအလား ရှောင်ကြဉ်နေတော့သည်။
ဤအပြောင်းအလဲက စုန့်ကျင်းယဲ့အတွက် ကျေနပ်မှုကို ဖြစ်ပေါ်စေခဲ့သော်လည်း လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူမ၏ အိပ်စက်ခြင်းများကို အနှောင့်အယှက် ဖြစ်စေခဲ့သည်။
သူမ မျက်လုံးမှိတ်လိုက်တိုင်း သူမမြင်ယောင်နေသည်မှာ ပြုံးနေသော အဖြူရောင်ဝတ် လူငယ်ကိုသာ ဖြစ်သည်။
သူမ၏ အိပ်မက်များပင်လျှင် ဟင်္သာပြဒါးဆောင်မှ မြင်ကွင်းများဖြင့် လွှမ်းမိုးခံနေရ၏။
သို့သော် ထိုတစ္ဆေမျိုးနွယ်စုဝင် နှစ်ဦး သေဆုံးမှုနှင့် ပတ်သက်သည့် မုန်တိုင်းထဲတွင် ထပ်မံပတ်သက်မိမည်ကို စုန့်ကျင်းယဲ့ ကြောက်ရွံ့နေသဖြင့် ဟင်္သာပြဒါးဆောင်သို့ ပြန်မသွားရဲဘဲ အချိန်များကို သူမ၏ အခန်းထဲတွင်သာ အချည်းနှီး ကုန်လွန်ခဲ့သည်။
ဝမ်လင်းချွေ့ကမူ သူမသည် ဂိုဏ်းတူအစ်ကိုဖြစ်သူအတွက် စိုးရိမ်နေသည်ဟု ထင်မှတ်ကာ သူမကို အကြိမ်ကြိမ် နှစ်သိမ့်ပေးခဲ့သည်။
သို့သော် သူမ၏ တပည့်ဖြစ်သူက အမှန်တကယ် ဘာကိုတွေးနေသည်ဆိုသည်ကို သူမ လုံးဝ မသိရှိခဲ့ချေ။ ယခုအခိုက်အတန့်တွင် စုန့်ကျင်းယဲ့မှာ နောင်တတရားများဖြင့် လွှမ်းမိုးခံနေရသည်။
အဲဒီအချိန်တုန်းက သူ့နာမည်ကို မေးဖို့ သတ္တိလေးနည်းနည်းလောက် ရှိခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ...
အနည်းဆုံးတော့ အခုလိုမျိုး သူ့မျက်နှာကို မှတ်မိနေပြီး သူ့နာမည်နဲ့ သူ့ဇာတိကို မသိရတဲ့ အခြေအနေမျိုးတော့ ရောက်နေမှာ မဟုတ်ဘူး...
ထိုအဖြူရောင်ဝတ် လူငယ်ကို နောက်တစ်ကြိမ် ပြန်လည်မတွေ့မြင်နိုင်တော့ခြင်းအပြင် လူကိုယ်တိုင် ကျေးဇူးမတင်နိုင်တော့ခြင်းတို့အကြောင်း တွေးမိတိုင်း စုန့်ကျင်းယဲ့မှာ ငိုချင်စိတ်များ ဖြစ်ပေါ်လာသည်။
ထို့နောက် ရုတ်တရက် အတွေးတစ်ခုက သူမဆီသို့ ဝင်ရောက်လာခဲ့သည်။ ထိုအဖြူရောင်ဝတ် လူငယ်သည် တစ္ဆေမျိုးနွယ်စုဝင်နှစ်ဦးကို လက်တစ်ချက် ဝှေ့ယမ်းရုံမျှဖြင့် ဖျက်ဆီးပစ်နိုင်စွမ်းရှိသဖြင့် သူ၏ ကျင့်ကြံမှုအဆင့်မှာ မြင့်မားကြောင်း ရှင်းလင်းနေသည်။
ထိုကဲ့သို့သော စွမ်းရည်ရှိသူ တစ်ဦးက ကံကြမ္မာမြို့တော်သို့ လာရောက်ခြင်းဖြစ်ရာ ကံကြမ္မာတစ္ဆေဧကရာဇ်၏ ပွဲတော်သို့ သူတက်ရောက်ရန်မှာ မလွဲမသွေ ဖြစ်နိုင်ချေရှိသည်။ ပွဲတော်အတွင်း သူမ သေချာစွာရှာဖွေပါက သူ့ကို တွေ့နိုင်ကောင်း တွေ့နိုင်သည်။
ဤအတွေးက စုန့်ကျင်းယဲ့ကို စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားစေပြီး ပွဲတော်ဆီသို့ စိတ်လောစွာဖြင့် အလျင်အမြန် သွားရောက်ရန် တွန်းအားပေးခဲ့လေသည်။
