အခန်း ၈၁၉
Vol. 55 Ch. 819
အခန်း (၈၁၉) - အခင်းအကျင်းကို ချိုးဖျက်မည့် နည်းလမ်း
ဧရာမ တိုက်ပွဲကြီး အပြီးတွင်တော့ ရှုမီချောက်ကမ်းပါးကြီးမှာ မူလအသွင်အပြင် လုံးဝပျောက်ကွယ်သွားခဲ့ပြီ။
ရှေးဟောင်း တောင်တန်းကြီးများနှင့် ခမ်းနားထည်ဝါလှသော တောင်ထွတ်ကြီးများ အားလုံးမှာ မြေပြင်နှင့် တစ်သားတည်း ကြေမွသွားခဲ့၏။
ရှုမီချောက်ကမ်းပါး၏ အနက်ရှိုင်းဆုံး အပိုင်းတွင် သဲဝါများသာ ဖုံးလွှမ်းကျန်ရစ်ခဲ့ပြီး အစွန်အဖျား နယ်မြေများပင်လျှင် ဖရိုဖရဲ အခြေအနေသို့ ရောက်ရှိနေသဖြင့် ချောက်ကမ်းပါးအတွင်းရှိ ကောင်းကင်နှင့် မြေကြီး ရတနာများအတွက် အလွန်တရာ နှမြောတသဖွယ် ကောင်းလှတော့သည်။
ဖုန်းဝူချန်က ဒဏ်ရာအပြင်းအထန် ရရှိနေသော တပ်မှူးလေးအား တစ်ချက်စိုက်ကြည့်လိုက်ပြီးနောက် ထိုပျက်စီးယိုယွင်းနေသော မြေပြင်ပေါ်သို့ အတူတကွ ဆင်းသက်လာခဲ့၏။
တပ်မှူးလေး၏ ဒဏ်ရာများမှာ အလွန်တရာ ဆိုးရွားပြင်းထန်လွန်းလှရာ ထွက်ပြေးလွတ်မြောက်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
“နန်းကုန်းကျန့်နဲ့ ပိုင်မိ.. ဟိုကောင် သေမသေ သွားကြည့်ပါ”
ဖုန်းဝူချန်က အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ နန်းတော်သခင်”
သူတို့နှစ်ဦးက ချက်ချင်းပင် ပျံသန်းထွက်ခွာသွားကြပြီး ဒဏ်ရာများ အခုမှစတင် သက်သာလာသည် ဆိုသော်ငြား ယင်ယန်ရှီဖုန်း တစ်ယောက် ပြန်လည် ထမတ်တပ်ရပ်နိုင်စွမ်း ရှိမည်ကို သူတို့ နည်းနည်းလေးမျှ စိုးရိမ်မနေခဲ့ကြချေ။
အမှောင် မှော်/မိစ္ဆာ ကျားသစ်ကြီး ကိုယ်တိုင် ဝင်ရောက် တိုက်ခိုက်ခဲ့သည်ဖြစ်ရာ ယင်ယန်ရှီဖုန်း အသက်မသေလျှင်တောင်မှ သေချာပေါက် ဒုက္ခိတ ဘဝသို့ ရောက်ရှိသွားမည်သာ။
မြေပြင်ပေါ်တွင်တော့ ဖုန်းဝူချန်က တပ်မှူးလေးအား စိုက်ကြည့်နေပြီး သူ၏ နှုတ်ခမ်းထောင့်များက မထီမဲ့မြင်နှင့် ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားတော့သည်။
“ငါ့ကိုသာ သတ်လိုက်ပါ... ငါ့ဆီကနေ မင်း ဘာမှရမှာ မဟုတ်ဘူး”
ဖုန်းဝူချန်၏ ရက်စက်သော အပြုံးကို အာရုံခံမိလိုက်သည့် တပ်မှူးလေးက အေးစက်စက် တုံ့ပြန်လိုက်ပြီး မည်သို့မှ မလွတ်မြောက်နိုင်တော့မှန်း သိနေသော်လည်း သူ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင် လုံးဝ မရှိပေ။
“ယင်ယန် မိသားစုရဲ့ တပ်မှူးလေး တစ်ယောက်အနေနဲ့ မင်း အများကြီး သိထားမှာ သေချာတယ်... မင်း မပြောချင်ဘူးဆိုရင်လည်း မင်းပါးစပ်ကို အတင်းဟခိုင်းမယ့် နည်းလမ်းတွေ ငါ့ဆီမှာ ရှိတယ်”
