အခန်း ၈၁၃
Vol. 55 Ch. 813
အခန်း (၈၁၃) - အရိပ်မဲ့ နက်နဲခြင်း အလင်း အခင်းအကျင်း
တောက်ပသော ရွှေရောင် အလင်းတန်းကြီးက တောင်တန်းများကို လွှမ်းခြုံသွားပြီး ယင်ယန်ရှီဖုန်း၏ အရောင်အသွေး စုံလင်သော အလင်း အကာအကွယ်ကြီးကိုပင် ဖုံးကွယ်သွား၏။
ရှေးဟောင်း ပိတ်လှောင်ခြင်း အခင်းအကျင်း၏ စွမ်းအင်များက မီးတောင်ပေါက်ကွဲသည့်အလား တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာတော့သည်။
၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော ချီအရှိန်အဝါ တစ်ခုတည်းဖြင့်ပင် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့ကို အဝေးသို့ လွင့်စင်သွားစေ၏။
ကံကောင်းထောက်မစွာဖြင့် ၎င်းမှာ စွမ်းအင်၏ အရှိန်အဝါမျှသာ ဖြစ်သည်။ အကယ်၍ စွမ်းအင်များသာ အမှန်တကယ် ပေါက်ကွဲထွက်လာပါက ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ သေချာပေါက် ပြာအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်ပါ၏။
မျက်စိကျိန်းမတတ် တောက်ပနေသော ရွှေရောင် အလင်းတန်းများ တဖြည်းဖြည်း မှေးမှိန်သွားသည့်အခါ ရှေးဟောင်း စာလိပ်တစ်ခုက လေထဲတွင် မျောလွင့်နေပြီး စာလိပ်ပေါ်ရှိ ပိတ်လှောင်ခြင်း အင်းကွက်များက ဟင်းလင်းပြင်ထဲသို့ ထင်ဟပ်သွားကာ ဧရာမ ရွှေရောင် အခင်းအကျင်းကြီး တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
အလွန်တရာ ခမ်းနားပြီး ကြီးကျယ်လှပေ၏။
ဖုန်းဝူချန်နှင့် သူ၏ အပေါင်းအပါများမှာ ထိုရှေးဟောင်း ရွှေရောင် အခင်းအကျင်းကြီးကို အံ့အားသင့် ထိတ်လန့်နေသော အကြည့်များဖြင့် မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြသည်။
ကျယ်ပြောလှသော ရှေးဟောင်း ရွှေရောင် အခင်းအကျင်းကြီး အတွင်း၌ ထူးခြားသော အင်းကွက်များနှင့် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများက အသက်ဝင် လှုပ်ရှားနေကြချေ၏။
"ဒီပိတ်လှောင်ခြင်း စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ... အရင်တုန်းက ပိုင်နက်ထဲမှာ ငါတို့ ကြုံခဲ့ရတာထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းသေးတယ်"
ယဲ့ထျန်းဝေက ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် တုန်ရီနေတော့သည်။
