အခန်း ၈၁၈
Vol. 55 Ch. 818
အခန်း (၈၁၈) - အမှောင် မှော်/မိစ္ဆာ ကျားသစ်နှင့် တပ်မှူးလေး၏ တိုက်ပွဲ (၃)
တပ်မှူးလေးမှာ ဒေါသအထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။
တပ်မှူးလေး၏ ရှေ့မှောက်တွင် ငွေရောင် အလင်းတန်းများ မှိန်ဖျော့ဖျော့ ထွက်ပေါ်နေသော သေသပ်လှပသည့် ဓားရှည်တစ်လက်က လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာခဲ့၏။ ထိုဓားရှည်ထံမှ ပြိုင်ဘက်ကင်းသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါများက လွှမ်းမိုးဖိနှိပ်စွာ ထွက်ပေါ်နေသည်။
"နတ်ဘုရား လက်နက်ပဲ"
ဖုန်းဝူချန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ထိုသေသပ်လှပသော ဓားရှည်မှာ နတ်ဘုရား လက်နက် တစ်ပါးဖြစ်ကြောင်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် မှတ်မိသွားခဲ့သည်။
"နတ်ဘုရား လက်နက်... တကယ့် နတ်ဘုရား လက်နက်ကြီးပဲ"
ကျန်းကျွင့်လန်နှင့် အခြားသူများမှာ အလွန်အမင်း အံ့အားသင့် မှင်သက်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်လိုက်ကြ၏။
တပ်မှူးလေးထံတွင် နတ်ဘုရား လက်နက် တစ်ပါး ပိုင်ဆိုင်ထားခဲ့ခြင်းပင် ဖြစ်သည်။
ရှေးဦး ကမ္ဘာဦး သားရဲကြီးကဲ့သို့သော ကြောက်မက်ဖွယ် ဖြစ်တည်မှုကြီးနှင့် ရင်ဆိုင်နေရချိန်တွင်ပင် တပ်မှူးလေးက သူ၏ စစ်မှန်သော အင်အားများကို ဖုံးကွယ်ထားရဲခဲ့သေး၏။
ငွေရောင် ဓားရှည်ကြီးသည် တပ်မှူးလေး၏ ပတ်လည်တွင် လှည့်ပတ်ပျံသန်းနေပြီး ဓားပုံရိပ်ယောင် အများအပြားကို စုစည်းဖြစ်ပေါ်စေကာ ကာကွယ်ရေး စွမ်းအင်တစ်ခုအဖြစ် ဖန်တီးလိုက်သည်။ နတ်ဘုရား လက်နက်ကို ကိုင်ဆောင်လိုက်သည်နှင့် တစ်ပြိုင်နက် တပ်မှူးလေး၏ စွမ်းအားများမှာ အဆမတန် မြင့်တက်သွားတော့၏။
“ဝီ... ဝီ…”
ပင်လယ်ထဲမှ နဂါးတစ်ကောင် ရုတ်တရက် ထွက်ပေါ်လာသည့်အလား ပိုမို ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားကြီးများက တပ်မှူးလေး၏ ကိုယ်တွင်းမှ ပေါက်ကွဲထွက်လာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ အရှိန်အဝါက အဆပေါင်းများစွာ ကြီးမားလာခဲ့သည်။
“ဘုန်း... ဘုန်း...