ထိုစကားကြောင့် ဖုန်းဝူချန်က ခပ်ဟဟ ရယ်ရင်း ခြိမ်းခြောက်လိုက်၏။
“မင်းရဲ့ မျှော်စင်ထဲမှာ ရှေးဦး ကမ္ဘာဦး သားရဲကြီး ဘာလို့ ရှိနေရတာလဲ”
တပ်မှူးလေးက သိချင်စိတ် ပြင်းပြစွာဖြင့် မေးခွန်းထုတ်လိုက်သည်။ နဂါးမျိုးနွယ်စု သွေးမျိုးဆက် ပိုင်ဆိုင်ထားသော လူသားတစ်ယောက်အနေဖြင့် ကြောက်မက်ဖွယ် ရှေးဦး ကမ္ဘာဦး သားရဲကြီးကို ပိတ်လှောင်ထားသည့် ဤမျှ အစွမ်းထက်သော မှော်လက်နက်ကြီးကို မည်သို့ ရရှိခဲ့သနည်း ဆိုသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ် ကောင်းလှ၏။
အကယ်၍ သူ့ထံတွင်သာ ရှေးဦး ကမ္ဘာဦး သားရဲကြီး ရှိနေခဲ့ပါက ယခင်ကတည်းက အဘယ်ကြောင့် ဆင့်ခေါ် အသုံးမပြုခဲ့သနည်း။
“မင်း သိချင်တယ်ဆိုရင် ငါနဲ့ သေသေချာချာ ပူးပေါင်းလေ”
ဖုန်းဝူချန်က အပြုံးလေးဖြင့် တုံ့ပြန်လိုက်ပြီး မေးခွန်းထုတ်ရန် အလျင်မလိုဘဲ သူ၏ ဒဏ်ရာများကို အရင်ဆုံး ကုသရန်သာ အာရုံစိုက်လိုက်တော့သည်။
ထိုစဉ် နန်းကုန်းကျန့်နှင့် ပိုင်မိတို့ နှစ်ဦးက ယင်ယန်ရှီဖုန်း၏ ရုပ်အလောင်းကို သယ်ဆောင်လျက် ပြန်လည် ရောက်ရှိလာကြ၏။
“နန်းတော်သခင်... ဒီကောင် သေသွားပြီ”
နန်းကုန်းကျန့်က ရုပ်အလောင်းကို မြေပြင်ပေါ်သို့ ပစ်ချရင်း အစီရင်ခံလိုက်သည်။
"ဝုန်း" ခနဲ မြည်သံနှင့်အတူ ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ အနက်ရောင် မီးတောက်တစ်ခု လွင့်စင်ထွက်သွားပြီး ယင်ယန်ရှီဖုန်း၏ ရုပ်အလောင်းကို မျက်တောင်တစ်ခတ် အတွင်းမှာပင် ပြာကျသွားစေတော့သည်။
“ဖုန်းဝူချန်... ယင်ယန် မိသားစုဝင် တစ်ယောက်ကို သတ်လိုက်တဲ့ အကျိုးဆက်က ဘာလဲဆိုတာ မင်း သိလား”
တပ်မှူးလေးက အေးစက်စွာ မေးလိုက်ရာ သူ၏ ဖြူဖပ်ဖြူရော် မျက်နှာမှာ ရက်စက်ကြမ်းကြုတ်စွာ တွန့်လိမ်နေတော့၏။
“ငါတို့ကို မျိုးဖြုတ်သတ်ပစ်ဖို့ပဲ မဟုတ်လား”
ဖုန်းဝူချန်က ပခုံးတွန့်ပြရင်း နည်းနည်းလေးမျှ စိုးရိမ်မနေဘဲ ဆက်လက် ကြွေးကြော်လိုက်သည်။
“အရင်က နဂါးနတ်ဘုရား နန်းတော်က မင်းတို့ ယင်ယန် မိသားစုကို ကြောက်ချင် ကြောက်ခဲ့လိမ့်မယ်... ဒါပေမဲ့ အခုတော့ မင်းတို့ မိသားစု စမ်းကြည့်ချင်ရင် စမ်းကြည့်လို့ ရပြီ”
“ရှေးဦး ကမ္ဘာဦး သားရဲကြီး အကူအညီ ပါရုံနဲ့ ယင်ယန် မိသားစုက မင်းကို ဒုက္ခမပေးနိုင်ဘူးလို့ မထင်နဲ့... အနှေးနဲ့အမြန် ငါတို့က မင်းရဲ့ နဂါးနတ်ဘုရား နန်းတော်ကို အမြစ်ပြတ် ချေမှုန်းပစ်မယ်”
တပ်မှူးလေးက ဒေါသတကြီး ကြိမ်းဝါးလိုက်၏။