"တကယ်ပဲ ကြောက်စရာကောင်းလွန်းတယ်... ဒါက ငါတစ်သက်နဲ့တစ်ကိုယ် မြင်ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး ပိတ်လှောင်ခြင်း အခင်းအကျင်းပဲ"
ကျန်းကျွင့်လန်က အနည်းငယ် ဖြူရော်နေသော မျက်နှာထားဖြင့် မှင်သက်စွာ ပြောလိုက်၏။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့က ဖြည်းညင်းစွာ ချဉ်းကပ်သွားကြလေရာ ပိတ်လှောင်ခြင်း အခင်းအကျင်းနှင့် နီးကပ်သွားလေလေ ထွက်ပေါ်လာသော စွမ်းအင်များက ပို၍ ကြောက်စရာကောင်းလာလေလေ ဖြစ်ကြောင်း ခံစားလိုက်ရသည်။
"အရမ်း အနားမကပ်ကြနဲ့"
ဖုန်းဝူချန်က သတိပေးလိုက်၏။ သူကိုယ်တိုင်ပင် အနည်းငယ် စိုးရိမ်ထိတ်လန့်နေမိတော့သည်။
"အစ်ကိုဖုန်း... ခင်ဗျား ဒီအခင်းအကျင်းကို ချိုးဖြတ်နိုင်မလား"
လျိုချင်းယန်က မေးလိုက်သည်။
"ငါ မချိုးဖြတ်နိုင်ဘူး... ဒီလို ပိတ်လှောင်ခြင်း အခင်းအကျင်းမျိုးကို အရင်က တစ်ခါမှ မမြင်ဖူးဘူး၊ အရာအားလုံးကို လွှမ်းခြုံထားပြီးတော့ ပိုင်နက်ထဲက အခင်းအကျင်းထက် အဆတစ်ရာလောက် ပိုပြီး အစွမ်းထက်တယ်ကွ"
ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း ချက်ချင်း ပြန်ဖြေလိုက်၏။ အခင်းအကျင်းပေါ်တွင် မချိုးဖြတ်နိုင် ဟူသော စကားလုံးများ ရေးထိုးထားသည့်အလားပင် ဖြစ်ပါတော့သည်။
"ဒီပိတ်လှောင်ခြင်း အခင်းအကျင်းက အဲဒီလောက်တောင် ကြောက်စရာ ကောင်းနေတာလား"
ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းကျွင့်လန်နှင့် အခြားသူများ၏ မျက်နှာများမှာ ပို၍ပင် ထိတ်လန့်သွားကြသည်။
"ဒီစာလိပ်ထဲက အခင်းအကျင်းက တကယ်တော့ ဘာကြီးလဲ... ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ အခင်းအကျင်းနဲ့ ပိတ်လှောင်ထားတယ် ဆိုတော့၊ ဒီအထဲမှာ ကမ္ဘာဦး စွမ်းအားကိုများ ပိတ်လှောင်ထားတာ ဖြစ်နိုင်မလား... မဟုတ်ရင် ငါတို့ ဘာလို့ အခုထိ အာရုံခံလို့ မရတာလဲ"
လျိုချင်းယန်က ခန့်မှန်းလိုက်၏။
"နန်းတော်သခင်... ဒီအထဲမှာ ကမ္ဘာဦး စွမ်းအားကို တကယ် ပိတ်လှောင်ထားတာ ဖြစ်နိုင်တယ်နော်"
ပိုင်မဲက သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"ဒီလောက် ကြောက်စရာကောင်းတဲ့ ပိတ်လှောင်ခြင်း အခင်းအကျင်းကြီး ဆိုတော့၊ တကယ်လို့ အထဲမှာ ပိတ်လှောင်ထားတယ် ဆိုရင်တောင် ငါတို့ ယူနိုင်မှာ မဟုတ်ဘူး"