“ဝီ... ဝီ…”
ညှာတာမှု ကင်းမဲ့စွာ ပစ်လွှတ်လိုက်သော သွေးရောင် အလင်းတန်း နှစ်ခုက တပ်မှူးလေးထံသို့ ပြင်းထန်စွာ ဝင်ရောက်ရိုက်ခတ်သွားပြီး ကမ္ဘာမြေကို တုန်လှုပ်စေသော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့၏။ ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းများက ရှောင်တိမ်းခြင်း အလျဉ်းမရှိသော တပ်မှူးလေးကို မျက်တောင်တစ်ခတ် အတွင်းမှာပင် ဝါးမြိုသွားတော့သည်။ သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေခြင်းပင် ဖြစ်ပေ၏။
စွမ်းအင်လှိုင်းလုံးကြီးများက အချိန်အတန်ကြာသည်အထိ ရိုက်ခတ်နေခဲ့ပြီး လုံးဝ ပျောက်ကွယ်သွားသည့် အခါမှသာ တပ်မှူးလေး၏ ပုံရိပ်က ဖုန်းဝူချန်နှင့် အခြားသူများ၏ အမြင်အာရုံထဲသို့ နောက်တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့သည်။ တပ်မှူးလေးမှာ ထိခိုက်ဒဏ်ရာ ရရှိထားခြင်း လုံးဝ မရှိဘဲ ရှေးဦး ကမ္ဘာဦး သားရဲကြီး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို အပြည့်အဝ ခံနိုင်ရည် ရှိခဲ့ခြင်း ဖြစ်သည်။
"အိုး... တကယ်ကို သာမန် မဟုတ်ဘူးပဲ"
အမှောင် မှော်/မိစ္ဆာ ကျားသစ်က အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်း၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင် နည်းနည်းလေးမျှ မရှိချေ။
"ရှေးဦး ကမ္ဘာဦး သားရဲကြီး"
တပ်မှူးလေးက အံကို တင်းတင်းကြိတ်ကာ ရေရွတ်လိုက်သည်။ သတ်ဖြတ်ချင်သော အရှိန်အဝါများက ကောင်းကင်ယံအထိ ထိုးတက်သွားပြီး သူ၏ ရက်စက်ကြမ်းကြုတ်သော အမူအရာက အမှောင် မှော်/မိစ္ဆာ ကျားသစ်အား အသေအကြေ တိုက်ခိုက်တော့မည့်အလား ဖြစ်နေတော့၏။
ယခုအခါ တပ်မှူးလေးသည် သူ၏ စွမ်းအား အားလုံးကို အပြည့်အဝ ထုတ်ဖော်လိုက်ပြီ ဖြစ်ရာ လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဓားအရှိန်အဝါကြီးက အသက်ရှူရပင် ကြပ်တည်းလာစေတော့သည်။
"မင်းရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို ထုတ်ပြလိုက်စမ်း... မင်းရဲ့ နတ်ဘုရား လက်နက်က ဘယ်လောက်တောင် အစွမ်းထက်လဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
အမှောင် မှော်/မိစ္ဆာ ကျားသစ်က မောက်မာစွာဖြင့် ဟိန်းဟောက်လိုက်၏။
တပ်မှူးလေး၏ အရှိန်အဝါများ အဆပေါင်းများစွာ မြင့်တက်လာခဲ့သော်လည်း ၎င်းက နည်းနည်းလေးမျှပင် မတုန်လှုပ်ခဲ့ချေ။
"ယင်ယန် ကိုယ်ဖော့ပညာ"
တပ်မှူးလေးက မိုးခြိမ်းသံပမာ အော်ဟစ်လိုက်ပြီး နတ်ဘုရား လက်နက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြိုင်ဘက်ကင်းသော အရှိန်အဝါများဖြင့် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
