← Chapters

အခန်း ၈၁၂

Vol. 55 Ch. 812

အခန်း ၈၁၂

Vol. 55 Ch. 812

အခန်း (၈၁၂) - မှော်ဆန်သော စာလိပ်

ယင်ယန်ရှီဖုန်း၏ ခြိမ်းခြောက်မှုက ဖုန်းဝူချန်အတွက် အနည်းငယ်မျှပင် အရေးမပါခဲ့ချေ။ သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော ယင်ယန်ရှီဖုန်းကို ဆွဲခေါ်ကာ သံသယဖြစ်ဖွယ် နေရာဆီသို့သာ ဦးတည်သွားလိုက်သည်။

ဖုန်းဝူချန်သည် ယင်ယန်ရှီဖုန်း၏ အသက်ရှင်ခြင်း၊ သေဆုံးခြင်းကို အနည်းငယ်မျှ ဂရုမစိုက်ပါချေ။

နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၃) ကျင့်ကြံခြင်းဖြင့် သူသည် မည်မျှပင် ပြင်းထန်စွာ ဒဏ်ရာရထားပါစေ အလွယ်တကူ သေဆုံးသွားမည်တော့ မဟုတ်ပေ။

"နန်းတော်သခင်... ရတနာတွေ အများကြီးပဲဗျ"

သိုလှောင်လက်စွပ်ကို စစ်ဆေးပြီးနောက် ယဲ့ထျန်းဝေက အလွန်အမင်း စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။

"ဝိုး... ရွှေဒင်္ဂါးပြားတွေ အများကြီးပဲနော်၊ ဘီလီယံ ရာနဲ့ချီတဲ့ ရွှေဒင်္ဂါးပြားတွေ၊ အဆင့် (၇) ဆေးလုံးတွေ၊ အဆင့် (၈) ဆေးလုံးတွေ၊ ဆေးပင်တွေ အများကြီး၊ သွေးကျောက်စိမ်း ဗောဓိသီး၊ မြေကမ္ဘာအဆင့် သိုင်းကွက်တွေ၊ အင်မော်တယ် လက်နက်တွေ..."

ယဲ့ထျန်းဝေသည် ပစ္စည်းများကို တစ်ခုချင်းစီ ရေတွက်ပြရင်း ပိုမို စိတ်လှုပ်ရှားလာကာ အတိုင်းအဆမသိ ဝမ်းသာနေတော့၏။

"အင်မော်တယ် လက်နက်တွေတောင် ပါသေးတာလား"

နန်ဂုန်းကျန့်နှင့် အခြားသူများမှာလည်း အလွန်အမင်း ဝမ်းသာသွားကြသည်။

"အင်မော်တယ် လက်နက် သုံးခုတောင်... အဲဒီထဲက တစ်ခုက ချပ်ဝတ်ပဲ၊ ငါ လိုချင်နေတာနဲ့ အတော်ပဲ"

ယဲ့ထျန်းဝေက ဝမ်းသာအားရ အော်ဟစ်လိုက်ပြီး မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ ချပ်ဝတ်ကို သူ့အတွက် ယူထားလိုက်သည်။

"မြန်မြန်... သိုလှောင်လက်စွပ်ကို ဒီယူခဲ့ပါ၊ ငါလည်း ကြည့်မယ်"

လျိုချင်းယန်က လုယူရန်အတွက် အလျင်အမြန် ပြေးဝင်သွားသည်။

"ထျန်းဝေ... ငါ့ကို အရင်ပေး"

ပေတိုယန်က ဟိန်းဟောက်လိုက်ပြီး သူ့ဆီသို့ အပြေးအလွှား သွားလိုက်၏။

"ပေတိုယန်... မင်းဆီမှာ အင်မော်တယ် လက်နက် ရှိနေပြီးသား မဟုတ်ဘူးလား၊ အဲဒါတောင် ငါနဲ့ လာလုနေသေးတယ်"