မြောင်ချင်းချင်းက မချိပြုံးလေး ပြုံးရင်း ဆိုလိုက်၏။ ဤအခင်းအကျင်းကို ချိုးဖြတ်ရန် ဖုန်းဝူချန်ကိုယ်တိုင်ပင် စွမ်းဆောင်နိုင်ခြင်း မရှိမှတော့ သူတို့ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပါချေ။
ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့မှာ အံ့အားသင့်ကာ ခန့်မှန်း ပြောဆိုနေကြဆဲ အချိန်မှာပင် ပြင်းထန်စွာ ဒဏ်ရာရထားသော ယင်ယန်ရှီဖုန်းက အဆောင်လက်ဖွဲ့ တစ်ခုကို သတိကြီးစွာဖြင့် ထုတ်ယူ၍ ဖျက်ဆီးပစ်လိုက်သည်။
ထိုအဆောင်လက်ဖွဲ့မှာ ချက်ချင်းပင် အလင်းစက်လေးများ အဖြစ် ပြောင်းလဲသွားပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားတော့၏။
ထိုအခိုက်အတန့်၌ ဖုန်းဝူချန်က ယင်ယန်ရှီဖုန်းထံသို့ လှည့်ကာ..မေးလိုက်သည်။
"မင်းတို့ရဲ့ ဘိုးဘေးတွေက ဒီပိတ်လှောင်ခြင်း အခင်းအကျင်းကို ဘယ်လို ချိုးဖြတ်ရမလဲ ဆိုတာ သိခဲ့လား"
"ဟင့်အင်း... ငါ မသိဘူး၊ ငါတို့ ဘိုးဘေးတွေက အခင်းအကျင်းကို ဖွင့်ဖို့ နည်းလမ်း ချန်ထားခဲ့တာ မရှိဘူး"
ယင်ယန်ရှီဖုန်းမှာ လန့်ဖျတ်သွားပြီး အလျင်အမြန် ခေါင်းခါယမ်းလိုက်၏။ ဖုန်းဝူချန် တစ်ခုခု ရိပ်မိသွားခြင်း မရှိ၍ သူ တော်တော်လေး စိတ်သက်သာရာ ရသွားတော့သည်။
ယင်ယန်ရှီဖုန်းက သတင်းစကားကို ဘေးကင်းလုံခြုံစွာ ပြန်လည် ပေးပို့လိုက်နိုင်ပြီ ဖြစ်ရာ တိတ်တဆိတ် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။
ဖုန်းဝူချန်မှာ တိတ်တဆိတ် စိတ်ပျက်သွားမိပြီး ကြောက်မက်ဖွယ်ကောင်းသော ပိတ်လှောင်ခြင်း အခင်းအကျင်းကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်၏။ သို့သော် နတ်ဆိုးနဂါး၏ အခင်းအကျင်း ကျွမ်းကျင်မှုဖြင့်ပင် ၎င်းကို မည်သို့ ချိုးဖြတ်ရမည်နည်း ဆိုသည်ကို မခန့်မှန်းနိုင်ခဲ့ပါချေ။
"မင်းတို့ အကုန်လုံး နောက်ဆုတ်နေကြ"
ဖုန်းဝူချန်က လေးနက်တည်ကြည်စွာ ပြောလိုက်ပြီး သူ၏ လက်ဖဝါးကို သတိကြီးစွာဖြင့် ဆန့်ထုတ်လိုက်သည်။
"အစ်ကိုဖုန်း... သတိထားပါနော်"
မြောင်ချင်းချင်းက စိုးရိမ်တကြီး တိုက်တွန်းလိုက်ပြီး လူတိုင်းက အလျင်အမြန် နောက်သို့ ဆုတ်သွားကြ၏။
"ဝီ... ဝီ..."