သို့သော် ရောက်ရှိသွားသောအခါ စုန့်ကျင်းယဲ့မှာ သူမ၏ရိုးအမှုကို သိရှိလိုက်ရပြီး မျှော်လင့်ချက် ကင်းမဲ့သွားရသည်။
ပွဲတော်သို့ တက်ရောက်သော ဂိုဏ်းမှာ သူမတို့ တစ်ဂိုဏ်းတည်း မဟုတ်ချေ။ အမှန်တွင် ပွဲတော်မှာ တရားဝင်စတင်ခြင်း မရှိသေးသော်လည်း ဧကပေါင်း တစ်ထောင်နီးပါး ကျယ်ဝန်းသော ခြံဝင်းကြီးမှာ လူများဖြင့် ပြည့်လျှံနေ၏။
လူသားမျိုးနွယ်စု၊ တစ္ဆေမျိုးနွယ်စု အစရှိသည့် အုပ်စုများမှာ ပရမ်းပတာ အခြေအနေများကြားတွင် ရောနှောနေကြသည်။ ဤမျှလောက် များပြားလှသော လူအုပ်ကြီးကြားတွင် လူတစ်ယောက်တည်းကို ရှာဖွေရန် ကြိုးစားခြင်းမှာ လုံးဝ မဖြစ်နိုင်သလောက်ပင်။
စုန့်ကျင်းယဲ့မှာ နက်ရှိုင်းသော မျှော်လင့်ချက်ကင်းမဲ့မှုထဲသို့ နစ်မြုပ်မသွားဘဲ မနေနိုင်တော့ချေ။ သူမ၏ မျက်နှာအမူအရာမှာလည်း သိသိသာသာ ညှိုးနွမ်းသွားသည်။
တစ်ချိန်တည်းမှာပင်။ အာဏာပါသော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာပြီးနောက် ဧရာမ တစ္ဆေမြင်းကြီး ဆွဲလာသော ဧရာမ ရထားလုံးကြီးကို မြင်လိုက်ရကာ ခြံဝင်းကြီး၏ ကြီးမားလှသော မဏ္ဍပ်ကြီးပေါ်တွင် ဖြည်းညှင်းစွာ ရပ်တန့်သွားသည်။ လူအုပ်ကြီးမှာ ချက်ချင်းပင် ဆူညံသွားတော့သည်။
"တစ္ဆေဧကရာဇ် ရောက်လာပြီ။"
"ဒါ တစ္ဆေဧကရာဇ်ရဲ့ ရထားလုံးပဲ။"
လူအုပ်ကြီး၏ စကားသံများကြားတွင် ရထားလုံးထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤအမျိုးသားသည် အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အာဏာရှိသော အငွေ့အသက်များကို ဆောင်ကြဉ်းထား၏။ သူကား အခြားသူမဟုတ်ပဲ ကံကြမ္မာတစ္ဆေဧကရာဇ်ပင် ဖြစ်သည်။
ထိုအရာကိုမြင်သောအခါ လူအုပ်ကြီးထဲမှ အများအပြားမှာ အားပေးဟစ်ကြွေးရန် အသင့်ဖြစ်နေကြသည်။ သို့သော် ထိုအချိန်တွင် ကံကြမ္မာတစ္ဆေဧကရာဇ်သည် ရထားလုံးထဲမှ ထွက်ခွာမသွားဘဲ တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေဟန်ဖြင့် ဘေးတွင် တည်ကြည်စွာ ရပ်နေသည်။
လူအုပ်ကြီးမှာ ချက်ချင်းပင် တိတ်ဆိတ်သွားတော့၏။
ကံကြမ္မာတစ္ဆေဧကရာဇ်ထံမှ ဤမျှလောက် လေးစားမှုကို ခံရသူမှာ မည်သို့သော အဆင့်အတန်းရှိသူ ဖြစ်နေမည်နည်း။
လူအုပ်ကြီးက မျှော်လင့်ချက်များဖြင့် လည်ပင်းရှည်ထွက်မတတ် ကြည့်ရှုနေစဉ် ရထားလုံးထဲမှ ပုံရိပ်နှစ်ခုက တစ်ခုပြီးတစ်ခု ဆင်းသက်လာခဲ့ကြသည်။