“ဝှစ်... ဝှစ်... ဝှစ်…”
တပ်မှူးလေး၏ ပုံရိပ်က လျှပ်တစ်ပြက် ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေပြီး အံ့မခန်း အမြန်နှုန်းဖြင့် ရွေ့လျားသွားခဲ့သည်။ စက္ကန့်ဝက်မျှပင် မကြာလိုက်သော အချိန်အတွင်းမှာပင် အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ နောက်ကျောဘက်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ နတ်ဘုရား လက်နက်ဖြင့် ရက်စက်ကြမ်းကြုတ်စွာ ခုတ်ချလိုက်တော့၏။
“ချွင်…”
“ဝီ... ဝီ…”
တပ်မှူးလေး၏ ဓားချက်က ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ သံမဏိချင်း ရိုက်ခတ်သံ ထွက်ပေါ်လာသည်နှင့်အတူ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများက ဟင်းလင်းပြင် တစ်ခုလုံးကို တုန်ခါသွားစေတော့၏။
သို့သော်လည်း ဓားချက် ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် တပ်မှူးလေး၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
"ဘာ"
တပ်မှူးလေးမှာ အလွန်အမင်း တုန်လှုပ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ လုံးဝ ဆွံ့အ မှင်သက်သွားရသည်။
"ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... နတ်ဘုရား လက်နက်နဲ့တောင် သူ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ဘူးလား"
တပ်မှူးလေး၏ ဓားချက်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ ခန္ဓာကိုယ်ပေါ်တွင် ပွန်းပဲ့ရာလေး တစ်ခုမျှပင် မဖြစ်စေခဲ့ချေ။ တပ်မှူးလေး ကိုင်ဆောင်ထားသည်မှာ နတ်ဘုရား လက်နက် တစ်ပါး ဖြစ်ပါ၏။ နတ်ဘုရား လက်နက်ကပင်လျှင် အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ အရေခွံကို မဖောက်ထွင်းနိုင်တော့ဘူးလား။
"အရမ်း... အရမ်းကို အစွမ်းထက်တာပဲ... နတ်ဘုရား လက်နက်တောင် အသုံးမဝင်ဘူးလား"
"ရှေးဦး ကမ္ဘာဦး သားရဲကြီးရဲ့ ရုပ်ခန္ဓာက အဲဒီလောက်တောင် မာကျောတာလား... နတ်ဘုရား လက်နက်နဲ့တောင် ခုတ်မပြတ်ဘူးပေါ့"
"ဒီလောက် ကြောက်စရာ ကောင်းတဲ့ အင်အားကြီးကို သားရဲကြီးက ဒီတိုင်း ရပ်ပြီး အခုတ်ခံလိုက်တာပဲ"
ယဲ့ထျန်းဝေနှင့် အခြားသူများမှာ နောက်တစ်ဖန် မှင်သက်သွားကြပြန်ပြီး သူတို့၏ ရင်ခုန်သံများမှာ ပြင်းထန်စွာ မြန်ဆန်နေတော့၏။
"သာမန် နတ်ဘုရား လက်နက်လေး တစ်ခုနဲ့များ ရှေးဦး ကမ္ဘာဦး သားရဲကြီးကို ဒဏ်ရာရအောင် လုပ်ချင်နေတာလား... အခြား သာမန် သားရဲတွေလို တို့ဖူးတုံးလေးတွေ မှတ်နေလား... အရူးကောင်"
လျိုချင်းယန်၏ ကိုယ်တွင်းမှ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံ၏ မထီမဲ့မြင် ပြုကာ မောက်မာလှသော အသံ ထွက်ပေါ်လာသည်။
"တို့ဖူး..."