ဖုန်းဝူချန်၏ လက်ဖဝါးက ပိတ်လှောင်ခြင်း အခင်းအကျင်း၏ မျက်နှာပြင်ပေါ်သို့ ဖွဖွလေး ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ထိုအခင်းအကျင်းမှာ လန့်ဖြတ်သွားသည့်အလား အစွမ်းထက်သော စွမ်းအားတစ်ခုကို ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာစေတော့သည်။
ဖုန်းဝူချန်၏ မျက်နှာထားမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွား၏။ သူသည် အနည်းငယ်မျှ ပေါ့ဆရဲခြင်း မရှိဘဲ ဤကြောက်မက်ဖွယ် စွမ်းအားကို ခုခံရန် ဝိညာဉ် ရုပ်သေးရုပ်များကို အလျင်အမြန် ထိန်းချုပ်လိုက်သည်။
တစ်ခုတည်းနှင့် မလုံလောက်သဖြင့် နှစ်ခု၊ နှစ်ခုနှင့် မလုံလောက်သဖြင့် သုံးခု... ထိုစွမ်းအားကို အပြည့်အဝ ခုခံနိုင်သည့် အချိန်အထိ ဆက်တိုက် ထုတ်လွှတ်နေရတော့၏။
ဤကြောက်မက်ဖွယ်ကောင်းသော ပိတ်လှောင်ခြင်း စွမ်းအားကို အပြည့်အဝ ခုခံနိုင်ရန် ဖုန်းဝူချန်သည် နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့်ရှိ ဝိညာဉ် ရုပ်သေးရုပ် (၁၈) ခုအထိ အသက်သွင်းလိုက်ရသည်။
နတ်ဘုရားအသွင်ပြောင်းဘုံ ဝိညာဉ် ရုပ်သေးရုပ် (၁၈) ခု တိတိကို အသုံးပြုရသည် ဆိုကတည်းက ဤပိတ်လှောင်ခြင်း အခင်းအကျင်း၏ စွမ်းအားမှာ မည်မျှ ကြောက်စရာကောင်းမည်ကို ခန့်မှန်းကြည့်ရုံဖြင့် သိနိုင်သည်။
"(၁၈) ခု... နတ်ဘုရားအသွင်ပြောင်းဘုံ အဆင့် (၁၈) ခုတဲ့လား... ဒီကောင်လေးဆီမှာ နတ်ဘုရားအသွင်ပြောင်းဘုံ ဝိညာဉ်ခန္ဓာတွေ ဒီလောက် အများကြီး ရှိနေတာပါလား"
အဝေးမှနေ၍ ဝိညာဉ် ရုပ်သေးရုပ် (၁၈) ခုကို မြင်လိုက်ရသည့်အခါ ယင်ယန်ရှီဖုန်းမှာ လုံးဝ ဆွံ့အသွားပြီး သူ၏ မျက်လုံးများမှာ အလွန်အမင်း ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားရ၏။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်လဲ..."
ကျန်းကျွင့်လန်နှင့် အခြားသူများမှာ ကြောက်လန့်တကြား တံတွေးမြိုချလိုက်မိကြသည်။
"အစ်ကိုဖုန်း... သတိထားနော်"
လျိုချင်းယန်က ပြာယာခတ်စွာ လှမ်းသတိပေးလိုက်၏။ လူတိုင်းက ဖုန်းဝူချန်ကို အလွန်အမင်း စိုးရိမ်ပူပန်မှုများဖြင့် စူးစိုက်ကြည့်နေကြတော့သည်။
ဖုန်းဝူချန်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ သူသည် အခင်းအကျင်း၏ အဓိက ထိန်းချုပ်ရာ နေရာကို ရှာဖွေရန် ကြိုးစားနေခြင်း ဖြစ်သည်။ ၎င်းမှာ အခင်းအကျင်းကို ချိုးဖြတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်ပါ၏။