"ငါ ချပ်ဝတ်ကို လိုချင်လို့ကွ"

"ငါလည်း လိုချင်တာပဲ"

နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဦး၏ သိုလှောင်လက်စွပ်ထဲရှိ ရတနာ ပမာဏမှာ လူတိုင်း၏ စိတ်ကူးယဉ် မှန်းဆနိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။ သူသည် နှစ်ပေါင်းမည်မျှကြာအောင် ဤရတနာများကို စုဆောင်းထားခဲ့သနည်း။

"ခွေးမသားတွေ"

ယဲ့ထျန်းဝေနှင့် အခြားသူများက သူ၏ ရတနာများကို လုယူနေကြသည်ကို ကြည့်ရင်း ယင်ယန်ရှီဖုန်းက ဒေါသတကြီး ဆဲဆိုလိုက်ရာ သူ၏ မျက်လုံးများမှာ သွေးများဖြင့် နီရဲနေတော့၏။

ခဏအကြာတွင် ယင်ယန်ရှီဖုန်း၏ သိုလှောင်လက်စွပ်ထဲရှိ ရတနာများ အားလုံးကို သူတို့ ခွဲဝေယူလိုက်ကြပြီး ဘီလီယံ ရာနှင့်ချီသော ရွှေဒင်္ဂါးပြားများကိုပင် မျက်တောင်တစ်ခတ်အတွင်း လုံးဝ ခွဲဝေ ယူငင်လိုက်ကြလေပြီ။

ယင်ယန်ရှီဖုန်းမှာ ဒေါသကြောင့် ရူးသွပ်လုမတတ် ဖြစ်နေပြီး အဆက်မပြတ် ဟိန်းဟောက်နေသော်လည်း အချည်းနှီးသာ ဖြစ်ပါ၏။

"နဂါးနတ်ဘုရား မဟာမိတ်အဖွဲ့မှာ လူတွေ အများကြီး ရှိတာဆိုတော့... ဒီရတနာတွေက သူတို့ကို ခွဲပေးဖို့ အတော်ပဲ"

ယီထျန်းချင်းက ပြုံးလျက် ဆိုလိုက်သည်။

"ငါတို့ကို သံသယဖြစ်စရာ နေရာဆီ ခေါ်သွားစမ်း... ပြီးတော့ အန္တရာယ်ရှိတဲ့ နေရာတွေကို ရှောင်သွား"

ဖုန်းဝူချန်က ယင်ယန်ရှီဖုန်းကို ကြည့်ကာ ခြိမ်းခြောက်သည့် လေသံဖြင့် အမိန့်ပေးလိုက်လေရာ အကယ်၍ သဘောမတူပါက ယင်ယန်ရှီဖုန်းကို ချက်ချင်း ညှဉ်းပန်းနှိပ်စက်တော့မည့်အလား ဖြစ်နေတော့၏။

"..."

ယင်ယန်ရှီဖုန်းက သူ၏ ရင်တွင်းမှ ပေါက်ကွဲထွက်လုမတတ် ဒေါသများကို အတင်းအဓမ္မ ဖိနှိပ်ထားလိုက်ရသည်။ သူသည် ယခုအချိန်တွင် ခေါင်းငုံ့ခံနေရုံသာ တတ်နိုင်သည်။ မဟုတ်ပါက သေခြင်းတရားသာ သူ့ကို စောင့်ကြိုနေမည် မဟုတ်ပါလော။

ယင်ယန်ရှီဖုန်း လမ်းပြပေးမှုကြောင့် ရှုမီ ချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး နေရာတွင် ဖြစ်သော်လည်း ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သည် အန္တရာယ်များကို စိုးရိမ်စရာ မလိုတော့ပါချေ။