သူတို့ကား ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့ပင် ဖြစ်သည်။ သူတို့၏ ပေါ်ထွက်လာမှုက ပွဲတော်အပေါ် ထူးဆန်းသော လေထုတစ်ခုကို ဖုံးလွှမ်းသွားစေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့မည်သူဖြစ်ကြောင်း မည်သူကမျှ မသိရှိကြသောကြောင့်ပင်။ ထိုအခိုက်အတန့်တွင် ကံကြမ္မာတစ္ဆေဧကရာဇ်က ကျယ်လောင်စွာ ကြေညာလိုက်၏။
"တစ္ဆေနယ်ပယ် အနက်ပိုင်းကနေ ရောက်ရှိလာတဲ့ ရန်မိသားစုနဲ့ ထန်မိသားစုရဲ့ အမွေဆက်ခံသူတွေကို ကံကြမ္မာမြို့တော်က ကြိုဆိုပါတယ်"
ထိုစကားက ပေါက်ကွဲမှုတစ်ခုအလား ဖြစ်သွားပြီး လူအုပ်ကြီး တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေခဲ့သည်။
"ဘာ။ သူတို့က တစ္ဆေနယ်ပယ် အနက်ပိုင်းက ဟုတ်လား"
"ပြီးတော့ အနက်ပိုင်းမှာတောင် ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုတွေဖြစ်တဲ့ ရန်မိသားစုနဲ့ ထန်မိသားစုတဲ့လား"
"ဒါကြောင့် ကံကြမ္မာတစ္ဆေဧကရာဇ်က ဒီလောက်တောင် အရိုအသေပေးနေတာကိုး"
"သူတို့က ဘာလို့ ဒီကိုရောက်လာတာလဲ။ တစ္ဆေနယ်ပယ် အနက်ပိုင်းက လူတွေက အစွန်အဖျားမှာရှိတဲ့ ငါတို့ကို အမြဲတမ်း အထင်သေးတယ်လို့ ပြောကြတယ် မဟုတ်ဘူးလား"
ဆွေးနွေးမှုများက မုန်တိုင်းတစ်ခုအလား ရစ်ပတ်သွားပြီး အံ့ဩမှု၊ အားကျမှု၊ မနာလိုမှုနှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ အရိုးဖြူဂိုဏ်းမှ လူများမှာလည်း အလုံးစုံ ဆွံ့အသွားကြသည်။ ဝမ်လင်းချွေဘက ထစ်ငေါ့စွာဖြင့်ပြော၏။
"သူတို့က တစ္ဆေနယ်ပယ် အနက်ပိုင်းကဆိုတော့ ဒီတစ်ခေါက် ကံကြမ္မာတစ္ဆေဧကရာဇ်ရဲ့ ဂုဏ်သတင်းက တောက်ပနေတော့မှာပဲ"
စုန့်ကျင်းယဲ့က တွန့်ဆုတ်စွာဖြင့် မေးလိုက်သည်။
"ဆရာ... တစ္ဆေနယ်ပယ်ရဲ့ အနက်ပိုင်းက တကယ်ပဲ အဲဒီလောက် စွမ်းအားကြီးတဲ့ နေရာလားဟင်"
"စွမ်းအားကြီးတယ်လို့ ခေါ်ရုံနဲ့ မလုံလောက်ဘူး။ တိတိကျကျပြောရမယ်ဆို အဲဒီနေရာက အစစ်အမှန် ရှေးဟောင်း တစ္ဆေနယ်ပယ်တွေ တည်ရှိတဲ့နေရာပဲ။"
ဝမ်လင်းချွေ့က အံ့ဩရိုသေစွာဖြင့် ပြောလိုက်ပြီး ရန်ထျန်းယွင်နှင့် ထန်ဖေးဝမ်တို့ဆီသို့ လှမ်းကြည့်လိုက်သည့် သူမ၏ အကြည့်များတွင် အားကျမှုနှင့် လေးစားမှုများ ပြည့်နှက်နေသည်။
အကယ်၍ အရိုးဖြူဂိုဏ်းသာ ထိုကဲ့သို့သော ပုဂ္ဂိုလ်များနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့ပါက သူတို့၏ အင်အားမှာ ကောင်းကင်သို့ ထိုးတက်သွားမည်ဖြစ်ပြီး ဤနယ်ပယ်တွင် အုပ်စိုးသူအဆင့်ကိုပင် ရရှိနိုင်ကောင်း ရရှိနိုင်ပေမည်။