ရှေးဟောင်း ပိတ်လှောင်ခြင်း အခင်းအကျင်းမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ သူတို့၏ စွမ်းအားများဖြင့် ဤအခင်းအကျင်းကို အတင်းအဓမ္မ ချိုးဖြတ်ရန်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စရပ်ပင် ဖြစ်၏။
တစ်ခုတည်းသော နည်းလမ်းမှာ အခင်းအကျင်းကို ချိုးဖြတ်နိုင်မည့် သော့ချက်ကို ရှာဖွေရန်သာ ဖြစ်တော့သည်။
သူ၏ အသိစိတ်က ပိတ်လှောင်ခြင်း အခင်းအကျင်း အတွင်းသို့ ဝင်ရောက်သွားသည့်အခါ ဖုန်းဝူချန်သည် ဟင်းလင်းပြင် တစ်ခုကဲ့သို့သော နေရာတစ်ခုတွင် ရောက်ရှိနေပြီး အထဲ၌ မည်သည့်အရာမျှ လုံးဝ ရှိမနေကြောင်း တွေ့လိုက်ရ၏။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဖုန်းဝူချန်မှာ အလွန်အမင်း အံ့အားသင့်သွားရသည်။ ပိတ်လှောင်ခြင်း အခင်းအကျင်း အတွင်း၌ သူ ဘာကိုမှ လုံးဝ မမြင်တွေ့ခဲ့ရပါချေ။
အရာအားလုံးကို လွှမ်းခြုံထားပြီး ကြောက်မက်ဖွယ် အခင်းအကျင်းများစွာ ပါဝင်နေရမည့် အစွမ်းထက် ပိတ်လှောင်ခြင်း အခင်းအကျင်းကြီးက ယခုအခါ မည်သည့် အခင်းအကျင်း ဖွဲ့စည်းပုံကိုမျှ မပြသထားပေ။
ဤကဲ့သို့ ထူးဆန်းပြီး အစွမ်းထက်သော ပိတ်လှောင်ခြင်း အခင်းအကျင်းမျိုးကို ဖုန်းဝူချန် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင် ဖြစ်ပါ၏။
'ဒါက ဘယ်လို ပိတ်လှောင်ခြင်း အခင်းအကျင်းမျိုးလဲ... တစ်ခါမှကို မကြားဖူးဘူး၊ နတ်ဆိုးနဂါး နတ်ဘုရားရဲ့ မှတ်ဉာဏ်တွေထဲမှာတောင် ဒီလို အခင်းအကျင်းမျိုးနဲ့ ပတ်သက်တဲ့ အချက်အလက် ဘာမှ မပါဘူး'
ဖုန်းဝူချန်မှာ အတိုင်းအဆမသိ ထိတ်လန့်သွားတော့သည်။ ဘာမှ မရှိဘူး ဆိုမှတော့ ဒီအခင်းအကျင်းကို သူ ဘယ်လိုလုပ် ချိုးဖြတ်ရမည်နည်း။
ခဏတာမျှ ပတ်ဝန်းကျင် တစ်ခုလုံး အလွန်တရာ တိတ်ဆိတ်ငြိမ်သက်သွားပြီး ကျန်းကျွင့်လန်နှင့် အခြားသူများမှာ အသက်ပင် ပြင်းပြင်း မရှူဝံ့ကြပါချေ။
အလွတ်ဟာပြင် ဖြစ်နေသော ပိတ်လှောင်ခြင်း အခင်းအကျင်း အတွင်း၌ ဖုန်းဝူချန် အံ့အားသင့်နေဆဲ အချိန်မှာပင် ရုတ်တရက် စွမ်းအင်လှိုင်း တစ်ခု လှုပ်ခတ်လာပြီး အလင်းပေါက်နေသော စွမ်းအင် အချို့ကို ရေရာမသေချာစွာ မြင်တွေ့လိုက်ရ၏။
'ဒါက ဘာကြီးလဲ...'
ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလိုက်သည့်အခါ ဖုန်းဝူချန်၏ မျက်နှာထားမှာ နောက်တစ်ဖန် သိသိသာသာ ပြောင်းလဲသွားပြန်သည်။
"ဝုန်း"
"ဖူး"
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်က ရိုက်ခတ်လာပြီး ရုတ်တရက် ဖုန်းဝူချန်မှာ သွေးများ အန်ကျသွားကာ သူ၏ ခန္ဓာကိုယ်မှာ အနောက်သို့ လွင့်စင်သွားတော့၏။
"အစ်ကိုဖုန်း"
"နန်းတော်သခင်"
ဖုန်းဝူချန် ရုတ်တရက် သွေးများ အန်ကျပြီး လွင့်ထွက်သွားသည်ကို မြင်လိုက်ရသည့်အခါ လျိုချင်းယန်နှင့် ကျန်းကျွင့်လန် အပါအဝင် အခြားသူများမှာ အလွန်အမင်း ကြောက်လန့်သွားကြပြီး ပြာယာခတ်စွာ အော်ဟစ်လိုက်ကြ၏။ လျိုချင်းယန်က သူ၏ အနီးသို့ လျှပ်တစ်ပြက် ပြေးဝင်သွားသည်။
'ဟွန့်... မှတ်ပလား'
ယင်ယန်ရှီဖုန်းက စိတ်ထဲမှနေ၍ လှောင်ပြောင်လိုက်သည်။
"ဝှစ် ဝှစ် ဝှစ်"
ဒဏ်ရာရသွားသော ဖုန်းဝူချန်က ဝိညာဉ် ရုပ်သေးရုပ်များကို သူ့အနီးသို့ လာရောက်ကာ အကာအကွယ် ပေးရန် အလျင်အမြန် ထိန်းချုပ်လိုက်၏။
"အစ်ကိုဖုန်း... အဆင်ပြေရဲ့လား"
လျိုချင်းယန်က ပြေးဝင်လာရင်း စိုးရိမ်တကြီး မေးလိုက်သည်။
ဖုန်းဝူချန်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး သူ၏ မျက်နှာမှာ ဖြူရော်နေ၏။ တစ်ကြိမ်တည်းသော ထိတွေ့မှု အတွင်းမှာပင် သူသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်ပါ၏။
အကယ်၍ ဖုန်းဝူချန်၏ ကြံ့ခိုင်သော ခန္ဓာကိုယ်ကြီးသာ မရှိခဲ့ပါက ထိုအခိုက်အတန့်မှာပင် သူသည် အမှုန့်ကြိတ်ခံလိုက်ရမည်မှာ သေချာလှသည်။
"အရိပ်မဲ့ နက်နဲခြင်း အလင်း အခင်းအကျင်း"
ဖုန်းဝူချန်က ပိတ်လှောင်ခြင်း အခင်းအကျင်းထံသို့ အံ့အားသင့်စွာ လှမ်းကြည့်ရင်း...
အော်ဟစ်လိုက်၏။
"အထဲမှာ ရှိနေတာက ဒဏ္ဍာရီလာ အရိပ်မဲ့ နက်နဲခြင်း အလင်း အခင်းအကျင်း တကယ် ဖြစ်နေတာပဲ"
"အရိပ်မဲ့ နက်နဲခြင်း အလင်း အခင်းအကျင်း ဟုတ်လား"
လျိုချင်းယန်နှင့် အခြားသူများမှာ ဇဝေဇဝါ ဖြစ်သွားကြသည်။ ထိုအရာက မည်သို့သော အခင်းအကျင်းမျိုးလဲ ဆိုတာ သူတို့ လုံးဝ မသိကြပါချေ။
"ကမ္ဘာဦး ခေတ်ကတည်းက အကြောက်စရာအကောင်းဆုံး ပိတ်လှောင်ခြင်း အခင်းအကျင်းပဲ... ဒဏ္ဍာရီလာ အခင်းအကျင်း တစ်ခုပေါ့ကွာ"
ဖုန်းဝူချန်က သူ၏ ရင်တွင်းမှ ကြောက်ရွံ့မှုနှင့် အံ့အားသင့်မှုများ ရောယှက်နေလျက် ရှင်းပြလိုက်၏။
ဒဏ္ဍာရီလာ ပိတ်လှောင်ခြင်း အခင်းအကျင်း တစ်ခုက ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေမလဲ။
အရိပ်မဲ့ နက်နဲခြင်း အလင်း အခင်းအကျင်းသည် လွှမ်းခြုံထားသော အခင်းအကျင်း၏ ဖွဲ့စည်းပုံကို လုံးဝ ဖုံးကွယ်ထားနိုင်ပြီး အခင်းအကျင်း သခင်များပင်လျှင် မြင်တွေ့နိုင်စွမ်း မရှိသလို အခင်းအကျင်း၏ စွမ်းအားကိုလည်း အာရုံခံ၍ မရနိုင်လောက်အောင် အစွမ်းထက်လှပေတော့သည်။
--