ချောက်ကမ်းပါးများ၊ လိုဏ်ဂူများ၊ ဂူများ၊ ရေကန်များ... ဤကဲ့သို့သော သံသယဖြစ်ဖွယ် နေရာတိုင်းကို သူတို့ ရှာဖွေခဲ့ကြပြီး ကမ္ဘာဦး စွမ်းအားကိုပင် အသက်သွင်းကာ အာရုံခံကြည့်ခဲ့သော်လည်း ဘာကိုမျှ မတွေ့ရှိခဲ့ကြပါချေ။

သံသယဖြစ်ဖွယ် နေရာ ခုနစ်ခုကို ဆက်တိုက် ရှာဖွေခဲ့သော်လည်း အားလုံးက အချည်းနှီးသာ ဖြစ်ခဲ့သည်။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ အလွန်အမင်း စိတ်ပျက်သွားကြသည်။

"နန်းတော်သခင်... သူက ငါတို့ကို လှည့်စားနေတာများလား၊ ယင်ယန် မိသားစုက အစွမ်းထက် ပညာရှင်တွေ သူ့ကို လာကယ်မယ့် အချိန်ကို စောင့်ရင်း အချိန်ဆွဲနေတာများလား"

သံသယဖြစ်ဖွယ် နေရာ ခုနစ်ခုကို ရှာဖွေပြီး ဘာမှ မတွေ့ရသဖြင့် ပေတိုယန်က သူ၏ သံသယကို မနေနိုင်တော့ဘဲ ဖွင့်ဟလိုက်သည်။

"အဲလိုတော့ မဖြစ်နိုင်ဘူး... ကမ္ဘာဦး စွမ်းအားက အလွယ်တကူ ရှာတွေ့နိုင်တဲ့ အရာမှ မဟုတ်တာ"

ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း ပြန်ဖြေလိုက်သည်။

ကျန်းကျွင့်လန်က အေးစက်စွာဖြင့်...

"သူသာ လိမ်ရဲရင် သူ့ကို အပိုင်းပိုင်း အတစ်တစ် ဖြစ်အောင် ဆွဲဖြဲပစ်မယ်" ဟု ဟိန်းဟောက်လိုက်သည်။

ယင်ယန်ရှီဖုန်းမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး အချိန်မရွေး အသတ်ခံရနိုင်ချေ ရှိသည်။ ဖုန်းဝူချန်၏ ခြိမ်းခြောက်မှုပါ ထပ်ပေါင်းလိုက်သည့်အခါ သူသည် အသက်တစ်ထောင် ပါလျှင်တောင်မှ လိမ်ပြောဝံ့မည် မဟုတ်ပါချေ။

"ရှုမီ ချောက်ကမ်းပါးထဲမှာ ကမ္ဘာဦး စွမ်းအား ရှိနေတယ် ဆိုတာကို ယင်ယန် မိသားစုက ဘယ်လိုလုပ် သိတာလဲ... တခြား လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတွေကရော မသိဘူးလား"

ဖုန်းဝူချန်က ယင်ယန်ရှီဖုန်းကို ကြည့်ကာ...မေးလိုက်၏။

ထိုစကားကို ကြားသောအခါ ယင်ယန်ရှီဖုန်းက...ပြန်ဖြေလိုက်သည်။

"ဒီအကြောင်းကို ယင်ယန် မိသားစုရဲ့ ဘိုးဘေးတွေက လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့တာပါ... တခြား အင်အားစုတွေက ဘယ်လိုလုပ် သိနိုင်မှာလဲ"

"အဲဒီလိုဆိုရင်တော့ အချိန်စွမ်းအားက ရှုမီ ချောက်ကမ်းပါးထဲမှာ သေချာပေါက် ရှိနေတာပဲ"