“မင်းတို့မှာ စွမ်းဆောင်နိုင်ရည် ရှိတယ်ဆိုရင်လည်း လာခဲ့လေ... မင်းတို့ ခြောက်တိုင်း ကြောက်ရရင် ငါက ဖုန်းဝူချန် မဟုတ် းတော့ဘူး”
ဖုန်းဝူချန်က နောက်တစ်ကြိမ် ပခုံးတွန့်ပြရင်း ခပ်အေးအေးပင် တုံ့ပြန်လိုက်သည်။
အန္တရာယ် အားလုံး ကင်းရှင်းသွားပြီ ဖြစ်ရာ ဖုန်းဝူချန်က တပ်မှူးလေးအား ဆက်လက် အာရုံမစိုက်တော့ဘဲ သူ၏ အဖွဲ့သားများနှင့်အတူ ဒဏ်ရာများကိုသာ ဆက်လက် ကုသနေတော့၏။
အထွတ်အထိပ် အခြေအနေသို့ ပြန်လည် ရောက်ရှိခြင်းကသာလျှင် သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် အကောင်းဆုံး အာမခံချက်ပင်။
(၃) ရက်တာ အချိန်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့ပြီးနောက် ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများ အားလုံး အပြည့်အဝ နာလန်ထူလာခဲ့ကြကာ တစ်ယောက်ချင်းစီတိုင်းထံမှ အသက်စွမ်းအင်များ အပြည့်အဝ လျှံကျနေတော့သည်။
ရှုမီချောက်ကမ်းပါးကြီးမှာ မှတ်မိစရာမရှိအောင် ပျက်စီးသွားပြီး အန္တရာယ်များလည်း ကင်းရှင်းသွားခဲ့လေပြီ။ မြောက်ဘက် ဆန်းကြယ် နယ်မြေ၏ တားမြစ်နယ်မြေ ဆိုသည်မှာ ယခုအခါ လုံးဝ မရှိတော့ချေ။
“မပင်ပန်းခံနေစမ်းပါနဲ့... မင်းရဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးလုံး အကူအညီလည်း မပါဘဲနဲ့ အပြည့်အဝ ပြန်ကောင်းလာဖို့ ဆိုတာ အနည်းဆုံး နှစ်ဝက်လောက် အချိန်ယူရမှာပဲ”
မိမိ၏ ဒဏ်ရာများကို ကြိတ်မှိတ် ကုသနေသော တပ်မှူးလေးထံသို့ အကြည့်ပို့ကာ ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။
ကုသနေစဉ် အတောအတွင်း ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများက သတိကြီးစွာ ထားနေခဲ့ကြသဖြင့် တပ်မှူးလေးမှာ အနာကျက်ဆေးလုံး ဝါးမြိုရန် အခွင့်အရေး လုံးဝ မရခဲ့ခြင်းပင်။
တပ်မှူးလေးက ကုသခြင်းကို ရပ်တန့်လိုက်ပြီး ဘာစကားမှ မဆိုတော့ဘဲ ဖုန်းဝူချန်အား အေးစက်စက်သာ စိုက်ကြည့်နေတော့သည်။
“ရှေးဦး ကမ္ဘာဦး သားရဲကြီး မင်းကို သတ်မယ့်ဆဲဆဲမှာ ငါတားလိုက်တာက မင်းကို ကယ်ချင်လို့ မဟုတ်ဘူး... မင်းသာ ငါနဲ့ မပူးပေါင်းဘူးဆိုရင် အချိန်မရွေး ငါက မင်းကို ပြန်သတ်ပစ်မှာပဲ... အဲဒီကျရင် ယင်ယန် မိသားစုက ထိပ်သီး ပညာရှင် တစ်ယောက် ဆုံးရှုံးသွားသလို ငါတို့ဘက်ကလည်း အစွမ်းထက်တဲ့ ရန်သူ တစ်ယောက် လျော့သွားတာပေါ့... ပူးပေါင်းမလား မပူးပေါင်းဘူးလား ဆိုတာ မင်းဘာသာ ရွေးချယ်နိုင်တယ်”