လျိုချင်းယန်၏ မျက်နှာမှာ တောင့်တင်းသွားသည်။ မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက တိုက်ကြီးပေါ်ရှိ သားရဲများကို တို့ဖူးတုံးများနှင့်ပင် နှိုင်းယှဉ်လိုက်သေး၏။ နှိုင်းယှဉ်ချက်အရ ကြည့်မည်ဆိုပါက ရှေးဦး ကမ္ဘာဦး သားရဲကြီးများ၏ ရုပ်ခန္ဓာ ကြံ့ခိုင်မှုက မည်မျှ ကြောက်စရာ ကောင်းမည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။
“ချွင်... ချွင်... ချွင်…”
“ဝီ…”
ရှေးဦး ကမ္ဘာဦး သားရဲကြီးမှာ ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု တပ်မှူးလေး လုံးဝ မယုံကြည်နိုင်ချေ။ သူ၏ လက်ထဲရှိ နတ်ဘုရား ဓားရှည်က ရူးသွပ်စွာဖြင့် အဆက်မပြတ် တိုက်ခိုက်နေပြီး ကြေးနီနှင့် သံမဏိ တံတိုင်းကြီးပမာ မာကျောလှသော ကျားသစ်ကြီး၏ နောက်ကျောကို အားကုန် ခုတ်ပိုင်းနေတော့၏။ ကြောက်မက်ဖွယ် ဓားအရှိန်အဝါကြီးက ရပ်တန့်ခြင်း အလျဉ်းမရှိဘဲ လွှမ်းမိုးနေသည်။
လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ဓားအရှိန်အဝါကြီးက လေထုကိုပင် ကြေမွသွားစေသည့်အလား ဖြတ်သန်းသွားသော ဟင်းလင်းပြင် တစ်ခုလုံးကို လုံးဝ အနတ္တ အဖြစ်သို့ ပြောင်းလဲသွားစေတော့သည်။
'ဒါ... လုံးဝ မဖြစ်နိုင်ဘူး'
တပ်မှူးလေး တိုက်ခိုက်လေလေ ပို၍ အံ့အားသင့် ထိတ်လန့်လာလေလေ ပင်ဖြစ်၏။
သူ၏ ဓားကွက်များက မည်မျှပင် ရက်စက်ကြမ်းကြုတ်နေပါစေ အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ အရေပြားကို နည်းနည်းလေးမျှပင် မဖောက်ထွင်းနိုင်ခဲ့ချေ။ အနက်ရောင် အမွေးအမှင် အချို့ကိုသာ ဖြတ်တောက်နိုင်ခဲ့၏။
နှစ်မိနစ်ခန့် အဆက်မပြတ် တိုက်ခိုက်ပြီးနောက်တွင်တော့ တပ်မှူးလေးမှာ စွမ်းအင်များ ခမ်းခြောက်သွားပြီး လုံးဝ အရှုံးပေးလိုက်ရတော့၏။
"မင်းက ရှေးဦး ကမ္ဘာဦး သားရဲကြီး တစ်ကောင်ရဲ့ ရုပ်ခန္ဓာကို အရမ်း အထင်သေးနေတာပဲ... ဒီလောက် နတ်ဘုရား လက်နက် သေးသေးလေး တစ်ခုနဲ့များ ငါ့ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်နေလား"
အမှောင် မှော်/မိစ္ဆာ ကျားသစ်က မောက်မာစွာ ကြွားလုံးထုတ်လိုက်သည်။
ရှောင်တိမ်းရန် မဆိုထားနှင့် စွမ်းအင်များ ထုတ်ဖော်၍ ခုခံရန်ပင် မကြိုးစားခဲ့ဘဲ ၎င်း၏ မာကျောလှသော ရုပ်ခန္ဓာ သက်သက်ဖြင့်သာ တပ်မှူးလေး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုများကို ရပ်တန့် ခံယူနေခဲ့ခြင်း ဖြစ်သည်။
"..."
တပ်မှူးလေးမှာ အလွန်အမင်း တုန်လှုပ်သွားပြီး သူ၏ မျက်နှာအမူအရာမှာ တောင့်တင်းနေတော့၏။
နတ်ဘုရား လက်နက်ကို ကိုင်ဆောင်ထားခြင်းဖြင့် ရှေးဦး ကမ္ဘာဦး သားရဲကြီးကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့မိသည်။ သို့သော် ယခုအချိန်တွင်မူ သူက အလွန်တရာ ရိုးအလွန်းပြီး သူ၏ ကိုယ်ပိုင် စွမ်းအားကို အရမ်း အထင်ကြီးနေခဲ့မိမှန်း သိသာ ထင်ရှားသွားခဲ့လေပြီ။