ဖုန်းဝူချန်က သဘောတူစွာ ခေါင်းညိတ်လိုက်ပြီး ပို၍ပို၍ သေချာသွားတော့၏။

သူတို့သည် အခြား သံသယဖြစ်ဖွယ် နေရာများကို ဆက်လက် စစ်ဆေးခဲ့ကြပြီး လမ်းတစ်လျှောက်လုံးတွင်လည်း ကမ္ဘာဦး စွမ်းအားကို အသက်သွင်းကာ အာရုံခံခဲ့ကြသော်လည်း ဘာကိုမျှ မတွေ့ရှိခဲ့သဖြင့် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ လုံးဝ မျှော်လင့်ချက်မဲ့သွားကြလေပြီ။

ပင်ပန်းနွမ်းနယ်နေပြီး အချိန်တွေ အများကြီး အလဟဿ ကုန်ဆုံးသွားခဲ့သော်လည်း နောက်ဆုံးတွင် ဘာအကျိုးအမြတ်မှ မရရှိခဲ့ကြပါချေ။

ကမ္ဘာဦး စွမ်းအားမှာ အလွန်တရာ နက်ရှိုင်းစွာ ပုန်းကွယ်နေပုံရပြီး လုံးဝ မရှိနေသကဲ့သို့ပင် ဖြစ်နေတော့၏။

"ဂူထဲမှာ အရင်ဆုံး အနားယူကြတာပေါ့"

ဖုန်းဝူချန်က ပြောလိုက်ပြီးနောက် စုတ်ပြတ်နေသော အဝတ်စ နှစ်ခုကို ထုတ်ယူလိုက်သည်။

"ဖုန်းဝူချန်ဆီမှာ ဒီလို မြေပုံမျိုး ရှိနေတာလား..."

ယင်ယန်ရှီဖုန်းမှာ အလွန်အမင်း အံ့အားသင့်သွားပြီး မြေပုံ နှစ်ခုကို မှင်သက်စွာ စိုက်ကြည့်နေမိတော့၏။

ဖုန်းဝူချန်သည် မြေပုံ နှစ်ခုကို ဆက်စပ်လိုက်ရာ မြေပုံပေါ်ရှိ လမ်းကြောင်းများနှင့် သင်္ကေတများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်သွားကြသည်။

လျိုချင်းယန်၊ ကျန်းကျွင့်လန်နှင့် အခြားသူများကလည်း သူ့အနီးသို့ စုရုံးရောက်ရှိလာကြပြီး ဆက်စပ်ထားသော မြေပုံ နှစ်ခုကို မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။

"ဒါက မြေပုံလား"

ပိုင်မဲက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"မြေပုံနဲ့တော့ မတူပါဘူး... တကယ်လို့ မြေပုံဆိုရင် ဘာလို့ အမှတ်အသားတွေ မပါရတာလဲ၊ အဲဒီအစား ဒီလို ထူးခြားတဲ့ အင်းကွက်တွေနဲ့ သင်္ကေတတွေက ဘာကို ဆိုလိုတာလဲ"

လျိုချင်းယန်က ခေါင်းခါယမ်းရင်း ဆိုလိုက်သည်။

"ဒါက မြေပုံ မဟုတ်ဘူး... ရှေးဟောင်း အခင်းအကျင်း တစ်ခုပဲ"

ဖုန်းဝူချန်က ရှင်းပြလိုက်သည်။

"အခင်းအကျင်း တဲ့လား"

လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ၎င်းမှာ အခင်းအကျင်း တစ်ခုဖြစ်ကြောင်း သူတို့ လုံးဝ မခန့်မှန်းနိုင်ခဲ့ကြပါချေ။

စုတ်ပြတ်နေသော အဝတ်စ နှစ်ခုကို ဆက်စပ်လိုက်သည့်အခါ အင်းကွက်များနှင့် နက်နဲသော သင်္ကေတများ အပြည့်အစုံ ပေါ်ထွက်လာ၏။ အလွန်တရာ ထူးခြားဆန်းကြယ်သော ပုံစံတစ်ခု ဖြစ်ပေါ်လာကာ အခင်းအကျင်း တစ်ခုနှင့် လုံးဝ မတူပါချေ။

