အခန်း ၈၁၄
Vol. 55 Ch. 814
အခန်း (၈၁၄) - တပ်မှူးလေး၏ တိုက်ခိုက်မှု
"ဒဏ္ဍာရီလာ ရှေးဦး ကမ္ဘာဦး ပိတ်လှောင်ခြင်း အခင်းအကျင်းကြီးလား"
ဖုန်းဝူချန်၏ အလွန်အမင်း အံ့အားသင့်နေသော စကားသံကို ကြားလိုက်ရသည့်အခါ လျိုချင်းယန်နှင့် အခြားသူများ၏ မျက်နှာများမှာ ကြောက်လန့်တကြား ဖြူရော်သွားကြသည်။
ထိုမျှ ကြောက်မက်ဖွယ် ကောင်းလှသော အခင်းအကျင်းကြီးဖြစ်ရာ ဖုန်းဝူချန်ပင်လျှင် ခုခံနိုင်စွမ်း လုံးဝမရှိဘဲ မျက်တောင်တစ်ခတ်အတွင်း ပြင်းထန်လှသော ဒဏ်ရာများကို ရရှိသွားခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။
"ဒီပိတ်လှောင်ခြင်း အခင်းအကျင်းက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ.. ဘယ်လိုလုပ် ချိုးဖျက်နိုင်မှာလဲ.. ဒီလောကကြီးထဲမှာ ဒါကို ချိုးဖျက်နိုင်မယ့်သူရော ရှိပါဦးမလား"
ကျန်းကျွင့်လန်က အံ့အားသင့်လွန်းသဖြင့် မှင်သက်နေသော မျက်နှာဖြင့် ရေရွတ်လိုက်၏။
"တကယ်လို့ ရှေးဦး ကမ္ဘာဦး စွမ်းအားကိုသာ ဒီအထဲမှာ ပိတ်လှောင်ထားတာဆိုရင်.. ဒါဆိုရင် အဲဒီအဓိပ္ပာယ်က..."
ပေတိုယန်မှာ အသက်ရှူမှားလုမတတ် ဖြစ်သွားပြီး ရှေ့ဆက်၍ပင် မတွေးရဲတော့ချေ။
ရှေးဟောင်း ပိတ်လှောင်ခြင်း အခင်းအကျင်းကြီးက အလွန်တရာ အစွမ်းထက်လွန်းလှပေရာ ထိုအခင်းအကျင်းအတွင်း၌ ပိတ်လှောင်ထားသည့် အရာမှာ အချိန်စွမ်းအားပင် ဖြစ်လိမ့်မည်ဟု သူတို့အားလုံး တွေးထင်နေမိကြသည်မှာ ရှောင်လွှဲ၍ မရနိုင်သော ကိစ္စပင် ဖြစ်သည်။
ဖုန်းဝူချန် ကိုယ်တိုင်လည်း ထိုသို့ပင် တွေးထင်ထားခဲ့သောကြောင့် ဤအခင်းအကျင်းအား ချိုးဖျက်ရန် အလွန်အမင်း စိတ်လောနေခဲ့ခြင်း ဖြစ်သည်။
"ဒီပိတ်လှောင်ခြင်း အခင်းအကျင်းရဲ့ စွမ်းအားက အရမ်းကို ကြောက်စရာ ကောင်းလွန်းတယ်.. အရိပ်မဲ့ ဆန်းကြယ် အလင်းတန်း အခင်းအကျင်းက ပိုပြီးတော့တောင် အစွမ်းထက်သေးတယ်.. ဒီပိတ်လှောင်ခြင်း အခင်းအကျင်းကို ချိုးဖျက်ဖို့ မဖြစ်နိုင်ဘူး"
ဖုန်းဝူချန်က ခေါင်းခါယမ်းရင်း ခက်ခဲပင်ပန်းစွာ ပြောလိုက်သည်။ အနာကျက်ဆေးလုံး အမြောက်အမြားကို ဝါးမြိုထားခဲ့သော်ငြား သူ၏ ဒဏ်ရာများမှာ ဤမျှ လျင်မြန်စွာ ပြန်လည် မသက်သာလာနိုင်သေးပေ။
သူက စကားပြောနေစဉ်မှာပင် ကမ္ဘာပျက် စွမ်းအားများကို ပြန်လည် ရုပ်သိမ်းလိုက်ရာ ရှေးဦး ကမ္ဘာဦး စွမ်းအား၏ ပံ့ပိုးမှု မရှိတော့သော ရှေးဟောင်း စာလိပ်ကြီးထံမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ် အခင်းအကျင်းကြီးမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့၏။