ရှေးဦး ကမ္ဘာဦး သားရဲကြီး၏ ကြောက်မက်ဖွယ် အစွမ်းက တပ်မှူးလေး၏ စိတ်ကူးယဉ် ခန့်မှန်းမှု အားလုံးထက် ကျော်လွန်နေခဲ့သည်။
ထိုအခိုက်အတန့်တွင် တပ်မှူးလေး၏ ရင်ထဲ၌ ကူကယ်ရာမဲ့မှုများကို နက်ရှိုင်းစွာ ခံစားလိုက်ရတော့၏။ ဤခံစားချက်မျိုးကို မခံစားရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေခဲ့ပြီ ဖြစ်ပြီး လုံကျန့်နှင့် ရင်ဆိုင်ခဲ့ရစဉ်ကပင် ဤမျှလောက် မခံစားခဲ့ရချေ။
ဤကူကယ်ရာမဲ့မှုက တပ်မှူးလေးအား သူသည် ဤလောကတွင် အားအနည်းဆုံး လူတစ်ယောက်ပမာ အလွန်တရာ သေးသိမ်သွားသကဲ့သို့ ခံစားရစေတော့သည်။
ဤခံစားချက်က အလွန်တရာ ကြောက်စရာ ကောင်းလှသည်။ အကယ်၍ ဤခံစားချက်ကိုသာ မကျော်လွှားနိုင်ပါက သူသည် တစ်သက်လုံး ဤကူကယ်ရာမဲ့မှု၏ အရိပ်အောက်တွင်သာ ရှင်သန်သွားရနိုင်ပေ၏။
အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ တည်ရှိနေမှုက တပ်မှူးလေး၏ နှလုံးသားထဲတွင် ဖျောက်ဖျက်၍ မရနိုင်သော မည်းမှောင်သည့် အရိပ်မည်းကြီး တစ်ခုအဖြစ် ယုံမှားသံသယဖြစ်ဖွယ်မရှိ အမြစ်တွယ်သွားခဲ့ပြီ ဖြစ်သည်။
“ဝှစ်…”
“ဘုန်း…”
တပ်မှူးလေးမှာ ကြောက်ရွံ့မှုများဖြင့် မှင်သက်နေစဉ်မှာပင် အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ အမြီးကြီးက ရက်စက်ကြမ်းကြုတ်စွာ ရမ်းရိုက်လိုက်ရာ တုံးတိတိ ပေါက်ကွဲသံနှင့်အတူ တပ်မှူးလေးမှာ နောက်ဘက်သို့ လွင့်စင်ထွက်သွားတော့၏။
'ရှေးဦး ကမ္ဘာဦး သားရဲကြီး ဆိုတာ တကယ်ပဲ ဒီလောက်တောင် ကြောက်စရာ ကောင်းတာလား... ငါ့ရဲ့ ကျင့်ကြံခြင်း စွမ်းအားတွေနဲ့တောင် နည်းနည်းလေးမှ ပြန်မခုခံနိုင်ဘူး'
တပ်မှူးလေးမှာ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေဆဲပင်။ ရှေးဦး ကမ္ဘာဦး သားရဲကြီးနှင့် ရင်ဆိုင်ရချိန်တွင် တပ်မှူးလေးမှာ အရှက်တကွဲ အကျိုးနည်း အရှုံးပေးလိုက်ရပြီ ဖြစ်သည်။
“ဘုန်း... ဘုန်း... ဘုန်း…”
အမှောင် မှော်/မိစ္ဆာ ကျားသစ်ကြီးက ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ ထပ်မံ ပြေးဝင်သွားခဲ့သည်။ ၎င်း၏ သွေးရောင် မျက်လုံးကြီးများက တပ်မှူးလေးထံသို့ စူးစိုက်သွားပြီး အလွန်တရာ ထက်မြက်လှသော ခြေသည်းကြီးများဖြင့် ညှာတာမှု ကင်းမဲ့စွာ ဆုတ်ဖြဲလိုက်တော့၏။
“ဘုန်း…”
“ဖူး…”
လေထဲတွင် လွင့်စင်နေဆဲ ဖြစ်သော တပ်မှူးလေးမှာ အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ ခြေသည်း ရိုက်ချက်ကို ပြင်းထန်စွာ ခံလိုက်ရပြီး ပေါက်ကွဲသံ ထွက်ပေါ်လာကာ သွေးများကို တဝေါဝေါ အန်ထုတ်လိုက်ရသည်။ သူ၏ နက်နဲလှသော ကျင့်ကြံခြင်း စွမ်းအားများက အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ ရှေးဦး ကမ္ဘာဦး အင်အားများကို လုံးဝ ခုခံနိုင်စွမ်း မရှိခဲ့ချေ။
ခြေသည်း တစ်ချက်တည်းကပင် တစ်ချိန်က အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပါသည်ဟု သတ်မှတ်ခံထားရသော တပ်မှူးလေးအား ပြင်းထန်ဆိုးရွားစွာ ဒဏ်ရာရရှိသွားစေခဲ့ပြီ ဖြစ်ပေ၏။
"ဂလု..."