'ဒီကောင်လေးက အခင်းအကျင်း တစ်ခုဆိုတာကို တကယ် သိနေတာပါလား'

ယင်ယန်ရှီဖုန်းမှာ စိတ်ထဲမှ နောက်တစ်ဖန် အံ့အားသင့်သွားရပြန်ပြီး..စိတ်ထဲ၌ တွေးလိုက်မိသည်။

'သူက ကမ္ဘာဦး စွမ်းအားကို တကယ်ပဲ ရှာတွေ့နိုင်လောက်တယ်၊ ကမ္ဘာဦး စွမ်းအားကို ရှာဖို့ သူ့ကို အသုံးချတာက အကျိုးရှိနိုင်တယ်'

ထိုအတွေးနှင့်အတူ ယင်ယန်ရှီဖုန်းက အလျင်အမြန်ပင်...

"ဟုတ်တယ်... ဒါက အခင်းအကျင်း တစ်ခုပဲ၊ ငါတို့ ဘိုးဘေးတွေက ဒါကို လက်ဆင့်ကမ်း ပေးခဲ့တုန်းကလည်း အခင်းအကျင်း တစ်ခုလို့ ပြောခဲ့တာပဲ... နှစ်ပေါင်းများစွာ ကြာအောင် ငါတို့က ကျန်နေတဲ့ အစိတ်အပိုင်းကို ရှာနေခဲ့တာ၊ ဒါက အချိန်စွမ်းအား ရှိတဲ့ နေရာ ဖြစ်နိုင်တယ်" ဟု ဝင်ပြောလိုက်သည်။

ရုတ်တရက် ယင်ယန်ရှီဖုန်း ဝင်ပြောလိုက်သဖြင့် ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများ၏ အံ့အားသင့်နေသော အကြည့်များက သူ့ထံသို့ ရောက်ရှိသွားကြ၏။

ယင်ယန်ရှီဖုန်းက ဘယ်အချိန်ကတည်းက ဒီလောက် သဘောကောင်းသွားရတာလဲ။ သူ့ဘာသာသူ အလိုအလျောက် ဝင်ပြောနေတယ် ဟုတ်လား။

"ဒီအရာနဲ့ ပတ်သက်ပြီး မင်း ဘာတွေ သိသေးလဲ"

ဖုန်းဝူချန်က မေးလိုက်သည်။

"ငါတို့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာတဲ့ သတင်းစကားအရဆိုရင်... ကမ္ဘာဦး စွမ်းအားကို အသက်သွင်းပြီး ဒီကမ္ဘာဦး ရှေးဟောင်း စာလိပ်ထဲကို ထည့်သွင်းလိုက်ရင် စာလိပ်ထဲမှာ ပိတ်လှောင်ထားတဲ့ အခင်းအကျင်းကို ဖွင့်နိုင်တယ်တဲ့"

ယင်ယန်ရှီဖုန်းက ဖော်ထုတ် ပြောဆိုလိုက်သည်။

"ပိတ်လှောင်ထားတဲ့ အခင်းအကျင်း ဟုတ်လား"

လျိုချင်းယန်က အလန့်တကြား အော်ဟစ်လိုက်မိ၏။

"ဒီစုတ်ပြတ်နေတဲ့ ပစ္စည်းလေးထဲမှာ အခင်းအကျင်း တစ်ခု ရှိနေတယ်ပေါ့"

ဖုန်းဝူချန်လည်း အနည်းငယ် အံ့အားသင့်သွားရသည်။ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပါချေ။

"နန်းတော်သခင်... သူပြောတာကို ငါတို့ ယုံလို့ ရပါ့မလား"