အခင်းအကျင်းကြီး လုံးဝ ပျောက်ကွယ်သွားသည့် အခါမှသာ ကျန်းကျွင့်လန်နှင့် အခြားသူများလည်း သက်ပြင်းရှည်ကြီးတစ်ခုကို ချနိုင်ကြတော့သည်။ ပိတ်လှောင်ခြင်း အခင်းအကျင်း၏ စွမ်းအားက တကယ်ကို ကြောက်ခမန်းလိလိ ဖြစ်လွန်းလှသည်။
ရှေးဟောင်း စာလိပ်ကြီးမှ ရွှေရောင် အလင်းတန်းများ လူစုကွဲသွားကာ အောက်ဘက်သို့ ဖြည်းညင်းစွာ လွင့်မျောကျလာသည်။
ထိုအခါမှသာ စုစည်း ဆက်စပ်ထားခဲ့သော ထိုစာလိပ်ပိုင်းလေးများမှာ လုံးဝ တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီး မည်သည့် အက်ကွဲကြောင်းမျှ မမြင်ရတော့ဘဲ ပြည့်စုံသော စာလိပ်တစ်ခုလုံး အဖြစ်သို့ ရောက်ရှိသွားကြောင်းကို သူတို့ သတိပြုမိလိုက်ကြတော့၏။
ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး စာလိပ်ကြီးကို သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ ထို့နောက် ထိုနေရာ၌ပင် ဝင်ထိုင်ကာ ဒဏ်ရာများကို စတင် ကုသတော့၏။
"အစ်ကိုဖုန်း.. ဒဏ်ရာတွေ ဘယ်လိုနေသေးလဲ"
မြောင်ချင်းချင်းက ဖုန်းဝူချန်၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ အလွန်တရာ စိုးရိမ်ပူပန်စွာဖြင့် မေးလိုက်သည်။
ဖုန်းဝူချန်က အားနည်းစွာ ပြုံးပြလိုက်ပြီး "ကိစ္စမရှိပါဘူး.. နှစ်ရက် သုံးရက်လောက်ဆိုရင် အပြည့်အဝ ပြန်ကောင်းသွားမှာပါ"
ခဏမျှ ရပ်တန့်သွားပြီးနောက် ဖုန်းဝူချန်က ဆက်ပြောလိုက်၏။
"ထျန်းဝေ.. သူ့ကို သေချာ စောင့်ကြည့်ထား.. ပေးမထွက်ပြေးစေနဲ့.. ချင်းယန်နဲ့ ရှောင်ကျန်းတို့က ဆက်ပြီး ရှာဖွေကြ.. သတိထားကြဦးနော်"
"ဟုတ်ကဲ့ပါ"
ယဲ့ထျန်းဝေနှင့် အခြားသူများက ရိုသေစွာဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
"အရှင်သခင်.. ကျွန်မ ကုသပေးပါ့မယ်"
လန်ယွဲ့က နတ်သူငယ် မျိုးနွယ်စု၏ စွမ်းအားများကို အလျင်အမြန် အသက်သွင်းကာ ဖုန်းဝူချန်အား ကုသပေးလိုက်သည်။
ဖုန်းဝူချန်သည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အင်အားများကို စုစည်းကာ ဒဏ်ရာများကို ကုသရန် စတင်လိုက်တော့၏။
ယင်ယန်ရှီဖုန်းက ဖုန်းဝူချန်အား အကဲခတ် ကြည့်ရှုလိုက်ပြီး သူ၏ စိတ်ထဲ၌ တွေးတောနေမိသည်။
'ဒီကောင်လေးက အရမ်းကို သတိကြီးတာပဲ.. စာလိပ်ကို လုယူဖို့က လွယ်မှာ မဟုတ်ဘူး.. ပြီးတော့ ရှေးဦး ကမ္ဘာဦး စွမ်းအား မရှိဘဲ စာလိပ်ကို လုယူလည်း အချည်းနှီးပဲ.. သူက ပိတ်လှောင်ခြင်း အခင်းအကျင်းကို ထပ်ဖွင့်ရင်တောင်မှ ချိုးဖျက်ဖို့ အင်အားမှ မရှိတာ.. ထားလိုက်ပါတော့.. ငါက ရှေးဦး ကမ္ဘာဦး စွမ်းအားကို အရင်ဆုံး ပြန်ရအောင် ယူရမယ်.. မိသားစု ခေါင်းဆောင်မှာ နည်းလမ်း ရှိကောင်း ရှိနိုင်တယ်'