ဖုန်းဝူချန်က အေးစက်ခက်ထန်စွာ ရှင်းပြလိုက်၏။
“ပြီးခဲ့တဲ့အကြိမ်တုန်းက နဂါးနတ်ဘုရား နန်းတော်ကြီး မင်းလက်ချက်နဲ့ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရတာကို ငါ အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်... မင်းကို အချိန် တစ်နာရီ ပေးမယ်... အဲဒီအချိန်ကျော်လို့မှ မပူးပေါင်းဘူး ဆိုရင်တော့ မင်းကို သွားလမ်းဖြောင့်အောင် ငါကိုယ်တိုင် ပို့ပေးမယ်... ငါ့စကားကို လုံးဝ သံသယ မဝင်နဲ့”
ဖုန်းဝူချန်က လက်ညှိုးထိုးကာ ပြတ်သားစွာ ဆက်လက် ခြိမ်းခြောက်လိုက်သည်။
“ငါလည်း ရှေးဦး ကမ္ဘာဦး ပိတ်လှောင်ခြင်း အခင်းအကျင်းကို မချိုးဖျက်နိုင်ဘူး”
တပ်မှူးလေးက အေးစက်စက် တုံ့ပြန်လိုက်၏။
“မင်း မလုပ်နိုင်ဘူး ဆိုတာ ငါသိတယ်... ဒါပေမဲ့ မင်းတို့ ယင်ယန် မိသားစုရဲ့ ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ သတင်းစကား ရှိနေမှတော့ အဲဒါကို ဖော်ထုတ်နိုင်မယ့် နည်းလမ်း သေချာပေါက် ရှိရမှာပေါ့... မဟုတ်ရင် မင်းတို့က ဘာလို့ လိုက်ရှာနေဦးမလဲ... ပိတ်လှောင်မှုကို ချိုးဖျက်မယ့် နည်းလမ်းကိုသာ ပြောပြ... မင်းအသက်ကို ငါ ချမ်းသာပေးမယ်”
ဖုန်းဝူချန်က အေးစက်သော အပြုံးလေးဖြင့် တောင်းဆိုလိုက်သည်။
စကားပြောနေရင်းပင် ဖုန်းဝူချန်က ရှေးဟောင်း စာလိပ်ကြီးကို ထပ်မံ ထုတ်ယူလိုက်ပြီး ဖျက်ဆီးခြင်း စွမ်းအားများကို အတွင်းသို့ စီးဆင်းဝင်ရောက်စေလိုက်၏။
စာလိပ်ကြီးက ရွှေရောင် အလင်းတန်းများ တောက်ပလာကာ လေထဲတွင် လွင့်မျောသွားပြီး မကြာမီမှာပင် ကြောက်မက်ဖွယ် ကောင်းလှသော ဧရာမ အခင်းအကျင်းကြီးကို နောက်တစ်ကြိမ် ထပ်မံ ပုံဖော်ပေးလိုက်တော့သည်။
“မင်းအတွက် အချိန် သိပ်မကျန်တော့ဘူး... သေသေချာချာ စဉ်းစား”
ဖုန်းဝူချန်က သရော်လိုက်ပြီး တပ်မှူးလေး၏ နှုတ်ဆိတ်နေမှုကို နည်းနည်းလေးမျှ ဂရုမစိုက်သည့်ဟန် ပေါ်နေသည်။
“ငါက မင်းကို ဘာလို့ ယုံရမှာလဲ”
တပ်မှူးလေးက မေးခွန်းထုတ်လိုက်သည်။ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်း လမ်းဆုံလမ်းခွသို့ ရောက်ရှိနေချိန်တွင် သဘာဝကျကျပင် သူက အသက်ရှင်ရန်သာ ရွေးချယ်မည် ဖြစ်၏။ အနည်းဆုံး အသက်ရှင်နေသရွေ့ အာဏာ ပြန်လည် ရယူနိုင်ရန် အခွင့်အရေး ရှိနေသေးသည် မဟုတ်ပါလော။
“ဘာလို့လဲဆိုတော့ အခု မင်းအသက်က ငါ့လက်ထဲမှာ ရှိနေလို့ပဲ... အဲဒါ မင်းအတွက် လုံလောက်ပြီလား”
ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။
“မင်း...”