ယင်ယန်ရှီဖုန်းက တစ်ခုခု ကြံစည်နေသည်ဟု ခံစားရသဖြင့် ပေတိုယန်က မေးလိုက်သည်။

"စမ်းကြည့်ကြတာပေါ့"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်လျက် ပြောလိုက်ပြီးနောက် ကမ္ဘာပျက် စွမ်းအားကို အသက်သွင်းကာ ရှေးဟောင်း စာလိပ်ပေါ်သို့ သူ၏ လက်ဝါးကို ဖိချလိုက်သည်။

"ဟွန့်... သူသာ လိမ်ပြောရဲရင် သူ့ကို အခုချက်ချင်း ငါ သတ်ပစ်မယ်"

လျိုချင်းယန်က အေးစက်စွာ ကြေညာလိုက်ပြီး ယင်ယန်ရှီဖုန်းကို ရက်စက်စွာ စိုက်ကြည့်လိုက်သည်။

လျိုချင်းယန်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် ကမ္ဘာဦး စွမ်းအားများ ဝင်ရောက်သွားသော ရှေးဟောင်း စာလိပ်မှာ အမှန်တကယ်ပင် စတင် ပြောင်းလဲလာတော့၏။

ရှေးဟောင်း စာလိပ်၏ မျက်နှာပြင်ပေါ်တွင် အလွန်တရာ အားနည်းသော ရွှေရောင် အလင်းတန်းလေး တစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် မျောလွင့်လာတော့၏။

"သူပြောတာ မှန်တယ်ဟ... စာလိပ်က ပျံနေပြီ၊ အစ်ကိုဖုန်း... ခင်ဗျား မြင်လား"

လျိုချင်းယန်၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ပြည့်နှက်နေတော့၏။

"ကမ္ဘာဦး စွမ်းအားက စာလိပ်ကို တကယ်ပဲ လှုံ့ဆော်ပေးနိုင်တာပါလား"

ဖုန်းဝူချန်လည်း အလားတူပင် အံ့အားသင့်နေသည်။ ဤမျှ မှော်ဆန်သော စာလိပ်မျိုးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်ပါ၏။

လူတိုင်းက မျောလွင့်နေသော စာလိပ်ကို အလွန်အမင်း အံ့အားသင့်စွာဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြလေရာ ရွှေရောင် အလင်းတန်းများမှာ ပိုမို တောက်ပလာပြီး ရှေးဟောင်း အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေတော့သည်။

စာလိပ်ပေါ်ရှိ လမ်းကြောင်းများမှာ ယခုအခါ ရွှေရောင် မျဉ်းကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီး လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်များနှင့် သင်္ကေတများမှာလည်း အခင်းအကျင်းကို အသက်သွင်းနေသည့်အလား ရွှေရောင် အလင်းတန်းများဖြင့် တလက်လက် တောက်ပနေတော့၏။

"နန်းတော်သခင်... ပိတ်လှောင်ထားတဲ့ အခင်းအကျင်းရဲ့ စွမ်းအားပဲ၊ ပိတ်လှောင်ထားတဲ့ အခင်းအကျင်း တစ်ခု တကယ် ရှိနေတာပါလား"

ယဲ့ထျန်းဝေက လုံးဝ အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဒီစာလိပ်ထဲမှာ နောက်ထပ် ပိတ်လှောင်ထားတဲ့ အခင်းအကျင်း တစ်ခု တကယ် ရှိနေတာပဲ"

ယီထျန်းချင်းနှင့် အခြားသူများမှာလည်း မျောလွင့်နေသော စာလိပ်ကို မျက်လုံးပြူးကာ ကြည့်နေကြတော့၏။

တောက်ပသော ရွှေရောင် အလင်းတန်းများမှာ ပိုမို ဝင်းလက်လာပြီး ငုပ်လျှိုးနေသော ကြောက်မက်ဖွယ် ကောင်းသည့် စွမ်းအားကြီး တစ်ခုက တဖြည်းဖြည်း နိုးထလာတော့၏။

--

All Chapters