"မင်း အဆင်ပြေရဲ့လား"
ထိုအခိုက်အတန့်မှာပင် ယင်ယန်ရှီဖုန်း၏ စိတ်အာရုံထဲသို့ အသံတစ်သံ ဝင်ရောက်လာခဲ့သည်။
"တပ်မှူးလေး"
ယင်ယန်ရှီဖုန်း၏ မျက်နှာမှာ ချက်ချင်းပင် လင်းလက်သွားပြီး အလျင်အမြန် ပြန်လည် အသံပို့လိုက်၏။
"တပ်မှူးလေး.. ခင်ဗျား နောက်ဆုံးတော့ ရောက်လာပြီပဲ.. ဖုန်းဝူချန်နဲ့ သူ့လူတွေလည်း ပိတ်လှောင်ခြင်း အခင်းအကျင်းကို မချိုးဖျက်နိုင်ကြဘူး.. ရှေးဦး ကမ္ဘာဦး စွမ်းအားက..."
ယင်ယန်ရှီဖုန်း စကားမဆုံးမီမှာပင် တပ်မှူးလေးက ဖြတ်ပြောလိုက်သည်။
"ငါ အကုန်လုံး မြင်ပြီးပြီ.. ဒီလို ရှေးဦး ကမ္ဘာဦး ပိတ်လှောင်ခြင်း အခင်းအကျင်းမျိုးက တကယ်ကို ကြောက်စရာ ကောင်းလှတယ်"
"တပ်မှူးလေး အကုန်မြင်ပြီးပြီဆိုရင် ဖုန်းဝူချန်ဆီမှာ နတ်ဘုရားအသွင်ပြောင်းဘုံ ဝိညာဉ်ခန္ဓာ ဒါဇင်လောက် ရှိနေတာကိုလည်း သိမှာပေါ့.. အဲဒီကောင်တွေ အကုန်လုံးက အရမ်း အစွမ်းထက်တယ်.. တပ်မှူးလေး သတိထားမှ ရမယ်နော်"
ယင်ယန်ရှီဖုန်းက သတိပေးလိုက်၏။
တပ်မှူးလေးက ပြန်လည် ဖြေကြားခြင်း မပြုတော့ချေ။ တစ္ဆေတစ်ကောင်ပမာ သူ၏ ပုံရိပ်က ဖုန်းဝူချန်နှင့် အခြားသူများ၏ အနောက်ဘက်တွင် တိတ်ဆိတ်စွာ ထွက်ပေါ်လာခဲ့သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ပြီးခဲ့သည့် အကြိမ်ကထက် အတော်လေး တိုးတက်လာခဲ့ပုံ ရသည်။
"တပ်မှူးလေး.. မတွေ့ရတာ ကြာပြီနော်"
သို့သော် ထိုအခိုက်အတန့်၌ တပ်မှူးလေး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်က ရုတ်တရက် လှမ်းနှုတ်ဆက်လိုက်သည်။
ဒဏ်ရာများကို ကုသနေဆဲ ဖြစ်သော ဖုန်းဝူချန်သည် တပ်မှူးလေး ရောက်ရှိလာခြင်းကို အမှန်တကယ်ပင် အာရုံခံမိနေခဲ့ခြင်း ဖြစ်၏။
"ဟင်.. တပ်မှူးလေး ဟုတ်လား"
ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသည့်အခါ ယဲ့ထျန်းဝေနှင့် အခြားသူများ၏ မျက်နှာများ ရုတ်ချည်း ပြောင်းလဲသွားကြပြီး အလျင်အမြန် လှည့်ကြည့်လိုက်ကြတော့သည်။
ထိုသို့ လှည့်ကြည့်လိုက်ရာ တပ်မှူးလေး ကိုယ်တိုင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် ယဲ့ထျန်းဝေနှင့် အခြားသူများ၏ မျက်နှာထက်တွင် ထိတ်လန့်ကြောက်ရွံ့မှုများက ချက်ချင်းပင် ဖုံးလွှမ်းသွားတော့၏။
တပ်မှူးလေး၏ ကြောက်မက်ဖွယ် ကောင်းလှသော အစွမ်းသတ္တိများက ယဲ့ထျန်းဝေနှင့် အခြားသူများ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီး ဖြစ်သည်။