တပ်မှူးလေးမှာ အလွန်အမင်း ဒေါသထွက်သွားပြီး ပြင်းပြင်းထန်ထန် အသက်ရှူနေရတော့၏။
“တပ်မှူးလေး... မင်းက ငါတို့နဲ့ စည်းကမ်းချက်တွေ ညှိနှိုင်းရမယ့် အနေအထားမှာ မရှိဘူး... ငါတို့ကို ယုံကြည်တာ မယုံကြည်တာက မင်း လောင်းကြေးထပ်ရဲလား ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်”
လျိုချင်းယန်ကလည်း ဝင်ရောက် သရော်လိုက်သည်။
တပ်မှူးလေး၏ မျက်နှာမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တွန့်လိမ် ရှုံ့မဲ့သွားပြီး ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများကို အစိမ်းလိုက် ဝါးစားပစ်ချင်နေသည့်အလား ဒေါသထွက်နေတော့သည်။
တပ်မှူးလေးက အရူးတစ်ယောက် မဟုတ်ပေ။ အမြဲတမ်း ခြိမ်းခြောက်မှု ဖြစ်စေနိုင်သော အစွမ်းထက် ရန်သူ တစ်ယောက်ကို ဖုန်းဝူချန်က အလွယ်တကူ လွှတ်ပေးလိုက်မည် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သည့် ကိစ္စပင်။
သို့သော်ငြား တပ်မှူးလေးအတွက် အခြား ရွေးချယ်စရာ လုံးဝ မရှိတော့ချေ။ ပူးပေါင်းမည်လား သို့မဟုတ် သေမလား ဆိုသည့် လမ်းနှစ်သွယ်သာ ရှိတော့၏။
သူ၏ ရင်တွင်း၌ အချိန်အတန်ကြာ လွန်ဆွဲပြီးနောက် နောက်ဆုံးတွင်တော့ တပ်မှူးလေးက ပူးပေါင်းရန်သာ ရွေးချယ်လိုက်ရတော့သည်။
တောင်တန်းစိမ်းများ ရှိနေသရွေ့ ထင်းအတွက် ပူပန်စရာ မလိုဆိုသည့် စကားအတိုင်း အသက်ရှင်နေသရွေ့ အခွင့်အရေး ရှိနေသေး၏။ ထို့အပြင် ဖုန်းဝူချန်ထံတွင် ရှေးဦး ကမ္ဘာဦး စွမ်းအား ရှိနေပေရာ စာလိပ်ကို အမှန်တကယ် အသက်သွင်းနိုင်စွမ်း ရှိသည်။ အခြား တစ်ဖက်မှ တွေးကြည့်မည် ဆိုပါက ဤသည်မှာ ပူးပေါင်းခြင်း တစ်ခုတည်း မဟုတ်ဘဲ တပ်မှူးလေး အတွက်လည်း အကျိုးအမြတ် ရှိစေနိုင်ပေ၏။
“ရှေးဟောင်း ပိတ်လှောင်ခြင်းကို ချိုးဖျက်ဖို့က မင်းဆီမှာ ရှိနေတဲ့ ရှေးဦး ကမ္ဘာဦး စွမ်းအား လိုအပ်တယ်... အခင်းအကျင်းပေါ်က ပိတ်လှောင်ထားတဲ့ မှော်စာလုံးတွေကို ဖျက်ဆီးပစ်လိုက်ရုံနဲ့ ပိတ်လှောင်မှုက အလိုလို ပွင့်သွားလိမ့်မယ်”
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တပ်မှူးလေးက နောက်ဆုံးတွင် ဖွင့်ဟ ပြောဆိုလိုက်သည်။