ကျန်းကျွင့်လန်နှင့် အခြားသူများမှာ ထိတ်လန့်တကြား ကြည့်နေရင်း ကြောက်ရွံ့စွာဖြင့် တံတွေးများကို ဝါးမြိုလိုက်ကြပြီး သူတို့၏ မျက်နှာများမှာ ကြောက်လန့်လွန်းသဖြင့် ဖြူဖပ်ဖြူရော် ဖြစ်နေကြသည်။
"တော်လောက်ပြီ"
အမှောင် မှော်/မိစ္ဆာ ကျားသစ်က နောက်တစ်ကြိမ် ပြေးဝင်သွားပြီး အေးစက်စက် ပြောလိုက်သည်။
ထက်မြက်လှသော ခြေသည်းကြီးများက ဒဏ်ရာအပြင်းအထန် ရရှိနေသော တပ်မှူးလေးဆီသို့ တည့်တည့်မတ်မတ် ဦးတည်နေတော့၏။ ထိုကြောက်မက်ဖွယ် စွမ်းအားကြီးက တပ်မှူးလေးအား ခြေသည်း တစ်ချက်တည်းဖြင့် တစ်စစီ ဆုတ်ဖြဲပစ်နိုင်စွမ်း ရှိသည်။
"နေဦး... ကျားသစ်ကြီး"
အမှောင် မှော်/မိစ္ဆာ ကျားသစ်၏ အသက်လု တိုက်ခိုက်မှုကြီး ကျရောက်တော့မည့် အခိုက်အတန့်တွင် ဖုန်းဝူချန်၏ ကျယ်လောင်သော အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုအသံကြောင့် အမှောင် မှော်/မိစ္ဆာ ကျားသစ်က တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ပြီး ၎င်း၏ အကြည့်များကို ဖုန်းဝူချန်ထံသို့ လှည့်ကာ မေးလိုက်၏။
"ကောင်လေး... ဘာဖြစ်ပြန်ပြီလဲ"
ဖုန်းဝူချန်က အနီးသို့ ပျံသန်းလာပြီး ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ဟိုတစ်ယောက်က မင်းရဲ့ လက်ချက်နဲ့ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတော့ သေလား ရှင်လားတောင် မသိရတော့ဘူး... သူ့ကိုတော့ အသက်ရှင်လျက် ထားမှ ရမယ်... တပ်မှူးလေးက စောစောက လူထက် ပိုသိတယ်... ပြီးတော့ သူသိထားတာတွေက အများကြီး ပိုအရေးကြီးနိုင်တယ်"
"မင်း သဘောပဲလေ"
အမှောင် မှော်/မိစ္ဆာ ကျားသစ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်ပြီး လျိုချင်းယန်အား တစ်ချက် လှမ်းကြည့်လိုက်ကာ ကိုးထပ် ချန်ခွင်း မျှော်စင် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားတော့၏။
"ဟွန့်... ဘာလာကြည့်တာလဲ... ချချင်လို့လား... လာခဲ့လေကွာ"
လျိုချင်းယန်၏ ကိုယ်တွင်းမှ ဒေါသကြီးသော မျက်လုံးသုံးလုံး မိစ္ဆာမျောက်ဝံက ဟိန်းဟောက်လိုက်လေတော့သည်။
--