"ကျစ်.. ဒီကောင်က သောက်ရမ်းကို ကြောက်စရာ ကောင်းတာ.. ဟိုခွေးကောင်က သူ့ကို ဘယ်အချိန်တည်းက ခေါ်လိုက်တာလဲ"
ပေတိုယန်မှာ တစ်ကိုယ်လုံး တုန်ယင်လာမှုကို ခံစားရင်း အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။
"နန်းတော်သခင်.. ကျွန်တော်တို့တော့ ပြဿနာ တက်ပြီထင်တယ်"
ယဲ့ထျန်းဝေက မျက်မှောင်ကြုတ်လိုက်၏။ တပ်မှူးလေးကို ရင်ဆိုင်ရချိန်တွင် သူ၏ ရင်တွင်းမှ ကြောက်ရွံ့မှုများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ချေ။
"ဘုန်း.. ဘုန်း.. ဘုန်း.."
“ဖူး.. "ဖူး.. ဖူး..”
နောက်တစ်စက္ကန့်တွင် အနက်ရောင် အရိပ်တစ်ခုက လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့သည်။ ယဲ့ထျန်းဝေနှင့် အခြားသူများမှာ သွေးများကို တဝေါဝေါ အန်ထုတ်လိုက်ကြရပြီး သူတို့၏ ခန္ဓာကိုယ်များမှာ နောက်ဘက်သို့ လွင့်စင်ထွက်သွားကာ ဧရာမ သစ်ပင်ကြီးများကို ကျိုးပဲ့ ပျက်စီးသွားစေရင်း ထိုနေရာ၌ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားကြတော့၏။
ယဲ့ထျန်းဝေနှင့် အခြားသူများမှာ တုံ့ပြန်ရန် အချိန် လုံးဝ မရလိုက်ပေ။ တပ်မှူးလေး မည်သို့ တိုက်ခိုက်သွားသည်ကိုပင် သူတို့ မမြင်လိုက်ရချေ။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ယဲ့ထျန်းဝေနှင့် သူ၏ အပေါင်းအပါ အားလုံးမှာ ပြင်းထန်ဆိုးရွားလှသော ဒဏ်ရာများကို ရရှိသွားခဲ့ကြသည်။
ဖုန်းဝူချန်က ကုသခြင်းကို ရပ်တန့်မသွားခဲ့သလို သူ၏ မျက်နှာထားမှာလည်း တစ်ချက်လေးမျှ ပြောင်းလဲမသွားခဲ့ပေ။ တပ်မှူးလေး ရောက်ရှိလာမှုက သူ့အား နည်းနည်းလေးမျှ အံ့အားသင့် ထိတ်လန့်သွားစေခြင်း မရှိသည့်အပြင် ယဲ့ထျန်းဝေနှင့် အခြားသူများအတွက်လည်း စိုးရိမ်ပူပန်နေပုံ မရချေ။
"တပ်မှူးလေး"
ယင်ယန်ရှီဖုန်းက အလျင်အမြန် ပြေးသွားခဲ့ရာ မည်သူကမျှ သူ့ကို မတားဆီးရဲကြပေ။
တပ်မှူးလေး၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မရှိပေ။ သူက ဖုန်းဝူချန်ရှိရာသို့ လက်ကို ဖြည်းညင်းစွာ မြှောက်တင်လိုက်ပြီး သူ၏ လက်ဝါးပြင်ပေါ်တွင် အစွမ်းထက်လှသော အင်အားများကို စုစည်းလိုက်၏။ သူ၏ ရှည်လျားသော ဆံပင်များက လေမတိုက်ဘဲ လွင့်ကဲနေပြီး အင်္ကျီလက်စများမှာလည်း တဖျပ်ဖျပ် လွင့်ခါနေကာ ဖိနှိပ် ချေမှုန်းနိုင်စွမ်းရှိသော အရှိန်အဝါကြီး တစ်ခုက တစ်ပါတည်း ဖြန့်ကျက် ထွက်ပေါ်လာတော့သည်။
ဝှစ်.. ဝှစ်.. ဝှစ်..
ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ် ကောင်းလှသော ချီအင်အားများကို အာရုံခံမိသွားသဖြင့် လျိုချင်းယန်နှင့် ကျန်းကျွင့်လန်တို့ အလျင်အမြန် ပြန်လည် ရောက်ရှိလာကြသည်။ တပ်မှူးလေးကို မြင်လိုက်ရသောအခါ သူတို့၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုများမှာ ထိတ်လန့်ကြောက်ရွံ့မှုများ အဖြစ်သို့ ချက်ချင်းပင် အစားထိုး ဝင်ရောက်သွားတော့၏။
"ယင်ယန်ရှီဖုန်းရဲ့ တပ်မှူးလေးပဲ"
ကျန်းကျွင့်လန်က အလွန်အမင်း ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာအမူအရာမှာလည်း ဆိုးရွားစွာ ပြောင်းလဲသွားသည်။
"သူပဲ.. သွားပြီ.. ချင်းချင်း"
လျိုချင်းယန်မှာ ကြောက်လန့်တကြားဖြင့် ဒဏ်ရာအပြင်းအထန် ရရှိနေသော မြောင်ချင်းချင်းထံသို့ အပြေးအလွှား သွားရောက်လိုက်၏။
တပ်မှူးလေး၏ စွမ်းအားက အလွန်တရာ ကြီးမားလွန်းလှသည်။
နှလုံးသားထဲအထိ ထိတ်လန့် ကြောက်ရွံ့သွားစေနိုင်သော ဖြစ်တည်မှု တစ်ခုပင် ဖြစ်ပါ၏။
“ဝှစ်.. ဝှစ်.. ဝှစ်..”
ဖုန်းဝူချန်၏ အတွေးတစ်ချက်နှင့်အတူ နတ်ဘုရားအသွင်ပြောင်းဘုံ ဝိညာဉ်ခန္ဓာ ဒါဇင်နှင့်ချီ၍ ထွက်ပေါ်လာကြပြီး ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ၏ ရှေ့တွင် နေရာယူကာ ကာကွယ်လိုက်ကြသည်။
"ဟင်း.. ဟင်း.. အခုတော့ ကြောက်သွားကြပြီ မဟုတ်လား.. ဒီနေ့ မင်းတို့ထဲက တစ်ယောက်မှ အရှင်လတ်လတ် ပြန်ထွက်သွားခွင့် မရစေရဘူး"
ယင်ယန်ရှီဖုန်းက အေးစက်စွာ သရော်လိုက်ပြီး သူ၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်စွာ တောက်ပနေတော့၏။
လျိုချင်းယန်နှင့် သူ၏ အဖွဲ့က သူ၏ သိုလှောင်လက်စွပ်အတွင်းရှိ ရတနာများကို အတင်းအဓမ္မ လုယူသွားခဲ့ပုံကို ပြန်လည် သတိရမိလိုက်တိုင်း ယင်ယန်ရှီဖုန်း၏ ဒေါသများမှာ ထိန်းချုပ်၍ မရနိုင်လောက်အောင် ပေါက်ကွဲ ထွက်လာရသည်။
"ဒီလို အသုံးမကျတဲ့ အကောင်တွေနဲ့များ"
တပ်မှူးလေးက အေးစက်စွာ ပြောလိုက်၏။ နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် တစ်ဆယ့်ရှစ်ယောက် ရှိနေလျှင်ပင် သူက နည်းနည်းလေးမျှ အလေးထားမည် မဟုတ်ပေ။
“ဘုန်း.. ဘုန်း.. ဘုန်း..”
သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော ချီအင်အား တစ်ခုက သူ၏ လက်ဝါးပြင်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ လွှမ်းမိုးဖိနှိပ်နိုင်သော ထိုချီအင်အားကြီးက နတ်ဘုရားအသွင်ပြောင်းဘုံ ပညာရှင် အများအပြားကို မျက်တောင်တစ်ခတ် အတွင်းမှာပင် လွင့်စင်ထွက်သွားစေတော့၏။
တပ်မှူးလေး၏ ရှေ့မှောက်တွင် ဤနတ်ဘုရားအသွင်ပြောင်းဘုံ ဝိညာဉ်ရုပ်သေးရုပ်များမှာ အမှိုက်သရိုက်မျှသာ ဖြစ်ပြီး လွယ်ကူစွာပင် ရိုက်ချခံလိုက်ရသည်။
ချီအင်အား သက်သက်ကပင် ဤမျှလောက် ကြောက်စရာ ကောင်းနေခဲ့ခြင်း ဖြစ်၏။
လျိုချင်းယန်နှင့် အခြားသူများမှာ ကျောက်ရုပ်ပမာ အေးခဲသွားကြပြီး သူတို့၏ ခန္ဓာကိုယ်များကိုပင် လှုပ်ရှားနိုင်စွမ်း မရှိကြတော့ချေ။
"ချင်းယန်.. ရှောင်ကျန်း.. ထျန်းဝေတို့ကို အနာကျက်ဆေးလုံးလေး တိုက်လိုက်ကြ"
ဖုန်းဝူချန်က မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး တပ်မှူးလေးထံသို့ လှည့်ကြည့်ကာ အေးအေးဆေးဆေးပင် ပြောလိုက်သည်။
"မင်း ရောက်လာတဲ့ အခိုက်အတန့်ကတည်းက မင်း ရောက်နေမှန်း ငါ အာရုံခံမိပြီးသားပါ"
"အိုး.. ငါ လာနေမှန်း သိသိရက်နဲ့ ငါ့ကို မကြောက်ဘူးပေါ့လေ"
တပ်မှူးလေးက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"ငါ့ဆီမှာ မင်းလိုချင်နေတဲ့ အရာ တစ်ခု ရှိနေတာပဲ.. ငါက မင်းကို ဘာကိစ္စ ကြောက်ရမှာလဲ.. မင်းရဲ့ စွမ်းအားက အစွမ်းထက်တယ် ဆိုပေမယ့် ငါတို့က မင်း ထင်သလောက် လွယ်လွယ်ကူကူ အသတ်ခံမယ့်သူတွေတော့ မဟုတ်ဘူး ထင်တယ်နော်"
ဖုန်းဝူချန်က ယုံကြည်မှု အပြည့်ဖြင့် တုံ့ပြန်လိုက်သည်။
"မင်းကို သတ်လိုက်ရင်လည်း ရှေးဦး ကမ္ဘာဦး စွမ်းအားကို ငါ ရနိုင်သေးတာပဲ"
တပ်မှူးလေးက အေးစက်စွာ ပြောလိုက်ပြီးနောက် သူ၏ လက်ဝါးကို ဖုန်းဝူချန်ရှိရာသို့ တုံ့ဆိုင်းနေခြင်း မရှိဘဲ ချိန်ရွယ်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားများက နောက်တစ်ကြိမ် ထပ်မံ စုစည်းလာတော့၏။
"အဲဒါကတော့ စောင့်ကြည့်ရဦးမှာပေါ့"
ဖုန်းဝူချန်၏ မျက်နှာပေါ်တွင် မည်သည့် ကြောက်ရွံ့မှုမျှ မရှိသေးဘဲ လုံးဝ တုန်လှုပ်ခြင်း မရှိသည့်ဟန်သာ ပေါ်လွင်နေလေတော့သည်။
--