“ပိတ်လှောင်ထားတဲ့ မှော်စာလုံးတွေကို ဖျက်ဆီးရမယ်... တိတိကျကျ ဘယ်လို လုပ်ရမှာလဲ”
ဖုန်းဝူချန်က လိမ်ညာနေခြင်း ရှိမရှိ အကဲခတ်ရန် တပ်မှူးလေးအား စူးစူးရဲရဲ စိုက်ကြည့်ရင်း ထပ်မံ ဖိအားပေး မေးလိုက်၏။
“ရှေးဦး စက်ကွင်းလက်နက်... အဲဒါက မင်းဆီမှာ ရှိနေတာပဲ... ရှေးဦး စက်ကွင်းလက်နက်ထဲကို ရှေးဦး ကမ္ဘာဦး စွမ်းအား ထည့်သွင်းလိုက်တာနဲ့ မင်း ပိတ်လှောင်မှုကို ချိုးဖျက်နိုင်လိမ့်မယ်”
တပ်မှူးလေးက ပြန်လည် ဖြေကြားလိုက်သည်။
“ရှေးဦး စက်ကွင်းလက်နက်လား”
ဖုန်းဝူချန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး သူ၏ အကြည့်များက ကောင်းကင်ယံရှိ မြင့်မားသော အခင်းအကျင်းပေါ်မှ မှော်စာလုံးများဆီသို့ အလိုအလျောက် ရောက်ရှိသွားတော့၏။
သူ၏ စိတ်ထဲတွင် ရှေးဦး စက်ကွင်းလက်နက်ပေါ်ရှိ မှော်စာလုံးများ အကြောင်းကို တွေးတောနေမိပြီး တပ်မှူးလေး၏ စကားများနှင့် ဆက်စပ် ကြည့်လိုက်သောအခါ အမှန်တကယ်ပင် အဓိပ္ပာယ် ရှိနေကြောင်းကို သတိပြုမိသွားသည်။
“ဒီလောက်တောင် လွယ်သလား”
ကျန်းကျွင့်လန်က တပ်မှူးလေး၏ မျက်လုံးများကို စိုက်ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
“ယုံတာ မယုံတာက မင်းတို့ အပိုင်းပဲ... ငါပြောသင့်တာတွေ အကုန် ပြောပြီးပြီ”
တပ်မှူးလေးက အံကို တင်းတင်းကြိတ်ကာ ပြန်ပြောလိုက်သည်။ လူငယ် တစ်စု၏ ခြိမ်းခြောက်မှုများကို ခံနေရသဖြင့် သူ အလွန်အမင်း စော်ကားခံရသကဲ့သို့ ခံစားနေရပြီး ဒေါသမီးများ တဟုန်းဟုန်း တောက်လောင်နေခဲ့ပြီ ဖြစ်၏။
“အစ်ကိုဖုန်း... သူပြောတာကို ယုံလို့ ရပါ့မလားဟင်”
မြောင်ချင်းချင်းက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
“အစ်ကိုဖုန်း... အချိန်စွမ်းအား တစ်ခုတည်းကပဲ ရှေးဦး စက်ကွင်းလက်နက်ကို အသက်သွင်းနိုင်တယ်လို့ သူတို့ ပြောခဲ့တယ် မဟုတ်လား... အခြား ရှေးဦး ကမ္ဘာဦး စွမ်းအားတွေက အသုံးမဝင်ဘူးမလား”
လျိုချင်းယန်ကလည်း တပ်မှူးလေး၏ စကားများကို သံသယဝင်စွာဖြင့် ဝင်ရောက် ထောက်ပြလိုက်တော့သည်။
--