သို့သော် ထိုကဲ့သို့သော ဂုဏ်သရေရှိ ပုဂ္ဂိုလ်များက သူမတို့ကဲ့သို့သော ဂိုဏ်းငယ်လေးတစ်ခုကို ဒုတိယအကြိမ် ပြန်လှည့်ကြည့်မည် မဟုတ်ကြောင်းကို ဝမ်လင်းချွေ့ ကောင်းကောင်း သိရှိထားသည်။ ထိုအချိန်မှာပင် စင်မြင့်ပေါ်တွင် ရန်ထျန်းယွင်၏ မျက်နှာပေါ်၌ ခပ်ဟဟ အပြုံးတစ်ခု ပေါ်လာခဲ့သည်။
သူသည် လူအုပ်ကြီး၏ အားကျလေးစားမှုများကို အပြည့်အဝ ခံစားနေပြီး သူ၏ အစောပိုင်းက မကျေနပ်မှုများမှာ အလုံးစုံ လွင့်စင်ပျောက်ကွယ်သွားခဲ့သည်။ သူနှင့် ထန်ဖေးဝမ်တို့သည် ဂုဏ်သရေရှိ နေရာများတွင် ဝင်ထိုင်လိုက်ကြပြီးနောက် ကံကြမ္မာတစ္ဆေဧကရာဇ်က ရွှင်လန်းတက်ကြွစွာဖြင့် လက်ဝှေ့ယမ်းလာသည်။
"ပွဲတော်ကို စတင်ကြစို့။"
သူ၏ အမိန့်အရ တစ္ဆေအစေခံများက ခြံဝင်းကြီးအတွင်းရှိ ဧည့်သည်များထံသို့ ရှားပါးလှသော ဟင်းလျာမျိုးစုံကို စတင်တည်ခင်းကြသည်။ စားပွဲခုံများကို အလျင်အမြန် ခင်းကျင်းလိုက်ပြီး မြစ်ချောင်းများအလား စီးဆင်းနေဟန်ရှိသော ဟင်းလျာများဖြင့် ပြည့်နှက်နေသည်။ စုရုံးရောက်ရှိနေကြသော လူသားများနှင့် တစ္ဆေမျိုးနွယ်စုဝင်များ အားလုံးကို နေရာများ အသီးသီး သတ်မှတ်ပေးထားသည်။
သို့သော် ပုံမှန်အားဖြင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိလောက်အောင် လတ်ဆတ်လှသော ထိုအစားအစာများမှာ ယခုအခိုက်အတန့်တွင် စုန့်ကျင်းယဲ့အတွက် လုံးဝ အရသာမဲ့နေသကဲ့သို့ ခံစားနေရသည်။
သူမ၏ အကြည့်များက လူအုပ်ကြီးကို ဆက်လက်၍ ပတ်ချာလည်ကြည့်ရှုနေပြီး ထိုပုံရိပ်တစ်ခုကိုသာ ရှာဖွေနေ၏။ ထို့နောက် ကြီးမားလှသော မဏ္ဍပ်ကြီးပေါ်တွင် ကံကြမ္မာတစ္ဆေဧကရာဇ်က ရန်ထျန်းယွင်ဘက်သို့ လှည့်ကာ ဖားယားသော အပြုံးဖြင့် ပြောသည်။
"သခင်လေး... အောက်ဘက်မှာ ဖျော်ဖြေပွဲ တစ်ခု စီစဉ်ထားပါတယ်။ ကြည့်ရှုချင်ပါလား"
"အို... ဘယ်လို ဖျော်ဖြေပွဲမျိုးလဲ"
ရန်ထျန်ယွင်၏ စိတ်ဝင်စားမှုက နိုးကြွလာခဲ့သည်။ ကံကြမ္မာတစ္ဆေဧကရာဇ်က ရယ်မောလိုက်ပြီး လက်ခုပ်ခပ်ဖွဖွ တီးကာ သူ၏အမိန့်များကို အောက်သို့ ပေးပို့သည်။
မကြာမီမှာပင်။ ခြံဝင်းကြီး၏ ပန်းခန်းမဆောင်တွင် စောင့်ဆိုင်းနေကြသော ဝမ်မူလင်နှင့် အခြားသူများမှာ သတင်းစကားကို လက်ခံရရှိလိုက်ကြသည်။
ဝမ်မူလင်းက တည်ငြိမ်စွာ မတ်တတ်ရပ်လိုက်ပြီး သူမ၏ ဂါဝန်ကို သေသပ်အောင် ပြင်ဆင်ကာ ရှေ့သို့ လျှောက်လှမ်းလိုက်လေသည်။ ဓားကို ဖုံးကွယ်ထားသော အားချင်းမှာ တုန်ယင်စွာဖြင့် မပြောဘဲ မနေနိုင်တော့ချေ။
"တပ်မှူး..."
ဝမ်မူလင်းက ခပ်ဟဟ ပြုံးလိုက်သည်။
"သွားကြစို့။ ပွဲက... စတင်တော့မယ်။”
--